backup og meta

ကလေးငယ်တွေမှာ အာဟာရချို့တဲ့နေတဲ့ လက္ခဏာ (၇) ချက်

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်တွေမှာ အာဟာရချို့တဲ့နေတဲ့ လက္ခဏာ (၇) ချက်

    ကလေးငယ်ဘဝမှာ အာဟာရက အရာရာပါ။ အာဟာရပြည့်ဝမှ ကိုယ်အလေးချိန်တက်ပြီး အရပ်ထွက်မယ်။ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးနေတဲ့ ဦးနှောက်ကလည်း အာဟာရပြည့်ဝမှ အရွယ်အလိုက် ဖွံ့ဖြိုးလာမှာပါ။ ဆိုလိုတာက ကလေးငယ်တွေမှာ အာဟာရပြည့်ဝဖို့က ထိပ်တန်းဦးစားပေးပဲ ဖြစ်ပါတယ်။ ကလေးလေးက လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ ရနေရဲ့လားဆိုတာကို သိဖို့ ကလေးငယ်တွေမှာ အာဟာရချို့တဲ့နေတဲ့ လက္ခဏာ တွေကို မိဘများက လေ့လာထားဖို့ လိုပါတယ်။

    ကလေးငယ်တွေမှာ အာဟာရချို့တဲ့နေတဲ့ လက္ခဏာ (၇) ချက်

    (၁) ဖွံ့ဖြိုးမှု နောက်ကျခြင်း

    ကလေးဘဝမှာ အာဟာရမပြည့်ဝဘူးဆိုရင် ကြီးထွားဖွံ့ဖြိုးမှုတွေ နှောင့်နှေးတတ်ပါတယ်။ ကလေးတိုင်းမှာ မဟုတ်ပေမယ့် တချို့ကလေးတွေမှာ ထိုင်တာ၊ လမ်းလျှောက်တာ နောက်ကျမျိုးတွေ တွေ့ရတတ်ပါတယ်။ ကလေးဘဝမှာတည်းက သူများထက် နောက်ကျခဲ့တော့ နောက်ပိုင်း အရွယ်ရောက်လာတဲ့အခါမှာလည်း နည်းနည်းစီနောက်ကျတတ်ပါတယ်။

    ဥပမာ ပြောရရင်

    • ကယ်ဆီယမ်၊ ဗီတာမင်ဒီ၊ ဖော့စဖရပ်၊ မဂ္ဂနီဆီယမ်တွေက အရိုးတွေအတွက် လိုအပ်ပါတယ်။ ဒီဓာတ်တွေ ချို့တဲ့ရင် ကလေးက အရိုးအားနည်းတော့ မတ်တပ်ရပ်ဖို့၊ လမ်းလျှောက်ဖို့ ခက်ခဲတတ်ပါတယ်။
    • အင်အားဖြစ်စေတဲ့ အဓိက အာဟာရတွေ ဖြစ်တဲ့ ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီတွေ မပြည့်ဝရင် အရပ်မထွက်တာ၊ ကိုယ်အလေးချိန်မတက်တာတွေ ဖြစ်တတ်ပါတယ်။
    • ဦးနှောက်အတွက် လိုအပ်တဲ့ DHA၊ သံဓာတ်၊ ဇင့်ဓာတ်တွေ ကောင်းကောင်းမရဘူးဆိုရင်လည်း ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနှောင့်နှေးပြီး မှတ်ဉာဏ်စွမ်းရည်၊ သင်ကြားနိုင်စွမ်းတွေ ထိခိုက်နိုင်ပါတယ်။

    (၂) နုံးပြီး အားမရှိခြင်း

    ကလေးနဲ့မတူဘဲ နည်းနည်းလေး လှုပ်လိုက်တာနဲ့ ပင်ပန်းနေပြီ၊ ရွယ်တူကလေးတွေနဲ့ တန်းတူမဆော့နိုင်ဘူးဆိုရင် ကလေးက အာဟာရချို့တဲ့နေလို့ ဖြစ်နိုင်ပါတယ်။

    • အားဖြစ်စေတဲ့ ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီတွေကို ပြည့်ပြည့်ဝဝ မစားဘူးဆိုရင် ကယ်လိုရီနည်းပြီး အပင်ပန်းမခံနိုင်တာ၊ အားမရှိတာ၊ နုံးတာတွေ ဖြစ်နေမှာပါ။
    • သံဓာတ်နဲ့ ဗီတာမင် B12တွေ ချို့တဲ့နေမယ်ဆိုရင်လည်း သွေးအားနည်းပြီး နည်းနည်းလေး ဆော့လိုက်တာနဲ့ အမောမခံနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။
    • ကြွက်သားနဲ့ အရိုးတွေအတွက် လိုအပ်တဲ့ ဗီတာမင်ဒီ၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်တွေ မရှိရင်လည်း ကလေးက ကြွက်သားတွေ အားမရှိဘဲ ညောင်းလွယ်နေမှာ ဖြစ်ပါတယ်။

    (၃) မကြာခဏ ဖျားနာခြင်း

    ကလေးသဘာဝအရ လူကြီးတွေထက် ဖျားနာတဲ့အကြိမ်ရေများတယ်ဆိုပေမယ့် မကြာခဏ ဖျားနာနေရင်တော့ အာဟာရချို့တဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    အထူးသဖြင့် ဗီတာမင်စီ၊ ဗီတာမင်ဒီ၊ ဇင့်နဲ့ သံဓာတ်တို့ ချို့တဲ့တဲ့အခါ ခုခံအားပါ ထိခိုက်လာပါတယ်။ ဒါကြောင့် ကလေးက ဖျားနာလွယ်ပြီး နာလန်ထဖို့လည်း ကြာတတ်ပါတယ်။

    (၄) သွားနဲ့ခံတွင်းပြဿနာများ ဖြစ်လွယ်ခြင်း

    ကယ်ဆီယမ်၊ ဗီတာမင်ဒီ၊ ဗီတာမင်အေနဲ့ ဖော့စဖရပ်တို့က သွားကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေ ဖြစ်ပြီး ဒါတွေချို့တဲ့မယ်ဆိုရင် ကလေးမှာ သွားနဲ့ခံတွင်းပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ

    • ကယ်ဆီယမ် ချို့တဲ့မယ်ဆိုရင် သွားပိုးစားလွယ်တာ၊ သွားပေါက်နောက်ကျတာတွေ ဖြစ်တတ်ပါတယ်။
    • ဗီတာမင်ဒီချို့တဲ့မယ်ဆိုရင်တော့ သွားရဲ့ ကြွေလွှာတွေ ကောင်းကောင်းဖြစ်မလာတာကြောင့် သွားပိုးစားလွယ်ပါတယ်။
    • ဗီတာမင်အေ ချို့တဲ့ရင်လည်း အလားတူပဲ သွားကြွေလွှာတွေ ထိခိုက်ပြီး နောက်ဆက်တွဲ သွားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
    • ဖော့စဖရပ်ချို့တဲ့မယ်ဆိုရင်တော့ သွားကြွေလွှာတွေ အားနည်းပြီး သွားပိုးစားလွယ်ပါတယ်။  

    (၅) သင်ယူမှု နောက်ကျခြင်း

    သံဓာတ်၊ အိုင်အိုဒင်း၊ ဗီတာမင် B12၊ DHAလိုမျိုး အိုမီဂါသရီးဖက်တီးအက်စစ်တွေက ဦးနှောက်ဖွံ့ဖြိုးမှု၊ မှတ်ဉာဏ်စွမ်းရည်တွေအတွက် လိုအပ်ပါတယ်။ ဒီဓာတ်တွေ ချို့တဲ့မယ်ဆိုရင်တော့ သင်ကြားရခက်တာ၊ အာရုံစူးစိုက်မှု အားနည်းတာ၊ နောက်ပိုင်းကျရင် ကျောင်းစာမှာ အခက်အခဲရှိတာတွေ ဖြစ်လာနိုင်ပါတယ်။

    • သံဓာတ်ချို့တဲ့တဲ့အခါ ကလေးက အာရုံစူးစိုက်မရတာ၊ စာသင်ရခက်တာ၊ မှတ်ဉာဏ်မကောင်းတာတွေ ဖြစ်တတ်ပါတယ်။
    • အိုင်အိုဒင်းက ကလေးဘဝမှာ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးနေတဲ့ ဦးနှောက်အတွက် အရေးကြီးပြီး ဒီဓာတ်ချို့တဲ့ရင် အာရုံကြောနဲ့ ဉာဏ်စွမ်းရည် ဖွံ့ဖြိုးမှုတွေ ထိခိုက်တတ်ပါတယ်။
    • အိုမီဂါသရီးဖက်တီးအက်စစ် အထူးသဖြင့် DHA ချို့တဲ့ရင်တော့ အာရုံစူးစိုက်မှု အားနည်းတာ၊ မှတ်သားနိုင်စွမ်း မကောင်းတာ၊ သင်ကြားရခက်တာတွေ ဖြစ်လာနိုင်ပါတယ်။
    • ဗီတာမင်B12က အာရုံကြောအပေါ်ယံအလွှာအတွက် လိုအပ်တာကြောင့် ဒီဓာတ်ချို့တဲ့ရင် မေ့တတ်တာ၊ အာရုံမရတာ၊ ကျိုးကြောင်းဆင်ခြင်မှု အားနည်းတာတွေ ဖြစ်တတ်ပါတယ်။

    (၆) အစာခြေစနစ်ပြဿနာများ ဖြစ်လွယ်ခြင်း

    ကလေးတွေမှာ အမျှင်ဓာတ်ချို့တဲ့တဲ့အခါ ဝမ်းချုပ်တတ်ပြီး တခြားသော ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့ရင်လည်း အစာခြေစနစ် ပြဿနာပေါင်းစုံ ဖြစ်တတ်ပါတယ်။ ဥပမာ

    • အမျှင်ဓာတ်ချို့တဲ့တဲ့အခါ ဝမ်းမမှန်တာ၊ ဝမ်းချုပ်တာတွေ ဖြစ်တတ်ပါတယ်။
    • ဗီတာမင်ဘီအုပ်စုချို့တဲ့တဲ့အခါ ဝမ်းလျှောတာ၊ အစားအသောက်ပျက်တာ၊ အာဟာရစုပ်ယူမှု မကောင်းတာတွေ ဖြစ်တတ်ပါတယ်။
    • ဗီတာမင်ဒီချို့တဲ့တဲ့အခါ အစာခြေစနစ်မှာရှိတဲ ခုခံအားစနစ်က ထိခိုက်ပြီး အူတွေ ရောင်လွယ်ပါတယ်။
    • ဇင့်ဓာတ်ချို့တဲ့ရင်တော့ ဝမ်းလျှောတာ၊ အာဟာရစုပ်ယူမှုမကောင်းတာ၊ ခုခံအားကျတာတွေ ဖြစ်တတ်ပါတယ်။ (ခုခံအားစနစ်မှာ ပါဝင်တဲ့ ဆဲလ်တွေရဲ့ ၈၀%ခန့်က အူလမ်းကြောင်းမှာ ရှိနေတာ ဖြစ်ပါတယ်။

    (၇) အရေပြား၊ ဆံသားနဲ့ လက်သည်းခြေသည်း ပြဿနာများ ဖြစ်လွယ်ခြင်း

    ကလေးမှာ အသားအရေခြောက်သွေ့တာ၊ ဆံပင်တွေ ကျွတ်တာ၊ လက်သည်းခြေသည်းတွေ ကြွပ်ဆတ်တာတွေက ဗီတာမင်၊ သတ္တုဓာတ်၊ ဖက်တီးအက်စစ်တွေ ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။

  • ဗီတာမင်စီက ကော်လဂျင်ကိုထုတ်လုပ်ပေးနိုင်ပြီး ဒီဓာတ်ချို့တဲ့ရင် အရေပြားခြောက်တာ၊ ကြမ်းတာ၊ အနာကျက်ဖို့ ကြာတာတွေ ဖြစ်တတ်ပါတယ်။
  • သံဓာတ်ချို့တဲ့ရင်လညလ်း ဆံပင်တွေ ကျွတ်ပြီး လက်သည်းခြေသည်းတွေ ကျိုးလွယ်ပါလိမ့်မယ်။
  • အိုမီဂါသရီးဖက်တီးအက်စစ် အထူးသဖြင့် DHA ချို့တဲ့ရင်တော့ အရေပြားခြောက်သွေ့ ယားယံတာတွေ ဖြစ်လာနိုင်ပါတယ်။
  • ဒီလက္ခဏာတွေထဲက တစ်ခုခုရှိနေရင် ကလေးမှာ အာဟာရချို့တဲ့နေတာ ဖြစ်နိုင်ပါတယ်။ မေမေတို့အနေနဲ့ ကလေးတွေရဲ့ စားသောက်ပုံကို ပြန်စစ်ဆေးပြီး လိုအပ်တဲ့ အာဟာရတွေ ဖြည့်ပေးရမှာ ဖြစ်ပါတယ်။

    ကလေးတွေမှာ အာဟာရချို့တဲ့မှုတွေ မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ

    မွေးစကနေ ၆လအထိကတော့ မိခင်နို့တစ်မျိုးတည်း တိုက်ရင် လုံလောက်ပါပြီ။ တခြားဘာမှထပ်တိုက်စရာ မလိုပါ။ ကလေးက ပေါင်တက်တယ်၊ ဆီးမှန်ဝမ်းမှန်တယ်၊ သူ့အသက်အလိုက် ဖွံ့ဖြိုးတယ်ဆိုရင် အာဟာရပြည့်ဝတယ်လို့ ပြောလို့ရပါတယ်။

    တကယ်လို့ မိခင်က အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့တိုက်ဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ ဖော်မြူလာနို့မှုန့်ကို တိုက်ရပါလိမ့်မယ်။ ကလေးတွေကို တွေ့ရာနို့တိုက်တာက အာဟာရချို့တဲ့ပြီး အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

    ၆လကျော်သွားရင်တော့ မိခင်နို့ သောက်ရင် ဆက်တိုက်ပါ။ ဖြည့်စွက်စာကို စုံလင်အောင် ကျွေးပါ။ ကလေးက ကြီးလာတာနဲ့အမျှ အာဟာရလိုအပ်ချက်လည်း များလာတာကြောင့် ကြားအချိန်တွေမှာ နို့တွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သွားရည်စာတွေကို ကျွေးဖို့ လိုပါတယ်။

    နို့တိုက်မယ်ဆိုရင်တော့ ဖော်မြူလာနို့၊ နွားနို့ မိမိအဆင်ပြေရာကို တိုက်နိုင်ပါတယ်။ နွားနို့ကတော့ ကလေးအသက် ၁နှစ်ကျော်မှ တိုက်ပါ။ ဖော်မြူလာနို့ တိုက်မယ်ဆိုရင်တော့ ကလေးအသက်အလိုက် လိုအပ်တဲ့ အာဟာရဓာတ်တွေ (ဥပမာ ဗီတာမင်၊ သတ္တုဓာတ်၊ DHA၊ အမျှင်ဓာတ်) ပါဝင်တဲ့ နို့ကို တိုက်ပါ။

    ကလေးနေ့စဉ်စားသမျှကို အဖက်ဖက်က ပြည့်ဝအောင် ဒီလို နည်းလမ်းပေါင်းစုံနဲ့ ဖြည့်ဆည်း‌ပေးမယ်ဆိုရင် ကလေးတွေမှာ အာဟာရချို့တဲ့မှုတွေ မဖြစ်ဘဲ ကျန်းကျန်းမာမာကြီးပြင်းလာမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement