backup og meta

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

    Introvert လို့ ပြောလိုက်ရင် လူကြောက်တတ်ပြီး လူတွေနဲ့ သီးခြားနေလိုတဲ့ပုံစံ၊ Extrovert ဆိုရင် သွက်သွက်လက်လက်နဲ့ ဆိုရှယ်ကျတဲ့ သူလို့ မြင်တတ်ကြမှာပါ။ ဒါတွေက ယေဘုယျဆန်လွန်းပြီး မတိကျသေးပါဘူး။ ဒါကြောင့် ဒီ‌ဆောင်းပါးမှာ သင်က introvert လား၊ extrovert လား ဆိုတာ သိရအောင် ပြောပြပေးပါမယ်။

    သင်က introvert လား၊ extrovert လား

    Introvertဖြစ်ခြင်း၊ Extrovertဖြစ်ခြင်းဆိုတာက personality traitလို့ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေး တစ်ခုပါ။ ကိုယ်ရည်ကိုယ်သွေး အမျိုးအစားတွေထဲရဲ့ အစွန်းနှစ်ဖက်မှာ ရှိနေတဲ့ နှစ်ခုပါ။ ဒီကိုယ်ရည်ကိုယ်သွေး အမျိုးအစားတွေကို ၁၉၂၀ ဝန်းကျင်လောက်မှာ Carl Gustav Jungဆိုတဲ့ ပုဂ္ဂိုလ်က သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

    Introvertဖြစ်ခြင်း၊ Extrovertဖြစ်ခြင်းဆိုတာ လူတစ်ယောက်က ပတ်ဝန်းကျင်က လူတွေနဲ့ ပြောဆိုဆက်ဆံပုံ၊ တုံ့ပြန်ပုံကို ကြည့်ပြီး သတ်မှတ်တာ ဖြစ်ပါတယ်။ တစ်ခုချင်းစီကို ဆက်ပြီး ကြည့်ကြည့်ရအောင်။

    သင်က introvert လား

    Introvertလို့ ပြောလိုက်ရင် အများစုက လူကြောက်တယ်၊ ရှက်တယ်၊ လူတွေကြားမှာ မနေတတ်ဘူးလို့ မြင်တတ်ကြပါဘူး။ ဒါက မဟုတ်ပါဘူး။ လူကြောက်တာ၊ ရှက်တာတွေက ဘယ်သူ့မှာမဆို ဖြစ်နိုင်ပါတယ်။ Introvertတိုင်းက လူကြောက်နေ၊ ရှက်နေတာမျိုး မဟုတ်ပါဘူး။ သူသက်သောင့်ဖြစ်တဲ့သူတွေနဲ့ဆို အစုအဖွဲ့လိုက် လုပ်ဆောင်ရတာမျိုးတွေ၊ အပြင်ထွက်တာမျိုးတွေ လုပ်တတ်ကြပါတယ်။

    Introvert တွေက သူ့ရဲ့ energyကို သူ့ကိုယ်သူဆီကနေ ပြန်ယူတာမျိုးပါ။ တစ်ယောက်တည်း အလုပ်တွေ လုပ်နေမယ်၊ စာဖတ်မယ်၊ သူဝါသနာပါရာလေးတွေ လုပ်နေရတာကိုက သူ့အတွက် အနားယူခြင်းတစ်မျိုး၊ သက်သောင့်သက်သာ ဖြစ်စေတဲ့ နည်းလမ်းတစ်မျိုးပါပဲ။

    Introvertရဲ့ လက္ခဏာတွေက

    • သူတို့မှာ သူငယ်ချင်း၊ အပေါင်းအသင်းနည်းပါတယ်။
    • စဉ်းစဉ်းစားစား လုပ်တတ်ပါတယ်။
    • တစ်ယောက်တည်း နေခြင်းက သူတို့အတွက် အနားယူခြင်း တစ်မျိုးပါ။
    • တစ်ယောက်တည်းနေရတာကို ပိုနှစ်သက်ပါတယ်။
    • ခံစားချက်တွေကိုလည်း သိမ်းဆည်းထားတတ်ပါတယ်။
    • လူတွေအများကြီး၊ မရင်းနှီးတဲ့သူတွေကြားမှာဆိုရင် တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပါတယ်။
    • လူတွေ ရုန်းရုန်း ရုန်းရုန်းနဲ့ နေရတာက သူတို့ကို ပင်ပန်းစေပါတယ်။
    • တစ်ခုခုမပြောခင် အရင်တွေးနေတတ်ပါတယ်။
    • သူတို့နဲ့ သိတဲ့သူတွေကြားမှာဆိုရင် တက်တက်ကြွကြွ နေတတ်ပါတယ်။
    • သူများလုပ်တာကို ကြည့်ပြီး သင်လွယ်တတ်လွယ်ပါတယ်။

    ဒီနေရာမှာ တစ်ခုအထင်မှားကြတာက introvertတွေက ရှက်တတ်တယ်ဆိုတာပါ။ ရှက်တတ်တယ်ဆိုတာက တစ်ခုခုကို လုပ်ချင်ပေမယ့် ကြောက်လို့၊ ရှက်လို့ မလုပ်တာပါ။ Introvertတွေက မလုပ်နိုင်တာ မဟုတ်ဘဲ မလုပ်ချင်တာပါ။ သူ့အတွက် energyကုန်တဲ့ကိစ္စ၊ သူမကြိုက်တဲ့ ကိစ္စဖြစ်တာကြောင့် မလုပ်တာပဲ ဖြစ်ပါတယ်။

    Introvertတွေက လိုအပ်လို့ စင်ပေါ်တက်၊ လူရှေ့ စကားထွက်ပြောရမယ်ဆိုရင်လည်း လုပ်နိုင်ကြပါတယ်။

    Ambivertဆိုတာလည်း ရှိပါတယ်

    Ambivertဆိုတာကတော့ Introvertနဲ့ Extrovertကြားထဲက ဖြစ်ပြီး ပတ်ဝန်းကျင်အခြေအနေနဲ့ လူပေါ်မူတည်ပြီး တစ်မျိုးကနေ တစ်မျိုးကို ပြောင်းနိုင်ပါတယ်။ သူတို့ရဲ့ လက္ခဏာတွေကတော့
    • အခြေအနေပေါ်မူတည်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိပါတယ်။
    • စကားပြောရော၊ နားထောင်တာပါ ကောင်းပါတယ်။
    • လူအများကြီးနဲ့ဖြစ်ဖြစ်၊ ရင်းနှီးတဲ့အုပ်စုနဲ့ဖြစ်ဖြစ် အဆင်ပြေအောင် နေတတ်ပါတယ်။
    • တစ်ယောက်တည်းရော၊ အဖွဲ့လိုက်ရော လုပ်တတ်ပါတယ်။
    • ကိုယ့်အကြောင်းကို သေချာသိကြပါတယ်။
    • လူမှုဝန်းကျင်မှာ မျှတအောင် နေထိုင်တတ်ပါတယ်။
    • ကိုယ့်ရဲ့ အပြုအမူနဲ့ တုံ့ပြန်မှုတွေကို ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။

    သင်က extrovert လား

    Extrovert ဆိုလို့ရှိရင်တော့ တက်ကြွပြီး ဆိုရှယ်ကျတာ၊ ဘယ်သူနဲ့ဖြစ်ဖြစ် အဖွဲ့ကျတာ၊ သူငယ်ချင်း အပေါင်းအသင်းများတာ စတာတွေကို ပြေးမြင်ကြမှာပါ။

    Extrovertက introvertနဲ့ ပြောင်းပြန် သူ့ရဲ့ energyကို ပတ်ဝန်းကျင်ကနေ ပြန်ယူတာပါ။ လူတွေနဲ့ ပြောဆိုဆက်ဆံနေရတာ၊ စွန့်စွန့်စားစား နေထိုင်ရတာ၊ တက်တက်ကြွကြွ သွားလာလှုပ်ရှားရာတွေက သူတို့အတွက် သက်သောင့်သက်သာနဲ့ ‌ပျော်စရာ ကောင်းနေလို့ပါ။

    Extrovertရဲ့ လက္ခဏာတွေကတော့

    • လူစုလူဝေးကို သဘောကျတာ
    • အာရုံစိုက်ခံလိုတာ
    • အပေါင်းအဖော်တွေနဲ့ နေတာကနေ energyရတာ
    • လူတော်တော်များများနဲ့ သူငယ်ချင်းဖြစ်နေတာ
    • ဆိုရှယ်ကျတာ
    • အပြင်ထွက်ရတာ ကြိုက်တာ
    • အသင်းအဖွဲ့နဲ့ လုပ်ရတာကို ကြိုက်တာ
    • စကားပြောရတာကို ကြိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။

    သင်က introvert လား၊ extrovert လား ၊ ဘယ်ဟာပိုကောင်းလဲ

    Introvertနဲ့ Extrovertမှာ ဘယ်ဟာပိုကောင်းတယ်ဆိုပြီး မရှိပါဘူး။ နှစ်ယောက်လုံးက သူနှစ်သက်တဲ့ ပုံစံနဲ့ နေကြတာ ဖြစ်လို့ သူတို့ရဲ့ ဖြစ်တည်မှုက သူတို့အတွက် အကောင်းဆုံးပါပဲ။

    Extrovertဆိုရင်လည်း လူတွေ စုစုစည်းစည်းနဲ့ နေမှသူ့အတွက် အဆင်ပြေနိုင်သလို Introvertတွေကလည်း သူ့ဟာသူ အေးအေးဆေးဆေး အတွေးထဲနစ်မြောနေရတာက သူ့အတွက် ပျော်စရာပါ။ နှစ်ခုလုံးမှာ အားသာချက်၊ အားနည်းချက် ကိုယ်စီရှိနေမှာ ဖြစ်ပါတယ်။

    ဒါကြောင့် ဘယ်ဟာက ဘယ်ဟာထက် ပိုကောင်းတယ်ဆိုပြီး မရှိပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်ပျော်သလို နေတာကသာ အကောင်းဆုံးဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement