backup og meta

ပြီးပြည့်စုံတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပြီးပြည့်စုံတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း

    တကယ်တော့ ပြီးပြည့်စုံတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း က မိဘတွေရဲ့ ပြုစုစောင့်ရှောက်မှုအပေါ်မှာ မူတည်နေပါတယ်။ ကလေးတွေဆိုတာ မိဘတွေ ထားရာနေ၊ ကျွေးတာစား၊ သင်ပေးတဲ့အတိုင်း ကြီးပြင်းလာရတာမလား။ ကလေးတစ်ယောက် ပြီးပြည့်စုံတဲ့ ဖွံ့ဖြိုးတိုးတက်မှုရဖို့ တစ်နည်းအားဖြင့် ဦးနှောက်လည်း ဖွံ့ဖြိုး၊ ခန္ဓာကိုယ်လည်း ဖွံ့ဖြိုးစေဖို့ မိဘတွေ ဘယ်လိုများ စောင့်ရှောက်ကြရင် ကောင်းမလဲ။

    ပြီးပြည့်စုံတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း ကို စတင်လှမ်းလျှောက်နိုင်ဖို့

    ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုဆိုတာ ကလေးလေး ပေါင်ချိန်တက်လာတာနဲ့တင် မပြီးသေးပါဘူး။ သူ့အရွယ်အလိုက် milestonesတွေ၊ ဦးနှောက်ဖွံ့ဖြိုးမှုတွေ ရှိဖို့ လိုသလို ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့လည်း လိုသေးတယ်မလား။

    ဒီလိုဆိုတော့ ကလေးတစ်ယောက်ကို ပြီးပြည့်စုံတဲ့ ဖွံ့ဖြိုးတိုးတက်မှုရအောင် လုပ်ရတာ မလွယ်ပါလားလို့ မေမေတို့ တွေးမိကြတယ်ဟုတ်။ ဒါတွေကို တစ်ခုချင်းဆီ ရှင်းပြသွားမှာမို့လို့ ဆောင်းပါးအဆုံးကျရင် မေမေတို့ ဘာလုပ်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်းသိသွားမှာပါ။

    ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက်

    ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ကလေးတွေမှာ ကိုယ်အလေးချိန် ပုံမှန်တက်တာ၊ milestonesတွေအတိုင်း ကြီးထွားလာတာ၊ မကြာခဏ နေမကောင်းမဖြစ်တာ စတာတွေ ပါဝင်ပါတယ်။ 

    ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် မေမေတို့ ကူပေးနိုင်တာကတော့

    • ကလေးတွေ milestonesတက်ဖို့ ကူညီလေ့ကျင့်ပေးပါ။

    မှောက်တာ၊ ထိုင်တာ၊ မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာ၊ စကားပြောတာတွေက သူ့အလိုလိုဖြစ်လာမှာဆိုပေမယ့် ဘေးနားက မိဘတွေရဲ့ ပံ့ပိုးမှုလည်း လိုပါတယ်။ ဥပမာ ကလေးကို tummy timeကျင့်ပေးတာ၊ သူစကားပြောလာအောင် မြှူပေးတာမျိုးပေါ့။

  • အာဟာရပြည့်ဝအောင် ကျွေးမွေးပါ။
  • ကလေးတွေ ထိုင်တာ၊ ထတာတွေက ကြွက်သားတွေ အသုံးပြုရသလို ဒီကြွက်သားတွေကိုလည်း ဦးနှောက်က ထိန်းချုပ်ထားတာပါ။ ဒီတော့ ကြွက်သားတွေ၊ ဦးနှောက်တွေအတွက် လိုအပ်တဲ့ အာဟာရတွေ ဖြည့်ပေးဖို့ လိုတာပေါ့။ မိခင်နို့တိုက်တဲ့ ကလေးတွေကတော့ မိခင်နို့နဲ့တင် ပြည့်စုံနေပြီမို့လို့ ဘာမှမလိုတော့ပါဘူး။

    အကြောင်းအမျိုးမျိုးကြောင့် ဖော်မြူလာတိုက်ရမယ်ဆိုရင်တော့ ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ ဦးနှောက်ဖွံ့ဖြိုး ဉာဏ်ရည်ထက်မြက်ဖို့အတွက် DHAပါတာတွေ ရွေးချယ်သင့်ပါတယ်။

    • ကာကွယ်ဆေးတွေ အပြည့်အစုံထိုးထားပါ။

    ကလေးတွေမှာ ခုခံအားက မိခင်နို့ကနေတဆင့် ရတယ်ဆိုပေမယ့် ကြာလာလေလေ နည်းလာလေလေ ဖြစ်လို့ ကိုယ်တိုင် ကာကွယ်ဆေးထိုးထားတာက ပိုပြီး စိတ်ချရပါတယ်။ ကာကွယ်ဆေးထိုးပြီး ကာကွယ်ရတဲ့ ရောဂါတွေက ဖြစ်လာရင် ကုစရာဆေးမရှိသလို ကလေးတွေကို သေဆုံးတာ၊ မသန်စွမ်း ဖြစ်သွားစေနိုင်တာကြောင့် အသက်အလိုက် စုံစုံလင်လင် ထိုးထားပေးဖို့ လိုပါတယ်။

    ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက်

    မွေးစကနေ ၅နှစ်အထိက ဘဝတလျှောက်လုံးမှာ ဦး‌နှောက်ဖွံ့ဖြိုးမှု အဖြစ်ဆုံးအရွယ်ပါ။ ဒါကြောင့် ဒီအရွယ်လေးတွေကနေစပြီး ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့ (IQ)၊ စိတ်ခံစားချက်ကောင်းမွန်ဖို့ (EQ) မိဘတွေက ကူညီပေးရမှာပါ။

    မေမေတို့ လုပ်ပေးရမယ့် နည်းလမ်းတွေကတော့

    • ကလေးနဲ့ အဆက်အသွယ်ပြုလုပ်နေပါ။

    မွေးစကလေးတွေက မေမေတို့ ပြောနေတာကို နားလည်ချင်မှ နားလည်မှာပါ။ ဒါပေမဲ့ သူတို့ရဲ့ ဦးနှောက်က မေမေတို့နဲ့ ဆက်သွယ်ဖို့ ကြိုးစားနေတာကြောင့် ကလေးကို မြှူပေးပါ။ စကားပြောပေးပါ။ စာဖတ်ပြတာ၊ အရုပ်လေးတွေ ပြတာ လုပ်ပေးပါ။

  • ကလေးနဲ့ အတူဆော့ပေးပါ။
  • ဆော့တတ်တဲ့အရွယ်ရောက်ပြီဆိုရင် သူနဲ့အတူ ကစားစရာလေးတွေ အသုံးပြုပြီး ဆော့ပေးပါ။ ကလေးတွေက learn through playလို့ခေါ်တဲ့ နေ့စဉ်ဆော့ကစားရာကနေ ပတ်ဝန်းကျင်ကအရာတွေကို သင်ယူနေတာ ဖြစ်ပါတယ်။

    • ကလေးကို စိတ်ဖိစီးအောင် မလုပ်ပါနဲ့။

    ကလေးကို ရိုက်နှက်တာ၊ ထမင်းကုန်အောင် မစားလို့ ဆူပူကြိမ်းမောင်းတာ၊ ကလေးကို တစ်ယောက်တည်း ပစ်ထားတာ ဒါတွေကို မလုပ်ရပါဘူး။ ဒီအချက်တွေက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ စိတ်ခံစားချက်ကို ထိခိုက်စေနိုင်ပါတယ်။

    စိတ်ဒဏ်ရာရထားတဲ့က‌လေးတွေက ဖွံ့ဖြိုးမှုနှေးကွေးသလို နောက်ပိုင်း စာသင်တဲ့အခါမှာလည်း အခက်အခဲရှိနိုင်ပါတယ်။ 

    အဲ့ဒီအစား ကလေးကို နွေးနွေးထွေးထွေး ဆက်ဆံတာ၊ ကလေးရင်ဖွင့်တာကို နားထောင်ပေးတာ၊ အခက်အခဲတွေကို ကူညီဖြေရှင်းပေးတာက ကလေးတွေရဲ့ စိတ်ကို လုံခြုံမှုဖြစ်စေမှာပါ။

  • အာဟာရပြည့်ဝအောင် ကျွေးပါ။
  • ဦးနှောက်ဖွံ့ဖြိုးဖို့အတွက်လည်း အာဟာရက အရေးပါတဲ့ နေရာကနေ ပါဝင်နေပါတယ်။ အနည်းဆုံး ကလေးအသက်၆လအထိ မိခင်နို့တိုက်ပါ။ ကလေးအသက်၂နှစ်အထိ တိုက်နိုင်ရင် ပိုကောင်းပါတယ်။

    ဖြည့်စွက်စာ စားတဲ့အချိန်ရောက်ရင် အာဟာရပြည့်ဝအောင် စုံစုံလင်လင် ကျွေးမွေးပါ။ ဖော်မြူလာနို့တွေ တိုက်မယ်ဆိုရင်လည်း ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးတဲ့ DHAပါတာကို ရွေးချယ်ပါ။

    • ဦးနှောက်ကို ထိခိုက်ဒဏ်ရာတွေနဲ့ ကူးစက်ရောဂါတွေကနေ ကာကွယ်ပါ။

    ဦးနှောက်ဖွံ့ဖြိုးစ အရွယ်မှာ မတော်တဆ ဦးခေါင်းထိခိုက်ဒဏ်ရာတွေ ရခဲ့ရင် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကလေးဆော့တဲ့အခါ၊ ကလေးနဲ့ အပြင်သွားတဲ့အခါ၊ ကားစီးတဲ့အခါ သတိထားပါ။

    ကူးစက်ရောဂါတွေအတွက်က ကာကွယ်ဆေးတွေကို အသက်အလိုက် ပြည့်ပြည့်စုံစုံထိုးထားပါ။ ဒါဆိုရင် ဦးနှောက်ကို ထိခိုက်နိုင်တဲ့ ပိုးတွေကနေ ကာကွယ်ပြီးသား ဖြစ်မှာပါ။

    ပြီးပြည့်စုံတဲ့ ကလေးတစ်ယောက်ဖြစ်လာဖို့ မေမေတို့အနေနဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ စိတ်ခံစားချက် ဒါတွေအကုန်လုံးကို မျှမျှတတ ဂရုစိုက်ဖို့ လိုပါတယ်။ ဒီအရွယ်လေးတွေက ဘဝရဲ့ တာထွက်အစ ဖြစ်တာကြောင့် သေချာဂရုစိုက်ပေးမှု ပြီးပြည့်စုံစွာ ကြီးပြင်းလာမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement