ဂီတက လူသားတိုင်းကို ဖျော်ဖြေမှုပေးနိုင်တဲ့အရာတစ်ခုပါ။ ဘာသာစကားကို နားမလည်ရင်တောင် ဂီတကိုတော့ ခံစားလို့ ရပါတယ်။ ဒီလိုမျိုး ဂီတ ခံစားမှုကို လူကြီးတွေတင်မဟုတ်ပါဘူး။ ကလေးတွေမှာလည်း လုပ်ပေးသင့်ပါတယ်။ ဒီလိုပြောရတဲ့ အကြောင်းက ဘေဘီလေးတွေကို ဂီတနဲ့ ထိတွေ့ပေးမှုကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက များလို့ပါ။
ဘေဘီလေးက ဂီတကို ခံစားတတ်ပါ့မလား………….
ဘေဘီလေးတွေက မေမေ့ဗိုက်ထဲမှာရှိကတည်းက ဂီတသံကို ခံစားတတ်တာပါ။ ဒီလိုနဲ့ ပြင်ပလောကကို ရောက်လာချိန် မှာလည်း ဂီတကို ခံစားတတ်ကြပါတယ်။ အိပ်ခါနီး သီချင်းဆိုပြီး ချော့သိပ်ရတာသာကြည့်တော့လေ။ ဘေဘီလေးတွေက ဂီတကို အသေအချာခံစားတတ်တာပေါ့။
ဘေဘီလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ် ဂီတက ဘယ်လိုများ အထောက်အကူပြုပေးသလဲ…………
ဘေဘီလေးတွေကို ဂီတသံ ငြိမ့်ငြိမ့်ညောင်းညောင်းလေးတွေ ပေးနားဆင်စေတာက
အာရုံခံစားမှု ကောင်းစွာ ဖွံ့ဖြိုးစေတယ်
အနံ့အရသာ နဲ့ အရောင်တွေ နည်းတူ ဂီတသံတွေကလည်း ဘေဘီလေးရဲ့ အာရုံခံစားမှုကောင်းစေဖို့ အထောက်အကူ ပြုပေးပါတယ်။ ကလေးကို ဂီတ အမျိုးမျိုးနဲ့ ထိတွေ့ခွင့်ပေးတာက ဦးနှောက်ထဲက ဆဲလ်တွေကို ပိုမိုချိတ်ဆက်မှုရရှိစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။
ဂီတနဲ့အတူ ဘေဘီလေးက ကပါကမယ်ဆိုရင်တော့ ဘေဘီလေးက တီထွင်ဖန်တီးနိုင်စွမ်းကောင်းမယ့် ဘေဘီလေးဆိုတာ ပြောနေစရာမလိုအောင်ပါ။
စကားလုံးတွေ ကြွယ်ဝစေပါမယ်
ငယ်စဉ်ချိန်မှာ တေးသီချင်းတွေ နားထောင်တတ်တဲ့ ဘေဘီလေးတွေဟာ အကြားစွမ်းရည်ကနေတဆင့် စကားလုံးတွေကို သင်ယူကြတာကြောင့် စကားလုံးကြွယ်ဝမှာပါ။ ကလေးတော်တော်များများက မေမေ့ရဲ့ စကားလုံးတွေနဲ့ပဲ ကြီးပြင်းကြတာ များပါတယ်။ ဒီလို မဟုတ်ဘဲ ဘေဘီလေးကို ငယ်စဉ်ကတည်းက တေးဂီတတွေ အမျိုးအစားစုံအောင် နားထောင်စေမယ် ဆိုရင် ကလေးကို စကားလုံးများစွာနဲ့ ရင်းနှီးခွင့်ရစေမှာပါ။
စိတ်ခံစားမှု ကောင်းစေမယ်
ဘေဘီလေးကို တက်တက်ကြွကြွ ကလေးလေးတစ်ယောက်အဖြစ်ကြီးပြင်းစေချင်တယ်ဆိုရင်တော့ ငယ်စဉ်ကတည်းက သီချင်းသံတွေနဲ့ ရင်းနှီးကျွမ်းဝင်စေလိုက်ပါ။ သီချင်းတွေက ကလေးတွေရဲ့ စိတ်ခံစားမှုကောင်းစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးပါလိမ့်မယ်။
ကလေးကို ကစားနေချိန်တွေ၊ အိပ်ချိန်တွေမှာ သီချင်းဖွင့်ထားပေးရင်ကို ကလေးရဲ့ စိတ်ခံစားမှု ကောင်းစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။
လှုပ်ရှားလုပ်ဆောင်မှုတွေကို ဟန်ချက်ညီစေမယ်
ကလေးတွေက စာသားတွေကို နားမလည်ပေမယ့်လည်း သီချင်းဖွင့်ပြီး နားထောင်ပေးစေပါ။ သူတို့လေးတွေက သီချင်းသံနဲ့အတူ လိုက်လှုပ်ရှားမှုက သူတို့လေးတွေကို ဟန်ချက်ညီတဲ့ လှုပ်ရှားမှုတွေကို ဖြစ်ပေါ်စေမှာပါ။
သီချင်းနားထောင်စေတာက ကလေးရဲ့ လှုပ်ရှားမှုစွမ်းရည်ကိုရော၊ ဘာသာစကားစွမ်းရည်ကို ကောင်းစေနိုင်မှာပါ။
ဘာသာစကားစွမ်းရည် တိုးတက်စေမယ်
ကလေးကို သီချင်းနားထောင်စေခိုင်းတာက ဘာသာစကားစွမ်းရည်တိုးစေမှာပါ။ ဥပမာ ကလေးကို အင်္ဂလိပ်စာအသံထွက်မှန်စေချင်ရင် အင်္ဂလိပ် အသံနေအသံထားမှန်တဲ့ သီချင်းလေးတွေ နားထောင်ခိုင်းပါ။ ဒီလိုလုပ်ပေးတာက သူ့တို့လေးတွေကို နားရည်ဝစေပြီး ဘာသာစကားကို ကောင်းကောင်းပြောလာနိုင်စေမှာပါ။
ကလေးတွေရဲ့ ဦးနှောက် ၅ နှစ်မတိုင်ခင်မှာ ဖွံ့ဖြိုးမှုအကောင်းဆုံးဖြစ်တာကြောင့် ဒီအချိန်မှာ ဘေဘီလေးကို အကောင်းဆုံး ပြုစုပေးနိုင်ဖို့လိုပါတယ်။
တော့ ကိုယ်ချစ်ရတဲ့ ဘေဘီလေးတွေ အကောင်းဆုံး ကြီးပြင်းလာစေဖို့ အခုကစပြီး စားချိန်၊ အိပ်ချိန်၊ ကစားချိန်၊ စာဖတ်ချိန် ပြီးရင် သီချင်းဖွင့်ပြီး ကတဲ့ အချိန်လေးပါ သတ်မှတ်ပေးလိုက်တော့လေ…… မေမေတို့ ရေ………
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။