home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးဘဝမှာကတည်းက ကျန်းမာပျော်ရွှင်နေစေဖို့ သကြားလျှော့ကျွေးပါ

ကလေးဘဝမှာကတည်းက ကျန်းမာပျော်ရွှင်နေစေဖို့ သကြားလျှော့ကျွေးပါ

ကိုယ့်ရဲ့ကလေး အကောင်းဆုံးကြီးထွားလာစေဖို့တာဝန်ကို အဓိကယူထားသူတွေက မေမေနဲ့ဖေဖေပေါ့။ ကိုးလလွယ်လို့ဆယ်လဖွားထားရတဲ့ကလေးကို အကောင်းဆုံးရှင်သန်ကြီးပြင်းဖို့ မေမေတိုင်းလုပ်ပေးချင်မှာပါ။ ဒါဆိုရင်ဘာလုပ်မလဲ ငယ်ငယ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံနဲ့ နေထိုင်မှုအလေ့အထကို ပျိုးထောင်ပေးရုံပေါ့။

ကလေးတစ်ယောက် ကောင်းစွာကြီးပြင်းစေဖို့ ဂရုစိုက်သင့်တဲ့အချက်တစ်ခု

ကလေးတစ်ယောက် ကောင်းစွာကြီးပြင်းစေဖို့ဆိုရင် အာဟာရပြည့်ဝအောင်ကျွေးမွေးတာအပြင် ငယ်စဉ်ကတည်းက သကြားလျှော့ကျွေးဖို့လည်းလိုပါမယ်။ ခန္ဓာကိုယ်အတွက် အချိုဓာတ်က လိုတယ်ဆိုပေမယ့် လိုတာထက်ပိုတဲ့အခါ ကလေးရဲ့ လက်ရှိကျန်းမာရေးအခြေအနေပေါ်မှာရော၊ ရေရှည်ကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ ထိခိုက်စေနိုင်ပါတယ်။

သကြားဆိုတာက

သကြားဆိုတာက များသောအားဖြင့် အစားအစာတွေ နဲ့သောက်စရာတွေထဲမှာ ပါလေ့ရှိတဲ့ ကာဗိုဟိုက်ဒရိတ်တစ်မျိုးပါ။ ကော်ဖီနဲ့ အခြားသောမြန်မာမုန့်တွေစားတဲ့အခါမှာလည်း သကြားကိုတွဲဖက်ပြီး စားတတ်ကြပါသေးတယ်။ ဟင်းချက်တဲ့အခါ ထည့်သုံးတတ်ကြသလို သစ်သီးဖျော်ရည်တွေထဲကိုလည်း ထည့်ကြပါတယ်။ အချိုပွဲတော်တော်များများမှာလည်း သကြားက မပါမဖြစ်ပါရသေးတယ်နော်။

သကြားကစွဲလမ်းစေတတ်လား……

သကြားကစွဲလမ်းစေတတ်တဲ့သဘောရှိပါတယ်။ အချိုရည်တွေ၊ ဒိုးနတ်စ်လိုမျိုး မုန့်ချိုချိုလေးတွေကို တစ်ခါလောက်စားပြီးရင်နောက်ထပ်စားချင်လာတယ်ဆိုတာက သကြားကြောင့်ဖြစ်လာတဲ့ စွဲလမ်းမှုပါ။ သကြားက စွဲလမ်းစေတတ်လားဆိုတာကို အတည်ပြုချင်ရင် ကလေးတွေကိုသာကြည့် စစားဖူးထဲကက အချိုအရသာကိုစားဖူးလို့ တစ်ချိန်လုံး သကြားလုံးတွေ၊ ဂျယ်လီတွေနဲ့ အချိုရည်တွေကိုပဲ နှစ်နှစ်ခြိုက်ခြိုက်စားရင်း ငယ်သွားလေးတွေက သွားပိုးစားတာကို သာကြည့်တော့လေ။

သကြားကို ငယ်စဉ်ကတည်းကလျှော့ကျွေးပါလို့ ဘာကြောင့်ပြောရတာလဲ………..

သကြားကိုငယ်စဉ်ကတည်းက လျှော့ကျွေးပါလို့ပြောရတဲ့အကြောင်းကတော့ ရှင်းပါတယ်။ ကလေးကို ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းစေချင်တဲ့ ဖေဖေမေမေတို့ရဲ့ ဆန္ဒပြည့်ဝစေဖို့ပါ။ အကြောင်းကတော့ ကလေးဆိုတာက အချိုကြိုက်မယ်။ ဒါကို မေမေဖေဖေတို့ကလည်း ကလေးစိတ်ချမ်းသာရင်ပြီးရောဆိုပြီးကျွေးမယ်ဆိုရင် ကလေးမှာ ထိခိုက်လာနိုင်တာတွေက အများကြီးပါ။

သကြားကိုလိုတာထက်ပိုစားတဲ့အခါ ကလေးမှာ

  • ချောင်းဆိုးတာ
  • သွားပိုးစားတာ
  • အာရုံစိုက်နိုင်စွမ်းထိခိုက်တာ
  • ဦးနှောက်ဖွံ့ဖြိုးမှုအပေါ်မှာ ထိခိုက်တာ
  • အဝလွန်တာ
  • အာဟာရချို့တဲ့တာ
  • သွေးတွင်းသကြားဓာတ်မြင့်တက်တာ
  • ဆီးချိုရောဂါ
  • နှလုံးထိခိုက်တာ
  • ကျောက်ကပ်ထိခိုက်တာ
  • သကြားစွဲလမ်းတာ
  • ကင်ဆာရောဂါ နဲ့
  • စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်နိုင်စွမ်းကိုထိခိုက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

ဘယ်အရွယ်မှာ သကြားစကျွေးမလဲ….

ကိုယ့်ရဲ့ကလေးက ငယ်စဉ်ကတည်းက မိခင်နို့ကိုသောက်ခဲ့တာကြောင့် သူတို့ပထမဆုံးခံစားမိတာက အချိုအရသာပါ။ ဒီတော့အချိုကြိုက်တာက မဆန်းဘူးဆိုပေမယ့် ကလေးတစ်ယောက်ကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ဆိုရင် အသက် ၂ နှစ် လောက်မှစပြီး သကြားနဲ့မိတ်ဆက်ပေးတာ အကောင်းဆုံးပါ။ သကြားဆိုတဲ့နေရာမှာ အချိုရည်တွေ၊ သကြားလုံး၊ ဂျယ်လီ နဲ့ ကိတ်မုန့်တွေအားလုံးအကျုံးဝင်ပါတယ်နော်။ ၂ နှစ်အောက်ကလေးတွေကိုတော့ သကြားလုံးဝမကျွေးသင့်တာပါ။

ဘယ်လောက်ဆို အိုကေလဲ……….

အသက်အရွယ်အလိုက် သကြားစားသုံးနိုင်တဲ့ ပမာဏကွာခြားနိုင်ပါတယ်။ လေ့လာမှုတွေအရကတော့ အသက် ၂ နှစ်ကနေ ၁၈ နှစ်အတွင်း ကလေးတစ်ယောက်ဟာ တစ်နေ့ကို သကြား လက်ဖက်ရည်ဇွန်း ၆ ဇွန်းစာလောက်ပဲစားသင့်တာပါ။ ဒီပမာဏထဲမှာ သကြားအပြင် အချိုဓာတ်ပါဝင်နေတဲ့ အစားအစာအားလုံးကိုပါ ထည့်သွင်းဖို့တော့ မမေ့ပါနဲ့။

ဒါကြောင့် ကလေးကို ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်သူတစ်ဦးအဖြစ်ကြီးပြင်းလာစေချင်တယ်ဆိုရင် ငယ်စဉ်အချိန်ကတည်းက သကြားကိုလျှော့ကျွေးပေးပါနော် မေမေဖေဖေတို့ရေ……………

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Sugar: How Bad Are Sweets for Your Kids? https://health.clevelandclinic.org/sugar-how-bad-are-sweets-for-your-kids/ Accessed Date 25 November 2019

Too Much Sugar Can Cause Health Problems in Kids https://www.verywellfamily.com/is-too-much-sugar-harmful-to-kids-22337 Accessed Date 25 November 2019

Not So Sweet: New Sugar Limits for Kids Announced https://www.livescience.com/55843-new-sugar-limits-for-kids-announced.html Accessed Date 25 November 2019

Toddlers Are Eating More Sugar Than What’s Recommended for Some Adults https://www.healthline.com/health-news/toddlers-eating-more-sugar-than-recommended-for-adults Accessed Date 25 November 2019

Babies and Sugar: When Should You Introduce Sweets? https://www.everydayfamily.com/blog/babies-sugar-introduce-sweets/ Accessed Date 25 November 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။