လူတစ်ယောက်လန်းဆန်းတက်ကြွနေတာက ကိုယ်ရောစိတ်ပါကျန်းမာနေလို့ပါ။ လူအများစုက ခန္ဓါကိုယ်မှာဖြစ်တဲ့ နာမကျန်းမှုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို သတိထားတတ်ကြပေမယ့်စိတ်ထဲမှာဖြစ်နေတဲ့ နာမကျန်းမှုကိုတော့ သတိထားမိခဲကြပါတယ်။ ကာယကံရှင်ကိုယ်တိုင်တောင်သေချာမသိနိုင်ဘဲ စိတ်ကျန်းမာရေးထိခိုက်စေနေတာတွေအများကြီးပါ။ တိုးတက်လာတဲ့လူနေမှုကိအမီလိုက်ရင်း လူတော်တော်များများက စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို အများကြီးခံစားနေရတတ်ပါတယ်။ သင်ကိုယ်တိုင်ရော စိတ်ရော ကိုယ်ပါ ကျန်းမာရဲ့လား။
စိတ်ကျန်းမာရေးကောင်းမွန်စေဖို့ ဒီအချက်လေးတွေကို လိုက်နာပါ
ခန္ဓါကိုယ်ကျန်းမာဖို့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတအောင်စားသောက်နေထိုင်ရသလို စိတ်ကျန်းမာစေဖို့အတွက်လည်း ညီညွတ်မျှတတဲ့ အာဟာရနဲ့နေထိုင်မှုပုံစံကို ဂရုစိုက်ဖို့ လိုပါမယ်။
ခံစားချက်တွေကို ဖွင့်ဟဆွေးနွေးပါ
ခံစားရသမျှကို စိတ်ထဲမှာမြိုသိပ်ထားတာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာရဲ့ စိတ်ပင်ပန်းမှုတွေကို အရင်းနှီးဆုံးသူ ဒါမှမဟုတ် မိတ်ဆွေ၊သူငယ်ချင်းကိုဖြစ်ဖြစ် ဖွင့်ဟပေးပါ။ အခြားသူတွေကို ကိုယ့်အကြောင်းပေးမသိချင်ဘူးဆိုရင်နေ့စဉ်မှတ်တမ်းရေးပါ။ တစ်နေ့တာရဲ့ ပင်ပန်းမှုတွေထဲမှာ ကိုယ့်ကိုကိုယ်လှောင်မပိတ်ပါနဲ့။
နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်တာက ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးစေနိုင်ပါတယ်။ အာရုံစူးစိုက်မှုပိုကောင်းစေနိုင်သလို အိပ်ပျော်စေပါတယ်။ ဦးနှောက်နဲ့ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီး တက်တက်ကြွကြွနေတာက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေဖို့အတွက် အထောက်အပံ့ဖြစ်စေမှာပါ။
ကောင်းကောင်းစားပါ
ဦးနှောက်ကကောင်းကောင်းအလုပ်လုပ်ပြီး စိတ်ကျန်းမာစေဖို့ဆိုရင် အာဟာရဓါတ်တွေပြည့်ဝစွာ စားသုံးဖို့လိုအပ်ပါမယ်။ ဒါကြောင့်နေ့စဉ် စားသောက်မှုပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်အောင် အတတ်နိုင်ဆုံးမွေးမြူပေးပါ။
အကူအညီတောင်းပါဆိုတဲ့နေရာမှာ ကိစ္စတိုင်းကို အကူအညီတောင်းဖို့ မဆိုလိုပါဘူး။ လိုအပ်တဲ့အခြေအနေမျိုး၊ တစ်ယောက်တည်းမစွမ်းသာတဲ့အခြေအနေမျိုးမှာ အကူအညီတောင်းပါ။ လူတိုင်းက လူစွမ်းကောင်းမဟုတ်ဘူးလေ။ ဒီတော့ တစ်ကိုယ်တည်းဖြေရှင်းလို့မရတာတွေ ကြုံရနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အကူအညီတောင်းဖို့ ဝန်လေးမနေပါနဲ့နော်။
အလုပ်တွေပဲ တရစပ်လုပ်နေတာကပျော်စရာကောင်းတယ်၊ စိတ်အာရုံကို စုစည်းထားနိုင်တယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးပါ။ ကွန်ပျူတာတွေတောင် အလုပ်အရမ်းလုပ်ရတဲ့အခါ ဟန်းသွားတတ်သေးတာလေ။ ဒီတော့ ကိုယ့်ကိုကိုယ် ထိုက်သင့်တဲ့ နားချိန်လေးတော့ပေးလိုက်ပါ။
ကိုယ့်ကိုကိုယ် အကောင်းမြင်ပါ
လူတော်တော်များများမေ့နေတတ်တာက ကိုယ့်ကိုကိုယ် ချစ်ဖို့နဲ့ ကိုယ့်ကိုကိုယ် အကောင်းမြင်ဖို့ပါ။ ဒီတော့ သင်ရောဘယ်လိုလူမျိုးလဲ။ မှန်ထဲကြည့်ရင်ကိုယ့်ရဲ့ မလှတဲ့ အစိတ်အပိုင်းတွေကိုပဲရွေးကြည့်မိနေလား၊ ငါက ဝလိုက်တာ၊ ပိန်လိုက်တာ သူများတွေကျ လှလိုက်တဲ့ဘော်ဒီအချိုးအစားလို့တွေးနေလား။ နည်းနည်းလောက် အကောင်းမြင်ကြည့်လိုက်ပါ။ လူတိုင်းကို ဘုရားက အလှတရားတစ်ခုစီပေးထားတတ်စမြဲပါ။ အကောင်းမြင်စိတ်နဲ့ကြည့်လိုက်ရင် အရာရာကစိတ်ချမ်းသာစရာကောင်းပြီးပျော်ရွှင်စရာတွေပြည့်နေမှာပါ။
လူတိုင်းကတစ်ယောက်တည်းနေလို့မရပါဘူး။ လူရယ်လို့ဖြစ်လာရင် အသိုင်းအဝိုင်းနဲ့နေရစမြဲပါ။ ဒါကြောင့် ရင်းနှီးချစ်ခင်ရသူတွေကို ဂရုစိုက်ပေးပါ။ ဒီလိုမျိုး အခြားသူတွေကို ဂရုစိုက်ပေးတာကလည်း စိတ်ကျန်းမာစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။
လူတစ်ယောက် ကိုယ်ရောစိတ်ပါ ကျန်းမာစေဖို့ အရေးကြီးတဲ့အရာတစ်ခုကပြည့်ဝတဲ့ အိပ်စက်ချိန်ပါ။ ဒါကြောင့် ညဉ့်နက်အထိနေတာ၊ အိပ်ရေးပျက်ခံပြီး အလုပ်လုပ်တာ၊ ဂိမ်းဆော့တာ၊ အွန်လိုင်းသုံးတာမျိုးတွေကိုရှောင်ပါ။ ဒီလိုလုပ်တာက စိတ်ကျန်းမာရေးကိုရော၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
တစ်နေ့ကို ၁၅ မိနစ်နေရောင်ခြည်ခံပါ
နေ့စဉ်အပြင်သွားတဲ့အခါနေလောင်ကာခရင်မ် ပုံမှန်လူးပေးပါ။နေရောင်ထဲမှာပါတဲ့ ဗီတာမင် D က စိတ်ခံစားမှုကိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်မနက်ခင်းနေရောင်ခြည်ကို ၁၅ မိနစ်လောက်ခံပေးပါ။
သူတို့လေးတွေက စိတ်ချမ်းသာမှုပေးနိုင်ပါတယ်။ တစ်နေ့တာအမောတွေကိုပြေစေသူလေးတွေပေါ့။ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမငကိုဖြစ်စေတဲ့ကောတီစောဟော်မုန်းတွေကို ကျဆင်းစေပြီး စိတ်ပျော်ရွှင်မှုကိုဖြစ်စေတဲ့အောက်ဆီတိုဆင် ဟော်မုန်းကိုတိုးစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးကောင်းချင်ရင် အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်လောက်တော့မွေးထားပေါ့။
ဒီအချက်လေးတွေကို လုပ်ကြည့်ပြီး စိတ်ကျန်းမာတဲ့သူတစ်ယောက်အနေနဲ့နေ့ရက်တိုင်းကိုဖြတ်သန်းလိုက်ပါနော်……
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။