ဘေဘီလေးတစ်ယောက် ကောင်းမွန်ကြီးပြင်းစွာ အရွယ်ရောက်လာ စေဖို့ဆိုရင် ငယ်စဉ်ကတည်းက လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝဖို့ လိုမှာပါ။ ဒီလိုပြည့်ဝဖို့ လိုအပ်တဲ့ အာဟာရတွေထဲကမှ အရိုးနဲ့ သွားတွေကို အကောင်းဆုံး သန်မာစေတယ်လို့ သိထားကြတဲ့ ကယ်လ်ဆီယမ် အကြောင်းလေး ပြောပြပေး ပါရစေနော်။
ဘေဘီလေး နဲ့ ကယ်လ်ဆီယမ်
မွေးစမှာ ဘေဘီလေးတွေက လိုအပ်တဲ့ အာဟာရတွေကို မေမေ့နို့ကနေ အကုန်လုံး ရယူရပါတယ်။ ဒီလိုကနေ အရွယ်ရောက် လာတဲ့အခါ နေ့စဉ် စားသုံးမှုကနေတဆင့် ကယ်လ်ဆီယမ်ကို ရယူကြပါတယ်။ ဒီလို ရယူတဲ့အခါ ဖွံ့ဖြိုးဆဲ အချိန်မှာ အပြည့်အဝ ရရှိဖို့ လိုပါမယ်။
ဒီလိုမှမဟုတ်ရင် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုမှာ ထိခိုက်တာ၊ အရွယ်ရောက်လာတဲ့အခါ ကြီးထွားဖွံ့ဖြိုးမှု အားနည်းတာ၊ အသက်အရွယ်ရလာတဲ့အခါ အရိုးပွတာ၊ အရိုးပါးတာလိုမျိုး ပြဿနာတွေ ခံစားရနိုင် ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ငယ်စဉ်ကစပြီး ကယ်လ်ဆီယမ် လုံလောက် ပြည့်ဝစေဖို့ သတိပြုသင့်ပါတယ်။
ကယ်လ်ဆီယမ်ရဲ့ အခန်းကဏ္ဍ
ကယ်လ်ဆီယမ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေထဲမှာ တစ်ခုအပါအဝင်ပါ။ ကယ်လ်ဆီယမ်က ဘေဘီလေးတွေကို
- အရိုးတွေ သန်မာစေတယ်
- သွားတွေ ကြံ့ခိုင်စေတယ်
- သွေးတိတ်စေဖို့ ထောက်ပံ့ပေးတယ်
- အာရုံကြော စနစ်ကို အချက်ပြမှုတွေကို လက်ခံရရှိစေတယ်
- ကြွက်သားတွေကို ဖြစ်ပေါ်စေတယ်
- ကြွက်သားတွေကို ပြေလျော့စေတယ်
- ဟော်မုန်းထွက်ရှိမှုကို ဖြစ်ပေါ်စေတယ်
- နှလုံး ကျန်းမာစေတယ်
- ကျန်းမာတဲ့ ကိုယ်ခံအားစနစ်ကို ဖြစ်ပေါ်စေတယ်
- သွေးတွင်းကိုလက်စထရောပမာဏကို ထိန်းညှိပေးတယ်
- သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ် အစရှိတဲ့ တာဝန်တွေကို လုပ်ဆောင်ပေးပါတယ်။
ဘေဘီလေး အသက်အရွယ်အလိုက် လိုအပ်မယ့် ကယ်လ်ဆီယမ် ပမာဏ
ကယ်လ်ဆီယမ် လိုအပ်ချက်က အသက်အရွယ်ကို လိုက်ပြီးကွာခြားနိုင်ပါတယ်။ ဒီတော့ ဘေဘီလေး လိုအပ်မယ့် ကယ်လ်ဆီယမ် ပမာဏတွေကို ကြည့်လိုက်ရအောင်လား…….
- မွေးစကနေ ၆ လအထိက တစ်နေ့တာကို ကယ်လ်ဆီယမ်ပမာဏ ၂၀၀ မီလီဂရမ်
- ၇ လ ကနေ ၁ နှစ် အထိက တစ်နေ့တာကို ကယ်လ်ဆီယမ်ပမာဏ ၂၆၀ မီလီဂရမ်
- ၁ နှစ် ကနေ ၃ နှစ် အထိက တစ်နေ့တာကို ကယ်လ်ဆီယမ်ပမာဏ ၇၀၀ မီလီဂရမ်
- ၄ နှစ် ကနေ ၈ နှစ် အထိက တစ်နေ့တာကို ကယ်လ်ဆီယမ်ပမာဏ ၁၀၀၀ မီလီဂရမ်
- ၉ နှစ် ကနေ ၁၈ နှစ် အထိက တစ်နေ့တာကို ကယ်လ်ဆီယမ်ပမာဏ ၁၃၀၀ မီလီဂရမ် ပါ။
ကယ်လ်ဆီယမ်ကို ဘယ်ကနေ ရရှိနိုင်မလဲ………….
ကယ်လ်ဆီယမ်ကို ရရှိနိုင်တဲ့ အရင်းအမြစ်က တော်တော်လေး များပေမယ့် ဘေဘီလေးတွေအတွက်ကတော့ ဒီ ကယ်လ်ဆီယမ် အရင်းအမြစ်တွေက အသင့်တော်ဆုံးဖြစ်မှာပါ။
- မိခင်နို့
- နွားနို့
- ဒိန်ချဉ်၊ ချိစ် တို့လိုမျိုး နို့ထွက်ပစ္စည်းတွေ
- ပန်းဂေါ်ဖီစိမ်း
- ပဲနီလေး
- ပဲအမျိုးမျိုး
- တို့ဟူး
- ပဲနို့
- နှမ်း
- ဗာဒံစေ့
- ငါး
- အသား
- ကယ်လ်ဆီယမ်ဖြည့်စွက်ထားတဲ့ ဖြည့်စွက်အာဟာရတွေကနေ ဘေဘီလေးအတွက် ကယ်လ်ဆီယမ်ဓာတ်တွေ ပြည့်ဝစွာ ရရှိနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။