home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

သင့်ကလေး အငိုမတိတ်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

သင့်ကလေး အငိုမတိတ်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

ငိုကြွေးခြင်းဟာ စကားမပြောတတ်သေးတဲ့ ကလေးတစ်ယောက်အတွက်တော့ သူရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြသခြင်း တစ်မျိုးပါ။ ဘာဖြစ်နေတယ်လို့ သဲသဲ ကွဲကွဲလည်း ကလေးကမပြောတတ်တော့ငို၊ ဘယ်လိုချော့ချော့ ကလေးအငိုမတိတ်တော့ ဘာဖြစ်လို့ ဘာဖြစ်မှန်းမသိတဲ့ မေမေတို့ကလည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်၊တတ်ကြပါတယ်။ ဘာတွေများဖြစ်နေလို့ ကလေးက ငိုရတာလဲ ။ ။

ကလေးကို အငိုမတိတ် စေသည့် အဖြစ်အများဆုံး အကြောင်းအရာများ ။ ။

ဗိုက်ဆာနေခြင်း

ဒါကတော့ သိနိုင်ဖို့ အလွယ်ကူဆုံးပါ။ မွေးကင်းစ ကလေးတွေဆိုတော့ အိပ်မယ် ၊နိုးလာရင် ဗိုက်ဆာမယ်၊ ငိုမယ် ၊ နို့သောက်မယ်။ သူတို့အတွက် ဒါတွေလုပ်စရာပဲ ရှိတာဆိုတော့ ကိုယ်နို့တိုက်ထားတာ ကြာသွားလို့ ကလေးငိုနေပြီဆိုရင် သိသာပါတယ်။ ဒါသူ ဗိုက်ဆာလို့ ငိုတာပါ။ ငိုတိုင်း ဗိုက်ဆာတာ တစ်ခုတည်းကြောင့်လို့ စွပ်စွဲလို့မရပါဘူး။ အခြား အကြောင်းအရာတွေ အများကြီးရှိပါသေးတယ်။

ကလေးက အိပ်ချင်နေခြင်း –

အိပ်ရေးမဝရင်လူကြီးတွေ့ပဲ စိတ်ရှုပ်တတ်တာ မဟုတ်ပါဘူး။ တစ်နေ့ကို ၁၈ နာရီလောက်အိပ်ဖို့လိုတဲ့ ကလေးတွေက အိပ်ရေးမဝရင် ပိုလို့တောင် စိတ်ရှုပ်တတ်ပါတယ်။ ကလေးကိုချစ်လို့ ၊ တစ်ချိန်လုံး အိပ်နေရင် နေမကောင်းဖြစ်မှာဆိုးလို့ဆိုပြီး ကလေးမအိပ်အောင် တစ်ချိန်လုံး မြူဆွယ်နေတဲ့အခါ ကလေးအိပ်ငိုက်လာပြီး စိတ်တိုလာပါလိမ့်မယ်။ အဲဒီ အချိန်ရောက်ရင် ကလေးကို ပြန်ချော့ပြီး အိပ်အောင် သိပ်ပေးပါ။ ဒါဆို အ ငိုတိတ်သွားပါလိမ့်မယ်။

သေးခံလဲပေးဖို့လိုနေခြင်း-

ကလေးဆိုပြီး အသန့်အပြန့်အကြောင်း နားမလည်ဘူးလို့ မထင်လိုက်ပါနဲ့။ တစ်ချိန်လုံး သေးခံနဲ့ နေရတာဖြစ်တဲ့အတွက် သေးခံညစ်ပတ်သွားရင် အသစ်လဲပေးဖို့လိုနေပြီဖြစ်ကြောင်း သင့်ကို ပြောပါလိမ့်မယ်။ သေးခံထဲမှာ ဝမ်းရော ဆီးရောသွားထားရင် နေရတာ သက်တောင့်သက်တာ မရှိတော့လို့ အသစ်လဲ မပြီးမချင်း ငိုပါလိမ့်မယ်။ အိပ်ရေးလည်းဝနေတယ် ၊ နို့လည်း အဝတိုက်ထားရက်နဲ့ ကလေးက ငိုနေပြီဆိုရင်တော့ သေးခံကို တစ်ချက်စစ်ကြည့်ဖို့ လိုပါတယ်။ သေးခံလောင် တာကြောင့်လည်း သင့်ကလေး ငိုတတ်ပါတယ်။

ကလေးဗိုက်ထဲ လေထိုးနေတာလည်းဖြစ်နိုင်ပါတယ်။

လူကြီးတွေတောငိ လေထိုးလေအောင့်ဖြစ်ရင် အတော်ခံရတာ စကားမပြောတတ်သေးတဲ့ ကလေးတွေ အတွက်ဆို ပိုဆိုးတာပေါ့။ ဘာဖြစ်နေလဲဆိုတာကိုလည်း မပြောတတ် နာလည်း နာနေတော့ စွတ်ငိုတတ်ကြပါတယ်။ ဒီလို လေအောင့်တဲ့ ဝေဒနာဟာ ကလေး အသက် တစ်လလောက်မှာ ဖြစ်တာများပြီး ကလေးအသက် ၄လ ၅လလောက်ဆို ပြန်ပျောက်သွားတတ်ပါတယ်။ ဒီလို လေအောင့် ဝေဒနာကို ကာကွယ်ချင်တယ်ဆိုရင်တော့ နို့တိုက်ပြီးတိုင်း ကလေးကို လေထုတ်ပေးပါ။

အဝတ်တွေစည်းထားတာ ကြပ်နေလို့လည်းဖြစ်နိုင်ပါတယ်။

ကလေးကနုသေးတော့ ပတ်ဝန်းကျင် အအေးဒဏ်ကို မခံနိုင်မှာစိုးလို့၊ ခြင်ကိုက်မှာ စိုးလို့ဆိုပြီး ကလေး ကိုအဝတ်တွေနဲ့ တစ်အားပတ်ထား၊ ထုတ်ထားတဲ့ မိဘတွေ ရှိကြပါတယ်။ ကလေးက ငယ်သေးတယ်ဆိုပေမယ့် သူလည်း လက်တွေ ခြေတွေ ဆန့်ချင် လှုပ်ချင်မှာပေ့ါ။ ဒါကို အတင်းကြပ်အောင် အဝတ်တွေနဲ့ ထုတ်တားတဲ့အခါကျ သူစိတ်ရှုပ်လာပြီး စငိုပါလိမ့်မယ်။ ဒါကြောင့် ကလေးကို အဝတ်ဝတ်ပေး၊ အနှီးထုတ်ပေးတဲ့အခါကျ ချောင်ချိပြီးလေဝင်လေထွက်ကောင်းဖို့ လိုအပ်ပါတယ်။

နှာခေါင်းပိတ် နေခြင်း

လူကြီးတွေမှာ နှာခေါင်းပိတ်လို့ အသက်ရှူမဝဖြစ်တဲ့အခါ နေရထိုင်ရတာ ကသိကအောက် ဖြစ်သလိုပဲ ကလေးတွေ နှာခေါင်းပိတ်တဲ့အခါမှာလည်း အသက်ရှူမဝဖြစ်ပြီး စိတ်တိုကြပါတယ်။ အဲဒီမှာ စငိုတော့တာပါပဲ။ ဒါကြောင့် ကလေးငိုနေုပြီဆို သူတို့နှာခေါင်းနားကို လက်ကလေးနဲ့စမ်းကြည့်ပါ. တစ်ဘက်ဘက်က လေသွင်းလေထုတ် မလုပ်တော့ဘူးဆိုရင် ဒါ နှာခေါင်းပိတ်နေတာဖြစ်ပါတယ်။

သွားပေါက်ခြင်း

ကလေးအသက် ၃ လပတ်ချာလည်လောက်ဆို သွားလေးတွေ စထွက်လာပါပြီ။ ဒီအချိန်ဟာ မေမေတို့ တကယ်ကို အလုပ်ရှုပ်ရတဲ့အချိန်ပါ။ နို့လည်းတိုက်တား၊ အိပ်ရေးလည်းဝထား၊ နေလည်းကောင်းနေရက်နဲ့ ကလေးက ငိုနေပြီ၊ ကလေးအသက်ကလည်း ၃ လပတ်ချာလည်လောက်ရောက်နေပြီဆိုရင် ဒါ သွားပေါက်လိုငိုတာ ဖြစ်နိုင်ပါတယ်။ သွားပေါက်ပေါက်ချင်း သွားဖုံးနာတတ်တဲ့အတွက် ကလေး သွားဖုံးလေးကို ဖိဖိပေးပါ၊ သွားယားရင် ကိုက်ဖို့အတွက် အရုပ်လေးတွေလည်း ဝယ်ထားပေးပါ။

ကလေးကိုအရမ်းကြီး ဂရုစိုက်နေရင် ကလေးစိတ်ရှုပ်ပြီး ငိုတတ်သလို တစ်ယောက်တည်း ပစ်ထားတာကြာသွားရင်လည်း ကလေးက ငိုတတ်ပါတယ်။ ဒါတွေကတော့ ဘာရောဂါအခံကြောင့် မဟုတ်ဘဲ ကလေးငိုရတဲ့ ပုံမှန် အကြောင်းအရင်းတွေ ပဲ ဖြစ်ပါတယ်။

ဘယ်လို အချိန်တွေ မှာကလေးငိုရင် စိုးရိမ်ရမလဲ ။ ။ ဆရာဝန်ဆီ သွားဖို့လိုမလဲ ။ ။

  • ကလေးက အပြင်းဖျား နေတာ
  • တစ်နေရာရာကို ထိလိုက်တာနဲ့ ကလေးက အထိမခံဘဲ အပြင်းအထန်ငိုတာ
  • ကလေးကိုယ်မှာ အင်ပြင်ထွက်နေပြီး ဓာတ်မတည့်တာမျိုးတွေ ဖြစ်တဲ့အခါ
  • ကလေးဝမ်းလျှောနေတာ၊ ပျို့အန်နေတာ တွေပါ ငိုတာနဲအတူ တွဲရှိရင်တော့ ဆရာဝန်ဆီသွားဖို့လိုအပ်ပါပြီ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 2 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။