သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

မိခင်ရဲ့ ဂရုတစိုက်ပြုစုမှုက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးကူညီနိုင်တယ်

မိခင်ရဲ့ ဂရုတစိုက်ပြုစုမှုက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးကူညီနိုင်တယ်

Proceedings of the National Academy of Sciences မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုအသစ်တခုအရ မိခင်ရဲ့ ဂရုတစိုက်ပြုစုထောက်ပံ့ပေးမှုနဲ့ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတို့အကြားမှာ ဆက်စပ်မှုရှိကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။

ငယ်ရွယ်စဉ်ကာလမှာ မိခင်ရဲ့ မေတ္တာနဲ့ဂရုတစိုက်ပြုစုမှုကို ပိုမိုရရှိခံစားရတဲ့ ကလေးတွေမှာ ဦးနှောက်ရဲ့ အရေးကြီးအစိတ်အပိုင်းတခုဖြစ်တဲ့ hippocampus အရွယ်အစားဟာ ပိုမိုကြီးမားဖွံ့ဖြိုးတယ်ဆိုတဲ့အချက်ကို သုတေသီတွေက သက်သေပြခဲ့တာပါ။

hippocampus ရဲ့ လုပ်ငန်းကဘာလဲ။

hippocampus ဟာ မှတ်သားနိုင်စွမ်းနဲ့ မှတ်ဉာဏ်ထုတ်လုပ်ပေးနိုင်စွမ်းအတွက် အရေးပါတဲ့ ဦးနှောက်အစိတ်အပိုင်းတခု ဖြစ်ပါတယ်။

မှတ်ဉာဏ်ထုတ်လုပ်ပေးနိုင်စွမ်းဟာ အနာဂါတ်မှာ လေ့လာသင်ယူဖို့နဲ့ ကျောင်းစွမ်းဆောင်ရည်တွေအတွက် အဓိကသော့ချက်ပါ။ စိတ်ဖိစီးမှုနဲ့ ဖိအားတွေကို ရင်ဆိုင်ရာမှာ အဆိုပါနေရာဟာ အဓိက အရေးပါတယ်လို့ လက်ခံထားကြပါတယ်။

ဒါပေမယ့် ဖိစီးမှုတွေ အရမ်းများလာရင်တော့ hippocampusရဲ့ လုပ်ဆောင်နိုင်စွမ်းကိုလည်း ခြိမ်းခြောက်လာမှာ ဖြစ်ပါတယ်။(အစောပိုင်းလေ့လာမှုတခုမှာ ဖော်ပြခဲ့တဲ့) စိတ်နဲ့ ခန္ဓါဖိစီးမှုကို ရင်ဆိုင်ဖို့ထွက်ရှိလာတဲ့ဟော်မုန်း(stress hormones)တွေအနေနဲ့ hippocampus ပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုတဲ့အချက်ဟာ စိတ်ဖိစီးမှုနဲ့ စိတ်ကျဝေဒနာခံစားရမှုအကြား ဆက်စပ်မှုကို ရှင်းပြရာမှာ အသုံးဝင်မှာ ဖြစ်ပါတယ်။stress hormones တွေ (အန္တရာယ်ရှိလောက်တဲ့ ပမာဏအထိ) အလွန်မြင့်တက်များပြားလာပြီး hippocampus ရဲ့ အရွယ်အစားသေးငယ်လာ၊ရှုံ့လာတဲ့အခါ စိတ်ကျဝေဒနာကို စတင်ခံစားရမှာ ဖြစ်ပါတယ်။

ဟော်မုန်းပမာဏ ပုံမှန်ပြန်ဖြစ်သွားတဲ့အချိန်မှာတော့ ဦးနှောက်ရဲ့ အဆိုပါနေရာမှာ ဆဲလ်အသစ်တွေ ပြန်လည်ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

မိခင်ရဲ့ ဂရုတစိုက် စောင့်ရှောက်မှုနဲ့ ကလေးရဲ့ hippocampus

ဒီဆောင်းပါးအစပိုင်းမှာ ဖော်ပြခဲ့တဲ့ လေ့လာမှုမှာ ကလေးပေါင်း၉၂ယောက်ပါဝင်ခဲ့ပြီး မူကြိုအရွယ်ကနေ မူလတန်းရောက်ချိန်ထိ လေ့လာခဲ့ကြပါတယ်။

ဒီလေ့လာမှုမှာ အမေနဲ့ ကလေးတတွဲစီကို ‘waiting task (စောင့်ဆိုင်းခြင်း)’ လို့ခေါ်တဲ့ စမ်းသပ်မှုတခုကို အတူတကွ ပြုလုပ်စေပြီး ဗွီဒီယိုမှတ်တမ်းတင်ပါတယ်။

ဘယ်လိုစမ်းသပ်တာလဲဆိုတော့ ကလေးတွေရဲ့ ရှေ့မှာလှလှပပ ထုတ်ပိုးထားတဲ့ လက်ဆောင်ဗူးလေးတွေကို ထားရှိပြီး သူတို့လေးတွေရဲ့ အမေတွေကို ပြုလုပ်ခိုင်းထားတဲ့ တာဝန်ပြီးစီးမှသာ အဆိုပါ လက်ဆောင်ကို ဖွင့်ခွင့်ရမှာ ဖြစ်ပါတယ်။

စောင့်ဆိုင်းနေချိန်မှာ အမေတွေအနေနဲ့ သူတို့ရဲ့ ကလေးတွေကို ဘယ်လိုပံ့ပိုးကူညီပေးသလဲဆိုတာကို သုတေသီတွေက လေ့လာစောင့်ကြည့်ပါတယ်။

ဒီနောက်မှာတော့ သုတေသီတွေဟာ အဆိုပါကလေးတွေရဲ့ တိုးတက်မှုအခြေအနေကို ဆက်လက်လေ့လာစောင့်ကြည့်ခဲ့ကြပါတယ်။ သူတို့လေးတွေ အသက်၇နှစ်နဲ့ ၁၃နှစ်ကြားအရွယ်တွေကို အသီးသီးရောက်ရှိလာတဲ့အခါ MRI လို့ခေါ်တဲ့ သံလိုက်စက်ကွင်းအသုံးပြုစစ်ဆေးမှုတခုကို ခံယူဖို့အတွက် တဖန်ပြန်လည် ခေါ်ယူပါတယ်။

လေ့လာချက်အရ စုစုပေါင်းကလေး ၅၁ယောက်ဟာ စိတ်ကျဝေဒနာရဲ့ ဘာလက္ခဏာမှမရှိဘဲ ကြီးပြင်းလာတာကိုတွေ့ရပါတယ်။ အဆိုပါ ကလေး၅၁ယောက်ထဲမှာမှ မိခင်ဆီက ဂရုတစိုက်စောင့်ရှောက်မှုကို ငယ်ရွယ်စဉ်ကတည်းက ရရှိတဲ့ကလေးတွေရဲ့ hippocampus တွေဟာ ဦးနှောက်ရဲ့ နှစ်ခြမ်းလုံးမှာ ပိုမိုကြီးထွားနေတာကို တွေ့ရှိခဲ့ရပါတယ်။

မိခင်ဆီက ဂရုတစိုက်စောင့်ရှောက်ပံ့ပိုးမှုကို အနည်းငယ်သာရရှိတဲ့ ကျန်ကလေးတွေရဲ့ hippocampus ကတော့ ကိုးရာခိုင်နှုန်းလောက် ပိုသေးနေတာကို တွေ့ရှိရပါတယ်။

ဒီလေ့လာမှုကနေ ညွှန်းဆိုနေတာကတော့ ငယ်ရွယ်စဉ်အချိန်မှာ မိဘတွေရဲ့ ဂရုတစိုက်စောင့်ရှောက်မှုဟာ ကလေးငယ်ရဲ့ ဦးနှောက်ကြီးထွားဖွံ့ဖြိုးမှုအပေါ် အင်မတန်ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိစေတယ်ဆိုတာပါပဲ။ အဆိုပါ စောင့်ရှောက်မှုဟာ ကလေးတွေရဲ့ စိတ်နဲ့ခန္ဓါဖိစီးမှုတွေကို ကောင်းစွာရင်ဆိုင်စေနိုင်သလို ဖိစီးမှုတွေရဲ့ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေကိုလည်း များစွာလျော့နည်းသွားစေပါတယ်။

ငယ်ရွယ်စဉ်ကတည်းက စိတ်ကျဝေဒနာခံစားရတဲ့ ကလေးတွေ

ပုံမှန်ကလေးတွေမှာ မိခင်ရဲ့ ဂရုတစိုက်စောင့်ရှောက်မှုနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတို့အကြား ဆက်စပ်မှုရှိနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိရှိပြီးနောက်မှာ ဆက်ပြီးစဉ်းစားရမှာက ကျန်ရှိနေတဲ့ ကလေး၄၁ယောက်အကြောင်းပဲ ဖြစ်ပါတယ်။

စိတ်ကျဝေဒနာခံစားနေခဲ့ရတဲ့ ဒီကလေးတွေကတော့ သူတို့မိခင်တွေရဲ့ ပံ့ပိုးကူညီစောင့်ရှောက်မှုကို ကောင်းစွာတုံ့ပြန်နိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ မိခင်တွေရဲ့ ဂရုတစိုက်စောင့်ရှောက်ကူညီမှုကို ရရှိသည့်တိုင်အောင် စိတ်ကျဝေဒနာခံစားနေရတဲ့ ကလေးတွေရဲ့ hippocampus ဟာ အလားတူပံ့ပိုးမှုမျိုးရရှိတဲ့ ပုံမှန်ကလေးတွေရဲ့ hippocampus ထက် ခြောက်ရာခိုင်နှုန်းလောက် ပိုသေးနေကြောင်း တွေ့ရှိခဲ့ရလို့ပဲဖြစ်ပါတယ်။

ဒီတော့ ငယ်ရွယ်စဉ်ကာလမှာ မိခင်ရဲ့ ဂရုတစိုက်စောင့်ရှောက်မှုမေတ္တာလိုအပ်တဲ့ နည်းတူ စိတ်ကျဝေဒနာခံစားနေရတဲ့ ကလေးတွေကိုလည်း စောစီးစွာ ကုသပေးဖို့ လိုအပ်တယ်လို့ ကောက်ချက်ဆွဲလို့ရပါတယ်။

ဒီလေ့လာမှုမှာ တွေ့ရှိခဲ့ရတဲ့ ရလာဒ်တွေကို သေချာစွာရှင်းပြနိုင်ခြင်းမျိုး မရှိသေးပေမယ့် မိခင်မေတ္တာနဲ့ ဂရုတစိုက်စောင့်ရှောက်မှုဟာ (စိတ်ကျန်းမာရေးအခြေအနေလုံးဝကောင်းမွန်တဲ့) ကလေးရဲ့ ဦးနှောက်ကြီးထွားဖွံ့ဖြိုးမှုနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိနေတယ်ဆိုတာကိုတော့ ရှင်းလင်းစွာ တွေ့မြင်ခဲ့ရပါတယ်။

ဒါကြောင့် ဒီအချက်ကို သေချာစွာ မှတ်သားထားပြီး သင့်ကလေးဉာဏ်ရည်ထက်မြက်ပြီး ထူးချွန်အောင်မြင်ဖို့အတွက် သင့်အနေနဲ့ စိတ်ရောကိုယ်ပါ ထောက်ပံ့အားပေးကူညီဂရုစိုက်သင့်ပါကြောင်း။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Mom’s Support Tied to Child’s Brain Development.
http://www.webmd.com/parenting/news/20120130/moms-support- tied-to- brain-development#1 .
Accessed April 16, 2017.
Nurturing Moms May Boost Children’s Brain Growth.
http://healthland.time.com/2012/02/01/nurturing-moms- may-boost- childrens-brain- growth/ .
Accessed April 16, 2017.

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 18/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။