ကလေးက သူစိမ်းကြောက် တော့ ကောင်းတာပေါ့။ လူတကာခေါ်တိုင်းလိုက်နေရင် ကလေးပျောက်သွားမှာပေါ့လို့ တွေးနေတဲ့ မိဘတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ကလေးက ကြီးလာလေလေ မိဘအပြင် တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံရမှာပါ။ ဒီအချိန်ထိ လူစိမ်းကြောက်နေရင် ကလေးက ပတ်ဝန်းကျင်မှာ ဝင်ဆန့်ဖို့ ခက်ခဲနေမှာပါ။
တချို့ကလေးတွေကျတော့ သူစိမ်းနဲ့ တွေ့တဲ့အခါ (ဥပမာ အနေဝေးတဲ့ အမျိုးတွေ၊ မိဘတွေရဲ့ မိတ်ဆွေတွေနဲ့) လွန်လွန်ကဲကဲ အော်ဟစ်ငိုယိုတာ၊ သောင်းကျန်းတာတွေ လုပ်တတ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ မူကြိုထားရင် အဆင်ပြေပါ့မလားဆိုပြီး စိုးရိမ်နေကြတဲ့ မေမေတွေလည်း ရှိမှာပါ။
ဒီတော့ သူစိမ်းကြောက်တဲ့ ကလေးကို ဘယ်လိုထိန်းကျောင်းရင် ကောင်းမလဲ။
ကလေးတွေ သူစိမ်းကြောက် တတ်တာ ပုံမှန်လား။
ဒါက ကလေးတွေရဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။
ပြောရမယ်ဆိုရင် ကောင်းတဲ့အချက်ပါ။ ကလေးက သူ့ပတ်ဝန်းကျင်က သူ့ကို ထိန်းကျောင်းတဲ့သူတွေကို ချစ်လို့ တခြားသူတွေ အထိမခံတာ၊ ချီရင် ငိုတာပဲ ဖြစ်ပါတယ်။ ကလေးစိတ်ထဲမှာ ထင်တာက သူစိမ်းဆီရောက်သွားရင် သူချစ်တဲ့ သူတွေက ပျောက်သွားမှာ၊ ထပ်မတွေ့ရဘူးလို့ ထင်နေတာကြောင့်ပါ။
(ဒါကြောင့် ကလေးတွေကို ‘တူတူရေ ဝါး’ ဆော့ပေးဖို့ လိုပါတယ်။ ဒါကို Object permanence သီအိုရီလို့ခေါ်ပြီး ပစ္စည်းတွေက တကယ်ပျောက်တာမဟုတ်ဘူး။ ပြန်ပေါ်လာတယ်ဆိုတာကို ကလေးတွေကို သင်ပေးတာဖြစ်ပါတယ်။)
ကလေးတွေ သူစိမ်းကြောက်တတ်တာက ၆လပတ်ဝန်းကျင်မှာ ဖြစ်တတ်ပါတယ်။ ၇လနဲ့ ၁၀လကြားကတော့ အဆိုးဆုံးပေါ့။ သူ့နားက လူတွေကို ကောင်းကောင်းမှတ်မိနေတာကြောင့် လူပြောင်းသွားတာနဲ့ အော်ဟစ်နေတော့မှာပါ။
ဒီလို ကြောက်တာက ၁နှစ်ခွဲ၊ ၂နှစ်လောက်မှ စပြီးလျော့လာတာဖြစ်ပါတယ်။
ကလေး သူစိမ်းကြောက် တတ်တာကို ဘယ်လိုကိုင်တွယ်မလဲ။
ကလေးတွေမှာ သူစိမ်းကြောက်တတ်တာ သဘာဝဆိုပေမယ့် အောက်ကနည်းလမ်းတွေသုံးပြီး ကလေးကို ထိန်းကျောင်းလို့ရပါတယ်။ မဟုတ်ရင် အပြင်သွားတိုင်း ကလေးငိုနေတာကြောင့် မေမေတို့ စိတ်ညစ်နေရမှာပါ။
သူစိမ်းတွေရှေ့မှာ ကလေးကို သက်သောင့်သက်သာဖြစ်အောင်ထားပါ။
- ကလေးက လူစိမ်းတွေကို ကြောက်လို့ ငိုနေတာကို မပစ်ထားပါနဲ့။ ဒါသဘာဝပဲဆိုပေမယ့် ဒီတိုင်းထားလိုက်ရင် ကြောက်တာပိုဆိုးသွားနိုင်ပါတယ်။
- လူစိမ်းတွေရှေ့မှာ ကလေးကို ချီထားတာ၊ ပေါင်ပေါ်တင်ပြီး ပွေ့ထားတာက ကလေးကို စိတ်လုံခြုံမှု ဖြစ်စေပါတယ်။
- အဝေးက လာတဲ့ ဆွေမျိုးတွေ၊ ကိုယ့်ရဲ့ မိတ်ဆွေနဲ့ ကလေးကို မိတ်ဆက်ပေးမယ်ဆို အိမ်မှာပဲ ဆုံပါ။ အိမ်က ကလေးရင်းနှီးတဲ့ နေရာဖြစ်လို့ စိတ်သက်သောင့်သက်သာ ဖြစ်စေပါတယ်။
- ကလေးက လူစိမ်းနဲ့ သက်သောင့်သက်သာမဖြစ်ဘူးလို့ ထင်ရင် အားလုံးပါဝင်လို့ အလုပ်တစ်ခု လုပ်ပေးပါ။ ဥပမာ ပျော်ပျော်ရွှင်ရွှင် ကစားကြတာမျိုး။
- သူစိမ်းတွေ ရှေ့မှာ ကလေးစိတ်မညစ်အောင် သူကြိုက်တဲ့ ပစ္စည်းလေးတွေ၊ အရုပ်လေးတွေ ပေးကိုင်ထားပါ။
- မိဘတွေကလည်း သက်သောင့်သက်သာနေပါ။ ကလေးတွေက မိဘတွေနဲ့ လူစိမ်းတွေနဲ့ ဘယ်လိုဆက်ဆံရေးလဲဆိုတာကို စောင့်ကြည့်နေတာမို့လို့ပါ။
ကလေးထိန်းကျောင်းတဲ့အခါ စိတ်ရှည်ပါ။
- ကလေးကို ဖိအားမပေးပါနဲ့။ ကလေးကို မတွေ့တာကြာပြီဖြစ်တဲ့ ဆွေမျိုးတွေနဲ့ ရင်းနှီးမှုရအောင်ဆိုပြီး အတင်းထားခဲ့တာမျိုး မလုပ်ရပါဘူး။ ကလေးက လူစိမ်းကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးရင် သူ့စိတ်ထဲမှာ ဒဏ်ရာရသွားနိုင်ပါတယ်။
- ကလေးကို လူစိမ်းတွေ အများကြီးနဲ့ တစ်ပြိုင်နက်တည်း ပေးမတွေ့ပါနဲ့။ ဥပမာ ကျောင်းသားဟောင်းတွေ့ဆုံပွဲလို နေရာမျိုးကို ကလေးကို ခေါ်သွားလိုက်ရင် ကလေးက သေချာပေါက် ဂျီကျပြီး ငိုတော့မှာပါ။ တစ်ကြိမ်မှာ တစ်ယောက်လောက်နဲ့ပဲ ရင်းနှီးအောင် မိတ်ဆက်ပေးပါ။ နောက်ပိုင်း ကလေးလက်ခံနိုင်မှ တိုးပြီး ပေးတွေ့ပါ။
- သူစိမ်းတွေနဲ့ မိတ်ဆက်ပေးတဲ့အခါ ကလေးကို ဘယ်တော့မှ တစ်ယောက်တည်း မထားပါနဲ့။ အပေါ်မှာ ပြောခဲ့သလို သူချစ်တဲ့သူ ပျောက်သွားပြီဆိုပြီး ကလေးက ငိုယိုနေပါလိမ့်မယ်။ အမြဲတမ်းအနားမှာနေပြီး သူစိမ်းရှိနေလည်း ပစ်မသွားဘူးဆိုတာကို သိပါစေ။
- ကလေးနည်းနည်းကြီးရင်တော့ သူစိမ်းက ဘယ်သူ၊ ဘာလာလုပ်တယ်ဆိုတာကို ပြောပြပါ။ သူနားလည်တဲ့အခါ ပြဿနာရှာမှာ မဟုတ်တော့ပါဘူး။
သူစိမ်းတွေနဲ့ မကြာခဏတွေ့ဆုံပေးပါ။
- သူစိမ်းတွေ အများကြီးနဲ့ တစ်ပြိုင်နက်တည်း မတွေ့ပေးသင့်ပေမယ့် မကြာခဏတွေ့ပေးလို့တော့ ရပါတယ်။ တွေ့ပါ များလေလေ၊ ကလေးက သူဘယ်သသူနဲ့တွေ့တွေ့ သူချစ်တဲ့သူတွေက သူ့နားမှာပဲ ရှိနေတယ်ဆိုတာကို သိပြီး ကြောက်စိတ်နည်းလာပါလိမ့်မယ်။
- မိဘတွေကလည်း သူစိမ်းတွေနဲ့ ရင်းနှီးတဲ့ပုံစံပြပေးပါ။ ဒါက ကလေးက ဒီလူကြီးတွေက ကြောက်ဖို့မကောင်းဘူးဆိုတာကို သိလာမှာပါ။
- နည်းနည်းနားလည်နိုင်တဲ့အရွယ် လူကြီးတွေ လုပ်သလိုမျိုး သူစိမ်းနဲ့ မတွေ့ခင်မှာ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်တာကလည်း အလုပ်ဖြစ်ပါတယ်။
ကလေးက ၂နှစ်ကျော်တာတောင် သူစိမ်းကြောက် နေသေးရင်
ကလေးအများစုက ၂နှစ်ကျော်ရင် သူစိမ်းကြောက်တာ နည်းသွားပါပြီ။ ဒါကြောင့် ဒီအရွယ်လောက်ဆို မေမေတို့ မူကြိုထားလည်း ၁ရက်၊ ၂ရက်လောက်ပဲ ငိုပြီး နောက်ပိုင်းက ကျောင်းပျော်လေး ဖြစ်သွားတာပါ။
ဒါပေမယ့် ၂နှစ်တော်တော်ကျော်တာတောင် ကလေးက သူစိမ်းကြောက်နေတုန်းပဲဆိုရင်တော့ တစ်ခုခုလွဲနေပါပြီ။ ဒီလိုဆိုရင် အရင်ဆုံး ကလေးကို သူ့အရွယ်အလိုက် မိဘအပေါ်မှီခိုမှုနည်းအောင် လေ့ကျင့်ပေးကြည့်ပါ။ ဥပမာ
- သူလုပ်နိုင်တဲ့ ကိစ္စလေးတွေ ပေးလုပ်ကြည့်ပါ။ ဥပမာ ကိုယ့်ဟာကိုယ် ထမင်းစားတာ၊ အင်္ကျီလဲတာ။
- သူစိမ်းတွေနဲ့ များများပေးတွေ့ပါ။ ဒါမှ သူထင်သလောက် ကြောက်ဖို့ မကောင်းဘူးဆိုတာကို သိလာမှာပါ။
- အခက်အခဲ တစ်ခုခုရှိတဲ့အခါ သူ့ဟာသူဖြေရှင်းပါစေ။ ဥပမာ အရုပ်ပျောက်သွားရင် ကိုယ့်ဟာကိုယ် အရင်ရှာခိုင်းတာ။
- ကလေးကို မိသားစုအလုပ်တွေ ဝိုင်းကူခိုင်းပါ။ ဥပမာ ပစ္စည်းတွေ သိမ်းခိုင်းတာ၊ ယူခိုင်းတာ။
- တစ်ခါတလေကျရင် ကလေးကို ဆွေမျိုးတွေအိမ်၊ အဘိုးအဘွားတွေ အိမ်မှာ ညအိပ်ညနေ လွှတ်တာမျိုး လုပ်ကြည့်ပါ။
ဒီနည်းတွေရဲ့ လိုရင်းက ကလေးကို ယုံကြည်မှု တိုးစေဖို့၊ လူစိမ်းတွေနဲ့ တွေ့တဲ့အခါ သူတို့ကိုယ်သူတို့ ထိန်းချုပ်စေနိုင်ဖို့ ဖြစ်ပါတယ်။
ကလေးရဲ့ သူစိမ်းကြောက်တဲ့ ပြဿနာက ဆက်ရှိနေမယ်ဆိုရင်
ကလေးက ကြောက်စိတ်တွေ များနေမယ်ဆိုရင် ကြီးလာတဲ့အခါ လူကြောက်တဲ့ ပြဿနာ social anxiety ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးက လိုတာထက်ပိုပြီး လူစိမ်းတွေကို ကြောက်နေမယ်၊ ၂နှစ်ကျော်လာပေမယ့် သူစိမ်းတွေကိုကြောက်နေတုန်းပဲ ဒါမှမဟုတ် ရင်းနှီးတဲ့ သူတွေကိုပါ ကြောက်နေမယ်ဆိုရင် စိတ်ရောဂါအထူးကု ဒါမှမဟုတ် ကလေးဆရာဝန်နဲ့ ပြသသင့်ပါတယ်။
အကျဉ်းချုပ်
- ကလေးတွေက ၆လအရွယ်လောက်ကစပြီး သူစိမ်းကြောက်တတ်တာ သဘာဝပါ။
- အများစုက အသက် ၁နှစ်ခွဲ၊ ၂နှစ်လောက်ဆို အသားကျသွားပါတယ်။
- အရွယ်ရောက်လာတဲအထိ သူစိမ်းကြောက်နေသေးရင် လူကြောက်တတ်တာမျိုး ဖြစ်နိုင်လို့ တတ်ကျွမ်းသူနဲ့ ပြသသင့်ပါတယ်။
[embed-health-tool-vaccination-tool]