ကလေးအသားအရေ ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကလေးလေးတွေရဲ့ အသားအရေက နူးညံ့ချောမွေ့ပြီး ထိတွေ့မိတဲ့အခါ စိတ်ကြည်နူးစရာကောင်းပါတယ်။ ဒီလိုနူးညံ့ချောမွေ့တဲ့အသားအရေလေးတွေကို အသက်ကြီးသွားတဲ့အထိ ရှိသွားစေချင်တယ်ဆိုရင် ငယ်ရွယ်စဉ်ကတည်းက စတင်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ထိခိုက်ပျက်စီးမှုနဲ့ ကြမ်းတမ်းလာတာတွေဖြစ်နိုင်ပါတယ်။ အဲဒါတွေကိုကာကွယ်ပြီး မိမိရင်သွေးငယ်လေးရဲ့ အသားအရေအမြဲနူးညံ့ချောမွေ့နေစေချင်တယ်ဆိုရင်တော့ မိဘတွေအနေနဲ့ ရင်သွေးလေးတွေရဲ့ အသားအရေကို ဘယ်လိုထိန်းသိမ်းပေးရမလဲဆိုတာကို သိထားဖို့လိုပါလိမ့်မယ်။

ကလေးငယ်တွေရဲ့ အသားအရေအမျိုးအစား ဘယ်နှမျိုးရှိသလဲ။

ကလေးငယ်လေးတွေရဲ့ အသားအရေကို (၄) မျိုးခွဲထားပါတယ်။

  • ပုံမှန်အသားအရေ –ချောမွေ့ပြီး အစက်အပြောက်နဲ့ အဖုအပိမ့်တွေကင်းစင်တဲ့အသားအရေမျိုးပါ။
  • ခြောက်သွေ့တဲ့အသားအရေ –နည်းနည်းကြမ်းပြီး တစ်နှစ်ပတ်လုံး အရေပြားအဖတ်လေးတွေလန်နေတတ်ပါတယ်။ခြောက်သွေ့နေတတ်ပါတယ်။
  • တုံ့ပြန်လွယ်တဲ့အသားအရေ – ကလေးတိုင်းရဲ့ အသားအရေက ထိခိုက်တုံ့ပြန်လွယ်ကြပါတယ်။ ဒါပေမယ့်တုံ့ပြန်လွယ်တဲ့ ကလေးတွေရဲ့ အသားအရေက အခြားကလေးတွေထက်ပိုပြီး ထိခိုက်လွယ်နေတတ်ပါတယ်။ ဓါတ်မတည့်တာတစ်ခုခုနဲ့ ထိတွေ့မိတဲ့အခါ အရေပြားကနီမြန်းပြီး စပ်ဖျဉ်းဖျဉ်းဖြစ်လာတာမျိုးပါ။
  • နှင်းခူဖြစ်နေတဲ့ အသားအရေ –ဒီအခြေအနေကတော်တော်လေးဆိုးပါတယ်။မြင်လည်းမြင်သာပါတယ်။သေချာအောင်အတည်ပြု နိုင်ဖို့တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ အရေပြားကတော်တော်လေးယားယံနေတတ်ပြီး အနီရောင်အပိမ့်တွေထွက်နေတတ်ပါတယ်။

ကလေးအရေပြားကို ဘယ်အချိန်မှာ စစ်ဆေးဖို့အကောင်းဆုံးဖြစ်မလဲ

ကလေးအရေပြားမှာပြဿနာတစ်ခုခုရှိနေလားဆိုတာကို အတည်ပြုနိုင်မယ့်အကောင်းဆုံးအချိန်ကရေချိုးတဲ့အချိန်ပါ။ ရေချိုးပေးတဲ့အချိန်က ကလေးရဲ့ ခန္ဓါကိုယ်တစ်ခုလုံးကအရေပြားကို ထိတွေ့ရတာကြောင့်လည်းဖြစ်ပါတယ်။ ရေချိုးပေးချိန်မှာ မိဘတွေအနေနဲ့ ကလေးအရေပြားကိုသေသေချာချာစစ်ဆေးကြည့်ဖို့လည်းလိုပါလိမ့်မယ်။

ကလေးရေချိုးတဲ့အခါ သူတို့လေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာနဲ့ချိုးပေးပါ။ ရေချိုးပေးနေချိန်မှာလည်း ကလေးကို သက်တောင့်သက်သာဖြစ်စေဖို့အတွက် နှိပ်နယ်ပေးတာမျိုးလုပ်ပေးလို့ရပါတယ်။ ရေသုတ်မယ်ဆိုရင်တော့ တဘက်နုနုလေးနဲ့ဖြည်းဖြည်းချင်းသုတ်ပေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ပြီးရင် အစိုဓါတ်ထိန်းပေးမယ့် ခရင်မ်တစ်မျိုးမျိုးလူးပေးလို့ရပါပြီ။ ဒီလိုလေးလူးပေးတာက ကလေးအသားအရေကို ထိန်းသိမ်းပေးရာရောက်ပါတယ်။

ကလေးတွေမှာဖြစ်တတ်တဲ့အရေပြားပြဿနာအချို့

ကလေးလေးတွေရဲ့ အသားအရေက အရမ်းကိုထိခိုက်လွယ်တာကြောင့် မိဘတွေအနေနဲ့ ကလေးအရေပြားကိုဘယ်လိုထိန်းသိမ်းပေးရမလဲ ဆိုတာနဲ့ ဘယ်လိုလက္ခဏာတွေက ဘာအရေပြားပြဿနာလဲဆိုတာကို သိထားဖို့တော့လိုအပ်မှာပါ။ ဒါကလည်းလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါကြောင့်သိထားနိုင်အောင် ကလေးတွေမှာအဖြစ်များတဲ့အရေပြားပြဿနာအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

  • ကလေးဝက်ခြံ (Baby acne) – အဖြစ်များတဲ့အရေပြားပြဿနာတစ်မျိုးပါ။ အရေပြားပေါ်မှာ ပန်းရောင်အစက်လေးတွေထွက်တာပါ။ မျက်နှာပေါ်မှာအဖြစ်များပါတယ်။ မိခင်ရဲ့ဟော်မုန်းကြောင့်ဖြစ်ရတာဖြစ်ပြီး သူ့ဘာသာသက်သာသွားတတ်ပါတယ်။
  • အရေပြား ပွန်းရှခြင်း – အဝတ်အစားကြောင့်ထိခိုက်ပွန်းရှတာမျိုးဖြစ်တတ်ပါတယ်။ အဝတ်စကကြမ်းနေတာမျိုးကြောင့်ဖြစ်နိုင်သလို အဝတ်အရမ်းကျပ်ကျပ်ဝတ်ပေးထားမိလို့လည်းဖြစ်နိုင်ပါတယ်။ ကလေးကိုအင်္ကျီအဝတ်အစားချောင်ချောင်ချိချိဝတ်ပေးတာ၊ ကလေးပေါင်ဒါလူးပေးတာမျိုးတွေလုပ်ပေးပြီး ဒီပြဿနာကိုရှောင်ရှားလို့ရပါတယ်။
  • မိတ်ထွက်တာ(Heatrash) – ကလေးကိုယ်ပေါ်မှာ အနီရောင်အပိမ့်သေးသေးလေးတွေထွက်တာပါ။ စိုထိုင်းစနဲ့ အပူရှိန်ကြောင့်ဖြစ်တာပါ။ မိတ်ထွက်နေရင် ကလေးကို အဝတ်အစားချောင်ချောင်ချိချိဝတ်ပေးပြီး အရမ်းပူတဲ့နေရာမျိုးမှာ မထားပါနဲ့။
  • နှင်းခူ (Eczema) – အရေပြား နီရဲယားယံပြီး အဖတ်လေးတွေလန်နေတာမျိုးတွေ့ရတတ်ပါတယ်။ အရေပြားကို သန့်သန့်ရှင်းရှင်းခြောက်ခြောက်သွေ့သွေ့ထားဖို့လိုပါမယ်။ ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။
  • ကလေးဦးရေပြား အဆီထွက်များ အရေခွံကွာသည့် ပြဿနာ (Cradle Cap) – ကလေးဦးရေပြားအပေါ်ယံလွှာကွာတာမျိုးပါ။ ဂလင်းတွေ က overactiveဖြစ်လွန်းတာကြောင့်ဖြစ်တဲ့အရေပြားပြဿနာတစ်မျိုးပါ။ ကလေးဦးရေပြားအပေါ်ယံလွှာ နူးညံ့သွားစေဖို့အတွက် ဆီလူးပေးပါ။ပြီးရင်တော့ ကလေးခေါင်းလျှော်ရည်သုံးပြီးခေါင်းလျှော်ပေးလိုက်ပါ။ခေါင်းကို ဘီးနဲ့ဖြည်းဖြည်းချင်းဖြီးပေးပြီး ကွာနေတဲ့အရေခွံတွေကို ဖယ်ရှားပေးပါ။
  • သေးခံလောင်ခြင်း (Diaper rash) – ညစ်ပေနေတဲ့သေးခံကို အချိန်အကြာကြီးဝတ်မိထားတာကြောင့်ဖြစ်ရတာပါ။သေးခံစိုနေတာတွေ့တာနဲ့ ချက်ချင်းလဲပေးပါ။သေးခံအသစ်မလဲခင်မှာ ကလေးကို သန့်ရှင်းရေးလုပ်ပေးပြီး Diaper cream လူးပေးတာကသေးခံလောင်တာကို သိသိသာသာသက်သာစေပါလိမ့်မယ်။

သိထားသင့်တဲ့ ကလေးအသားအရေထိန်းသိမ်းမှုသုံးပစ္စည်းအချို့

ယနေ့ခေတ်မှာ ကလေးတွေအတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကတော်တော်ကိုရွေးချယ်စရာများပါတယ်။ ဒါပေမယ့် ရင်သွေးလေးနဲ့ သင့်တော်မယ့် အသားအရေထိန်းသိမ်းမှုပစ္စည်းကိုရွေးချယ်မိဖို့ကဖေဖေမေမေတွေကိုယ်တိုင်က ဒီပစ္စည်းတွေနဲ့ ပတ်သက်ပြိး သိထားဖို့လိုပါလိမ့်မယ်။

  • ကလေးရေချိုးဆပ်ပြာရည် – ကလေးရေချိုးဆပ်ပြာရည်ကအကောင်းဆုံးရွေးချယ်မှုလို့တော့ မဆိုသာပါဘူး။ အချို့ရေချိုးဆပ်ပြာရည်တွေမှာdetergentsတွေပါဝင်နေတတ်ပြီး ခန္ဓါကိုယ်ပေါ်က အကျိုးပြုဘက်တီးရီးယားတွေကိုပါ ဖယ်ရှားပစ်လိုက်တာမျိုးတွေရှိတတ်ပါတယ်။ ကလေးလေးတွေမှာ ဆီးလမ်းကြောင်းပိုးကူးစက်တာမျိုးတောင်ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ရေချိုးဆပ်ပြာရည်ဝယ်မယ်ဆိုရင်တောင် လာဗင်ဒါဆီလိုမျိုး အသားအရေအတွက်အထောက်အကူဖြစ်တဲ့ အဆီပါဝင်တဲ့ ရေချိုးဆပ်ပြာရည်မျိုးကိုရွေးချယ်ပေးပါ။
  • ကလေးရေချိုးဆပ်ပြာ – တကယ်တော့ ကလေးကငယ်သေးရင်ရေသန့်သန့်လေးနဲ့ချိုးပေးရုံနဲ့လုံလောက်ပါပြီ။ ဆပ်ပြာသုံးဖို့လိုတယ်ထင်ရင်တော့ ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ အပျော့စားဆပ်ပြာမျိုးသုံးပေးလို့ရပါတယ်။ အုန်းဆီ၊ သံလွင်ဆီလိုမျိုး သဘာဝ ပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတဲ့ ဆပ်ပြာမျိုးကိုပဲ အသုံးပြုပေးပါ။ပြီးရင် ကလေးအသားအရေအစိုဓါတ်ရှိနေစေဖို့အတွက် lotion ဒါမှမဟုတ် အဆီတစ်မျိုးမျိုးလူးပေးဖို့လိုပါမယ်။
  • ကလေးခေါင်းလျှော်ရည် – ကလေးကဆံပင်ပါးတယ်ဆိုရင်တော့ခေါင်းလျှော်ရည်နဲ့မလျှော်လည်းရပါသေးတယ်။ ဒါပေမယ့်ခေါင်းလျှော်ရည်လေးနဲ့ပဲလျှော်ပေးချင်တယ်ဆိုရင်တော့ ခပ်ပျော့ပျော့ခေါင်းလျှော်ရည်လေးနဲ့လျှော်ပေးလို့ရပါတယ်။triethanolamine (သို့မဟုတ်) diethanolamine တို့ပါတဲ့ခေါင်းလျှော်ရည်မျိုးတော့မရွေးပါနဲ့။ ကလေးအတွက်ဝယ်မယ့်ခေါင်းလျှော်ရည်ထဲမှာ parabens ၊ သဘာဝမဟုတ်တဲ့ အရောင်တွေနဲ့ အနံ့တွေပါဝင်နေလားဆိုတာကို စစ်ဆေးပါ။
  • ကလေးပေါင်ဒါ – ကလေးပေါင်ဒါက အသုံးများတဲ့ ကလေးသုံးကုန်တစ်ခုပါ။ပေါင်ဒါကို ကလေးမျက်နှာပေါ်မှာ မသုံးသင့်ပါဘူး။ ကလေးရဲ့ပေါင်ကြား၊ လည်ပင်းနဲ့ ချိုင်းတို့မှာပဲအသုံးပြုပေးသင့်ပါတယ်။
  • Baby Oils and Lotions –Baby Oils နဲ့ Lotionတွေက ကလေးအရေပြားအစိုဓါတ်ကိုထိန်းပေးပါတယ်။ အရေပြားခြောက်သွေ့ယားယံတာအပါအဝင် အရေပြားပြဿနာတော်တော်များများကို သက်သာစေနိုင်ပါတယ်။ဆေးဖက်ဝင်အပင်တွေကိုအခြေခံပြီးထုတ်ထားတဲ့Baby Oils နဲ့ Lotionတွေကိုပဲရွေးချယ်ပေးသင့်ပါတယ်။

အပေါ်မှာပြောပြခဲ့တဲ့ အချက်လေးတွေကိုဖတ်ကြည့်ပြီး သားသားမီမီးလေးတွေကို အရေပြားပြဿနာကင်းအောင်စောင့်ရှောက်ပေးနိုင်ကြပါစေကြောင်း။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဒီဇင်ဘာ 1, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဒီဇင်ဘာ 15, 2017

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။