backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 20/05/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ

ကလေးဆိုတာမျိုးက ထားသလိုနေတုန်းလေးသာ ချစ်စရာကောင်းတာ စကားကောင်းကောင်း ပြောတတ်လာပြီ။ လမ်းကောင်းကောင်းလျှောက်တတ်လာပြီဆိုရင် အိပ်နေချိန်သာ အိန်ဂျယ်လ်လေးနဲ့တူတာ နိုးပြီး တောက်တောက် တောက်တောက် လျှောက်သွားတာနဲ့ မေမေဖေဖေတို့ခမျာ သူ့နောက် တကောက်ကောက်လိုက်ရင်း ထိန်းရတာ အတော်ကို မလွယ်တာနော်။ နောက်ပြီး ဒီအရွယ်မှာ မိဘက ဒါဆို မဒါတော့ဘူး။ ဟင့်အင်းပေါင်း များစွာလုပ်တတ်လာကြပါတယ်။ ဒီကာလလေးကို ကလေးကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ Terrible Two လို့ အမည်တပ်သတဲ့။ ဒီလို သားသားမီးမီးတို့ကို ထိန်းရသိမ်းရခက်တဲ့ Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို ဖေဖေမေမေတို့ သိပြီးရဲ့လား! မသိသေးဘူးဆိုရင်တော့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။

Terrible Two ဆိုတာ ဘာများပါလိမ့်!

Terrible Two ဆိုတာက ကလေးတစ်ယောက်ရဲ့ အသက် ၁ နှစ်ခွဲ ၂ နှစ်ဝန်းကျင်ကနေ ၄ နှစ်ကျော် ၅ နှစ်တာအတွင်းမှာ တွေ့ကြုံရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ အပြောင်းအလဲပါ။ ဒီအချိန်မှာ ကလေးက မကြာခဏ စိတ်တိုစိတ်ဆတ်တာ၊ ဘာလုပ်ပေးပေး စိတ်တိုင်းမကျတာမျိုးနဲ့ ဖေဖေမေမေ နားလည်ရခက်တဲ့ အပြုအမူလေးတွေကို ပြုမူတတ်ကြပါတယ်။ 

ခုလေးတင် အရမ်းသဘောကျတယ်ဆိုတဲ့ အရုပ်နဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့နေရာက တော်ကြာနေတော့ မကြိုက်တော့ဘူး စိတ်တိုတယ်ဆိုပြီး အရုပ်ကို ထကောက်ပစ်ပြီးမျိုး၊ လူကြားထဲမှာ သူလိုချင်တာမရလို့ လှဲချပြီး အော်ငိုပစ်တာမျိုး ဂျစ်ကျတာမျိုးတွေကို လုပ်တတ်တဲ့ အရွယ်ပေါ့။

ဒီလို ဖြစ်ရတာက ကလေးက စိတ်ခံစားမှု အပြောင်းအလဲမြန်တာ၊ စိတ်ရှုပ်တာမျိုးတွေနဲ့ သူကိုယ်တိုင်တောင် နားမလည်ဘဲ ရှုပ်ထွေးလှတဲ့ ခံစားချက်တွေကို ခံစားနေရတာကြောင့်လည်း ဖြစ်ပါတယ်။ ဒီအရွယ်မှာ ကလေးက သိချင်တာတွေ များနေသလို သူကိုယ်တိုင်က သူသိချင်တာတွေ နောက်ကို မနည်းမီအောင် လိုက်ရင်း သူဖြစ်ချင်တာ၊ သူ့စိတ်ခံစားချက်တွေကို နားမလည်တာကြာင့် မေမေဖေဖေတို့အပေါ်မှာ ဂျစ်ကျသလို ဖြစ်ရတာပါ။

နားလည်လွယ်အောင် ပြောပြရရင် မြန်ဆန်လှတဲ့ အပြောင်းအလဲမှာ အသားကျအောင် ကြိုးစားနေရတဲ့ အချိန်ပါ။ ဒါကြောင့် ဒီကာလမှာ ကလေးတိုင်းက ဒီလိုပဲ ဖြစ်တတ်တာမို့ မေမေဖေဖေတို့က စိတ်ရှည်ရှည်နဲ့ ကလေးကို ကူညီဖို့တော့ လိုပါမယ်။ 

သားသားမီးမီး Terrible Twos ခံစားနေရတာလား!

သားသားမီးမီးတို့မှာ Terrible Twos ခံစားနေရပြီဆိုရင် အခုလို အပြုအမူလေးတွေ တွေ့ရနိုင်ပါတယ်။ 

  • ဟင့်အင်းကို တွင်တွင်သုံးမယ် – ဒီကာလမှာ မြင်သာတာ တစ်ခုက ဒါလေး လုပ်ပါလားဆိုလည်း မလုပ်ချင်ဘူး။ ဒါစားဆိုရင် ဟိုဟာစားချင်တာဆိုမျိုး ဒါမှမဟုတ်လည်း မစားဘူးဆိုတာမျိုး လုပ်တတ်လာပြီ။ မိဘက အိပ်တော့ ပြောရင်တောင် ထဆော့နေတာမျိုးပေါ့။ လူကြီးက ဒါဆို၊ သူတို့က ဟိုဟာ လုပ်ရမှာကျေနပ်တယ်လို့ မေမေဖေဖေတို့ ညည်းတွားကြတဲ့ ကာလပေါ့။ 
  • စိတ်တိုလွယ်မယ် – ဒီကာလက အရာရာကို အလွယ်တကူ စိတ်တို ပေါက်ခွဲရင်း သူတို့လေးတွေရဲ့ စိတ်ရှုပ်ထွေးမှုကို ဒေါသအဖြစ် ပြောင်းလဲပြသတတ်တဲ့ အရွယ်ပေါ့။  စိတ်တိုင်းမကျမှု များနေတတ်သလို စိတ်တိုလွယ်ကြပါတယ်။
  • စကားနားမထောင်ကြဘူး – ဒီကာလမှာ မေမေဖေဖေပြောသမျှကို လိုက်လုပ်တာမျိုး မဟုတ်ဘဲ သူတို့ လုပ်ချင်တာ၊ စားချင်တာ၊ သွားချင်တာကို မလုပ်ရရင် ငိုတာမျိုး၊ ဂျီကျနေတာမျိုးတွေ လုပ်တတ်ကြပါပြီ။ ပုံမှန် လိုက်နာနေကျ အရာလေးတွေကိုတောင် မလိုက်နာတော့တာမျိုးပေါ့။ 
  • ရန်လိုတဲ့ အပြူအမူတွေ လုပ်လာမယ် – ဒီအရွယ်မှာ ရွယ်တူ အချင်းချင်းကို ဖြစ်ဖြစ်၊ လူကြီးတွေကို ဖြစ်ဖြစ် ရိုက်တာ၊ ကိုက်တာမျိုးတွေကို လုပ်တတ်ကြသလို ပစ္စည်းတွေကို ပေါက်ခွဲတာ၊ အရုပ်တွေကို ချိုးပစ်တာမျိုးတွေ လုပ်လာတတ်ကြပါတယ်။ 

အခုဆိုရင် Terrible Twos ကဘာလဲ။ ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲဆိုတာကို သိပြီဆိုတော့ ဘယ်လို ကိုင်တွယ် ဖြေရှင်းရမလဲဆိုတာကို ဆက်ပြောပြပေးမယ်နော်။ 

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတော့ ကလေးကို စိတ်ဖိစီးမှု ကင်းနိုင်သမျှ ကင်းအောင် ထားတာပါ။ ဒီလိုပြောလို့ ကလေးကို အလိုလိုက်ပြီး သူလုပ်ချင်တာ အကုန်ပေးလုပ်ရမှာလားဆိုတော့ ဟုတ်ပါဘူး။ ကလေးကို ဖိအားမပေး၊ အပျက်သဘောမဆောင်ဘဲ အပြုသဘောဆောင်တဲ့ အရာတွေနဲ့ပဲ ထိတွေ့စေတာက ကလေးအတွက်ရော မေမေဖေဖေတို့အတွက်ရော ပိုမို လွယ်ကူမှာပါ။ 

စည်းကမ်းနဲ့ တစ်ဖက်ကနေ ထိန်းကျောင်းပေးဖို့ လိုသလို ကလေးနဲ့အပြိုင် စိတ်ဆိုးဒေါသထွက်တာမျိုးတွေ မလုပ်မိဖို့ လိုပါတယ်။ ဒါကြောင့် ကလေးကို ဒီကာလမှာ – 

ကလေး အသားကျနေပြီဖြစ်တဲ့ အနေအထားကို ထိန်းထားပေးပါ 

ကလေးက ဒီကာလမှာ စိတ်ခံစားမှု အပြောင်းအလဲကို ဖြေရှင်းနေရင်း ထပ်တိုး စိတ်ဖိစီးတာမျိုး မဖြစ်စေဖို့ သူတို့လေးတွေရဲ့ တစ်နေ့တာကို သူတို့လေးတွေ အသားကျပြီးသား အခြေအနေမျိုးနဲ့ပဲ ကျော်ဖြတ်နိုင်ဖို့ လုပ်ဆောင်ပေးပါ။ 

အိပ်ချိန်၊ စားချိန်၊ ကစားချိန်တွေကို အချိန်မှန်စေဖို့ ဂရုစိုက်ပေးပါ 

ကလေးကို မနက်စာ၊ နေ့လယ်စာ၊ ညစာတွေကို အချိန်လေးတွေ တိတိကျကျ သတ်မှတ်ပေးထားပြီး အချိန်မကျော်စေဘဲ ပြင်ဆင်ပေးတာ၊ ကစားချိန်မှာ ပေးကစားတာ၊ အိပ်ရာဝင်ချိန်ကို တိတိကျကျ သတ်မှတ်ပေးတာကလည်း ကလေးကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုကနေ အတိုင်းအတာ တစ်ခုအထိ သက်သာစေပြီး Terrible Two ကာလကို ကောင်းကောင်း ကျော်ဖြတ်နိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။

ကလေးကို ရွေးချယ်ခွင့်ပေးပါ 

ကလေးကို မနက်စာကစလို့ သူ့အတွက် ပြင်ဆင်ပေးတဲ့ အရာရာတိုင်းကို သူစိတ်ကြိုက် ရွေးချယ်ခွင့်ပေးပါ။ ဥပမာ – မနက်စာကို နို့နဲ့ ပေါင်မုန့်စားမလား။ ဒါမှမဟုတ် ထမင်းကြော်စားမလား စသဖြင့်ပေါ့။ ရေခွက်ကိုဆိုရင်လည်း ဘယ်အရောင်ခွက်နဲ့ သောက်မလဲ။ အဝတ်အစားဆိုရင်လည်း ဘာလေးဝတ်ချင်လဲ စသဖြင့်ပေါ့။ 

ကလေးကို စိတ်ခံစားချက်တွေအကြောင်းတွေ နားလည်အောင် ပြောပြပေးပါ

ကလေးက တစ်ခုခုကို စိတ်တိုင်းမကျလို့ အော်ဟစ်ပေါက်ကွဲတာမျိုး လုပ်တဲ့အခါမျိုးမှာလည်း ကလေးကို ဆူတာမျိုးထက် ကလေးကို နားလည်အောင် ပြောပြပေးပါ။ 

ဝမ်းနည်းတယ်ဆိုတာ ဘယ်လို၊ လိုချင်တာမရလို့ ဒေါသထွက်တယ်ဆိုတာ ဘယ်လိုမျိုး ဆိုတာကိုပေါ့။ စိတ်ခံစားချက်တွေကို နားလည်စေပြီး ဒါကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သင်ပေးတာမျိုးပါ။

ဥပမာ –  သားသားလိုချင်တာ မရလို့ ဒေါသထွက်တာကို နားလည်တယ်။ ဒါပေမဲ့ ဒေါသထွက်တိုင်း ပစ်လှဲပြီး အော်ဟစ်တာမျိုး မလုပ်ရဘူးဆိုတာမျိုးပေါ့။ ကလေးခံစားချက်ကို ကိုယ်က နားလည်ပါတယ်ဆိုတဲ့ သဘောမျိုး ပြသပြီး ဖြည်းဖြည်းချင်း သင်ပေးရမှာပါ။

ကလေးကို စိတ်ပျော်စေမှာလေးတွေ လုပ်ပေးပါ

ဒီကာလမှာ ကလေးက အပြုအမူ ဆန်းလေးတွေကို လုပ်တတ်ကြပါတယ်။ ဥပမာ – စကားကို ပြောင်းပြန်ပြောတာမျိုး၊ သီချင်းတွေကို သက်သက် မှားအောင် အော်ဆိုတာမျိုးတွေပေါ့။ လူကြီးတွေအတွက် ပေါတောတော အပြုအမူလို့ ထင်စရာ ရှိပေမယ့် သူတို့လေးတွေအတွက်တော့ ဒီလို အပြုအမူလေးတွေက စိတ်သက်သာရာ ရစေပါတယ်။ ဒါကြောင့် ကလေးနဲ့ အတူတူ သီချင်းတွေ အော်ဆိုတာအပါအဝင် သူလုပ်နေတဲ့ အရာတွေကို အတူတူ လိုက်လုပ်ပေးလိုက်ပါ။

ကလေးကို တစ်ယောက်တည်း ပစ်မထားပါနဲ့ 

ဒီကာလမှာ ကလေးက အရာရာကို စိတ်တိုင်းမကျ ဂျီကျနေတာက မေမေဖေဖေတို့ကို စိတ်ပင်ပန်းစေနိုင်တယ် ဆိုပေမယ့် ကလေးကို ပစ်ထားတာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်တာက ကလေးကို အထီးကျန်စေပြီး စိတ်ခံစားမှုပိုင်းမှာ ထိခိုက်တာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကလေးက ပြောရခက်ရင်တောင် ကလေးကို တစ်ယောက်တည်း ပစ်ထားတာမျိုး မလုပ်ပါနဲ့။ 

အာဟာရပြည့်ဝစေဖို့ မမေ့ပါနဲ့

ဒီကာလမှာ ကလေးက ဘာကိုမဆို မစားချင်ဘူးဆိုပြီး ငြင်းတာမျိုးတွေ၊ နည်းနည်းပဲ စားပြီး ဆက်မစားတာ မျိုးတွေ ရှိနိုင်ပါတယ်။ ဒီလို အခြေအနေမှာ ကလေးက မစားဘူး ငြင်းနေရင်တောင် ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ဒီကာလမှာ ကလေး အာဟာရ ပြည့်ဝဖို့ကလည်း တော်တော်လေးကို အရေးပါပါတယ်။ ဒါကြောင့် ကလေး ကြီးထွားဖွံ့ဖြိုးဖို့ရမှာ လိုအပ်မယ့် အာဟာရတွေကို ပြည့်ဝစေဖို့ အစာအုပ်စုတွေကို စုံလင်အောင် ကျွေးပေးဖို့ လိုပါမယ်။ ဥပမာ – 

  • ပရိုတင်း ပြည့်ဝစေဖို့ အသား၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး
  • ကယ်လ်ဆီယမ် ပြည့်ဝစေဖို့ နို့နဲ့ နို့ထွက်ပစ္စည်း၊ ဖော်မြူလာနို့
  • ဗီတာမင်တွေ ပြည့်ဝစေဖို့ အသီးအရွက်တွေ၊ သစ်သီးတွေ စသဖြင့်ပေါ့။ တကယ်လို့ ကလေးက မေမေပြင်ဆင်ပေးတဲ့ ထမင်းနဲ့ ဟင်းတွေကို စားဖို့ ငြင်းမယ်။ နည်းနည်းပဲ စားတာမျိုးတွေ လုပ်နေလို့ အာဟာရ မပြည့်မှာစိုးရင်တော့ တစ်ခွက်တည်းမှာတင် သားသားမီးမီးတို့ ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ပရိုတင်း၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အပြင် Dual Fiber၊ DHA ပါဝင်နေတဲ့ ဖော်မြူလာနို့လေးကို ပြင်ဆင်ပေးတာကလည်း စားစရာတွေကို မစားချင်ဘဲ ဘာကျွေးကျွေး ဟင့်အင်း ငြင်းတတ်တဲ့ သားသားမီးမီးတို့အတွက် အာဟာရလိုအပ်ချက် မရှိစေဖို့ ဖြည့်ဆည်းပေးမှာပါ။ ဒါကြောင့် ကလးကို ဘာကျွေးကျွေး ငြင်းတတ်တဲ့ ဒီကာလမှာ ကလေးရဲ့ နေ့စဉ် စားသုံးမှုမှာ ဖော်မြူလာနို့လေး ပါဝင်အောင် ပြင်ဆင်ပေးတာကလည်း နည်းလမ်းကောင်းပါ။ 

ကဲ …. အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေနဲ့ Terrible Two ကာလကို ကလေးရော မေမေဖေဖေတို့ပါ အကောင်းဆုံး ကျော်ဖြတ်နိုင်ပါစေကြောင်း ……

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 20/05/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement