backup og meta

ကလေးငယ်လေးတွေမှာ ဝက်ခြံပေါက် တဲ့အခါ

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


07/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်လေးတွေမှာ ဝက်ခြံပေါက် တဲ့အခါ 

    မွေးခါစ ကလေးငယ်လေးတွေမှာ ဝက်ခြံပေါက် တာမျိုး မြင်ဖူးပါသလား။ လူကြီးတွေကတော့ ကလေးလေးက မသန့်လို့လား ဒါမှမဟုတ် မေမေ ဘာစားမိလို့များလဲလို့ စိုးရိမ်ကြပေမယ့် ဒါတွေကြောင့်  ဖြစ်တာ မဟုတ်ပါဘူး။ ကလေးတွေမှာ ပေါက်တဲ့ ဝက်ခြံက များသောအားဖြင့်တော့ အန္တရာယ်မရှိလှပါဘူး။

    ကလေးငယ်လေးတွေမှာ ပေါက်တဲ့ ဝက်ခြံဆိုတာ ဘယ်လိုမျိုးလဲ

    ကလေးငယ်လေးတွေမှာ ပေါက်တဲ့ ဝက်ခြံက လူကြီးတွေမှာလိုမျိုး ဘက်တီးရီးယားတွေကြောင့်  ဖြစ်တာ မဟုတ်ပါဘူး။ များသောအားဖြင့် ၂ပတ်သားလောက်ဆို စပေါက်တတ်ပါတယ်။ ပြီးရင်တော့ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ လူကြီးတွေလို ဝက်ခြံအမာရွတ်တွေ ဘာတွေလည်း မကျန်ပါဘူး။ (လူကြီးတွေက ကလေးဝက်ခြံကို သွားမညှစ်ဖို့တော့ လိုတာပေါ့)

    ကလေးဝက်ခြံက ၂ပတ်သားလောက်မှာ အဖြစ်များပေမယ့် ကလေးအသက် ၂လကနေ ၁နှစ်အတွင်း ဖြစ်တဲ့ ဝက်ခြံလည်း ရှိပါတယ်။ ဒါကိုတော့ infantile acneလို့ ခေါ်ပါတယ်။ Infantile acneမှာတော့ ဝက်ခြံအပြင် လူကြီးတွေလို ဆားဝက်ခြံတွေပါ ရှိတတ်ပါတယ်။

    တကယ်လို့ ကလေးက အသက်၂ကျော်မှ ဝက်ခြံထွက်ရင်တော့ ကလေးဆရာဝန် ဒါမှမဟုတ် အရေပြားဆရာဝန်နဲ့ ပြပါ။ ဒီလို ဝက်ခြံမျိုးတွေက ပျောက်ဖို့ ပိုကြာတတ်ပါတယ်။

    ကလေးငယ်လေးတွေမှာ ဝက်ခြံပေါက် တာ ဘာကြောင့်လဲ

    စဉ်းစားကြည့်ရင် ဝက်ခြံဆိုတာ မြီးကောင်ပေါက်အရွယ်လေးတွေမှာပဲ ဖြစ်ရမှာ။ ဘာလို့ ပိစိလေးတွေမှာ လာပေါက်နေရတာလဲလို့ မေမေတို့ တွေးနေမိမှာပါ။

    ပြောရမယ်ဆိုရင် ကလေးလေးတွေမှာ ဝက်ခြံပေါက်စေတဲ့ အကြောင်းရင်း အတိအကျ မရှိပါဘူး။

    ဝက်ခြံဆိုတာမျိုးက ချွေးပေါက်တွေ ပိတ်လို့ ဖြစ်တာဆိုတော့ ကလေးဆီမှာ ချွေးပေါက်ပိတ်စေတဲ့ အကြောင်းရင်း တစ်ခုခု ရှိလို့လို့ ယူဆနိုင်ပါတယ်။

    လေ့လာချက်တွေအရ မွေးစမှာ ပေါက်တဲ့ ဝက်ခြံတွေက ဟော်မုန်းအပြောင်းအလဲကြောင့်လို့ ယူဆရပါတယ်။ မိခင်ဆီက ဟော်မုန်းတွေက အချင်းကနေတဆင့် ကလေးဆီရောက်၊ အဲ့ကနေမှ အဆီပိုပြန်စေပြီး ချွေးပေါက်တွေ ပိတ်တာကြောင့် ဝက်ခြံထွက်ရတာလည်း ဖြစ်နိုင်ပါတယ်။

    နောက်တစ်ခုက ကလေးတွေရဲ့ အရေပြားက နူးညံ့တာကြောင့်ပါ။ ဒါကြောင့် အစားအသောက်တွေ၊ အန်ဖတ်တွေ၊ တံတွေးတွေနဲ့ ကြာကြာထိတွေ့မိတာကြောင့်လည်း ဝက်ခြံပေါက်တာ ဖြစ်နိုင်ပါတယ်။

    ကလေးငယ်လေးတွေမှာ ဝက်ခြံပေါက် တဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ

    ကလေးဝက်ခြံက လူကြီးဝက်ခြံနဲ့ ဆင်တူပါတယ်။ များသောအားဖြင့်

    • ဦးရေပြား
    • နဖူး
    • နှာခေါင်း
    • ပါး
    • မေးစေ့
    • လည်ပင်း
    • ရင်ဘတ်
    • နောက်ကျောမှာ ‌ပေါက်တတ်ပါတယ်။

    လူကြီးဝက်ခြံလိုမျိုး အနီစက်လေးတွေ၊ ပြည်ဖုလေးတွေ ဖြစ်တတ်ပါတယ်။ ၂လကျော်မှ ဖြစ်တဲ့ Infantile acne ဆိုရင်တော့ ဆားဝက်ခြံလေးတွေပါ တွေ့ရတတ်ပါတယ်။

    ဝက်ခြံထွက်တဲ့အခါ လူကြီးတွေလိုမျိုးပဲ စစချင်းမှာ အနီစက်လေးဖြစ်၊ ပြီးရင် ပြည်ဖုလေးတွေလို ဖြစ်လာပါလိမ့်မယ်။ နောက်ကျရင်တော့ သူ့အလိုလို သက်သာသွားပါလိမ့်မယ်။ ဝက်ခြံတွေ ပျောက်သွားရင် လူကြီးတွေလို နီပြီး ကျန်ခဲ့မှာလည်း မဟုတ်ပါဘူး။

    ကလေးဝက်ခြံကို ဘယ်လိုကုသနိုင်သလဲ

    များသောအားဖြင့် သူ့အလိုလို ပျောက်သွားပြီး အန္တရာယ်လည်း မရှိတာကြောင့်  ဘာမှလုပ်စရာမလိုပါ။ ကလေးဝက်ခြံကို ညှစ်တာတွေ၊ ဆေးအုံတာတွေ မလုပ်ရပါ။ တချို့မေမေတွေက ဝက်ခြံကို သနပ်ခါးတွေ အုံတတ်ပါတယ်။ သနပ်ခါးက အသားခြောက်စေပြီး အမှုန်တွေ ကလေး နှာခေါင်းနဲ့ ပါးစပ်ထဲ ဝင်နိုင်တာကြောင့်  မလိမ်းသင့်ပါဘူး။

    မေမေတို့ လုပ်ပေးနိုင်တာတွေကတော့

    • ကလေးကို ရေကြက်သီးနွေးနဲ့ ရေချိုးတာ၊ မျက်နှာသစ်တာ လုပ်ပေးပါ။ ပြီးရင် အဝတ်သန့်သန့်နဲ့ ဖိဖိပြီး သုတ်ပေးပါ။
    • ဝက်ခြံကို ညှစ်တာ၊ ကုတ်ဖဲ့တာတွေ မလုပ်ရပါ။
    • ချွေးပေါက်ပိတ်စေနိုင်တဲ့ လိုးရှင်းပျစ်ပျစ်တွေ၊ အဆီတွေ မလိမ်းရပါ။
    • ကလေးက နို့အန်တာ၊ သွားရည်ယိုတာတွေရှိရင် ပုံမှန်သန့်ရှင်းရေး လုပ်ပေးပါ။ ဒါတွေကို ကလေးအရေပြားနဲ့ အကြာကြီး မထိပါစေနဲ့။

    တကယ်လို့ မသက်သာဘူး။ ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပါ။ ကလေးအခြေအနေပေါ် လိုက်ပြီး

  • အပျော့စား စတီးရွိုက်လိမ်းဆေးတွေ
  • မှိုသတ်ဆေးတွေ ပေးပါလိမ့်မယ်။
  • ကလေးဝက်ခြံထွက်တဲ့အခါ မေမေတို့က မိခင်နို့တိုက်လို့များလို့ တွေးမိတတ်ကြပါတယ်။ မိခင်နို့မှာ ပါတဲ့ ဟော်မုန်းက ကလေးကို ဝက်ခြံထွက်စေတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒါ‌ကြောင့်နဲ့တော့ မိခင်နို့ကို မတိုက်ဘဲ ရပ်ပစ်စရာ မလိုပါဘူး။

    ဘာကြောင့်လဲဆိုတော့ ကလေးဝက်ခြံက နောက်တစ်ပတ်၊ နှစ်ပတ်လောက်ဆို ပျောက်သွားမှာဖြစ်သလို အန္တရာယ်လည်း မရှိပါဘူး။ ဒါကြောင့် တန်ဖိုးရှိတဲ့ မိခင်နို့တိုက်တာကို မရပ်ပါနဲ့။ ဆက်တိုက်ဖို့ အကြံပေးချင်ပါတယ်။

    ကလေးမှာ ဝက်ခြံမဖြစ်အောင် ကာကွယ်လို့ရလား

    ကလေးဝက်ခြံက ကာကွယ်လို့ ရတဲ့ ပြဿနာ မဟုတ်ပါဘူး။ အများစုက သူ့အလိုလိုပျောက်တဲ့အပြင် အန္တရာယ်လည်း မရှိတာကြောင့် သိပ်တော့ ပြဿနာမရှိလှပါဘူး။ ဝက်ခြံထွက်ခဲ့ရင်လည်း အပေါ်က နည်းလမ်းတွေနဲ့ သက်သာအောင် လုပ်လို့ ရပါတယ်။

    ကလေးငယ်လေးတွေမှာ ဝက်ခြံပေါက်တာက ဖြစ်တတ်ပါတယ်။ သူ့အလိုလို ပျောက်ပါတယ်။ ဒါကြောင့် ဆရာဝန် မညွှန်ဘဲ ဆေးတွေ မလိမ်းပါနဲ့။ ကလေးကို သန့်သန့်ရှင်းရှင်းထားပါ။ ဝက်ခြံတွေ မသက်သာရင်၊ ၂လကျော်မှ ဝက်ခြံထွက်ရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    07/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement