backup og meta

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ

    ဒီနေ့ခေတ်မှာ MBTIလို့ ‌ပြောလိုက်ရင် မသိတဲ့သူ မရှိသလောာက်ပါပဲ။ အထူးသဖြင့် လူငယ်တွေ ကြားမှာပေါ့။ သူများနိုင်ငံတွေမှာ dateလုပ်ရင်တောင် MBTIမေးပြီး ကိုက်မှ ဒိတ်ဆက်လုပ်ကြတာတောင် ရှိပါသတဲ့။ MBTI ဆိုတာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို စစ်‌ဆေးတာ ဖြစ်ပြီး MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ ကလည်း ဆက်စပ်နေပါတယ်။

    MBTI ဘယ်ကစ

    Meyersနဲ့ Briggsဆိုတဲ့ အမျိုးသမီးနှစ်ယောက်က Jungရဲ့ စိတ်ပိုင်းဆိုင်ရာမျိုးကွဲတွေကို သဘောကျတာကြောင့် ဒီဟာကို လက်တွေ့ဘဝမှာ အသုံးပြုလို့ရရင် ကောင်းမှာပဲဆိုပြီး တွေးခဲ့ကြပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ လူတွေရဲ့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုပြီး နားလည်အောင် အသုံးပြုလို့ရမယ့် စစ်ဆေးချက်ကို စပြီး ဖန်တီးခဲ့ပါတော့တယ်။

    သူတို့ နှစ်ယောက်တွေးလိုက်တာက လူတွေက ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်ကိုသာ သိထားမယ်ဆိုရင်  အလုပ်အကိုင်ရှာဖွေတာမှာရော နေ့စဉ်ဘဝမှာပါ ပိုပြီး ပျော်ရွှင်နိုင်မယ်ဆိုမှာပါ။

    1940 ဝန်းကျင်တူန်းကတော့ Meyersက လက်နဲ့ ဖြည့်ရတဲ့ personality test ဖောင်တွေကို စတင် ဖန်တီးပြီး သူတို့ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေအပေါ်မှာ စပြီး စမ်းသပ်ခဲ့ပါတယ်။ ဒီစစ်ဆေးချက်ကို နောက်ထပ် နှစ်၂၀လောက်အထိ ဆက်လက်ပြုပြင်ပြောင်းလဲခဲ့ကြပါတယ်။

    ဒီလိုနဲ့ Myers-Briggs Type Indicator (MBTI) ဆိုပြီး ခုခေတ်လူတွေ အလွယ်တကူ စစ်ဆေးနိုင်တဲ့ testတစ်ခု ဖြစ်လာပါတယ်။

    MBTIနဲ့ သူတို့ရဲ့ အဓိပ္ပာယ်များ

    MBTIရဲ့ အဓိပ္ပာယ်ကို မပြောခင် ကိုယ်က ဘာMBTIလဲဆိုတာ သိရအောင် https://www.16personalities.com/ ဒီမှာ အရင်ဆုံး စစ်ဆေးကြည့်လိုက်ပါ။

    MBTIမှာ ISTJတို့ ENTPတို့လို ၄လုံးတွဲ စကားလုံးတွေ မြင်ဖူးမှာပါ။ အဲ့စာလုံး ၄လုံးမှာ သီးခြားအဓိပ္ပာယ်တွေ ရှိပြီး သူတို့တွေကို ပေါင်းစပ်လိုက်တဲ့အခါ ကိုယ်ရည်ကိုယ်သွေး ဖြစ်လာပါတယ်။

    • Extraversion (E) – Introversion (I)

    Extrovert, Introvert ဆိုတာကတော့ လူတိုင်းသိထားပြီးသား စကားလုံးတွေပါ။ Extrovert ဆိုတာက သူ့ရဲ့ energyကို အပြင်ကနေ ယူတတ်တဲ့သူတွေပါ။ သွားသွားလာလာနေရတာ၊ လူတွေ အများကြီးနဲ့ နေရတာ ကြိုက်ကြသူတွေပါ။

    Introvertတွေကတော့ သီးခြားနေရတာကို သဘောကျသူတွေပါ။ ကိုယ့်အတွေးလေးနဲ့ကိုယ် စီးမြောနေပြီး တစ်ယောက်တည်း နေရတာ၊ သူရင်းနှီးတဲ့သူတွေနဲ့ နေရတာကို သက်သောင့်သက်သာ ဖြစ်ကြသူပါ။

    • Sensing (S) – Intuition (N)

    ဒါကတော့ လူတစ်ယောက်က သူသိချင်တာတွေကို ဘယ်လိုရယူလဲဆိုတာကို အခြေခံထားတာပါ။ Sensing သမားတွေကတော့ ကိုယ်တိုင် လုပ်ကြည့်ပြီး သင်ယူလိုကြသူတွေပါ။ ဒေတာတွေ၊ အသေးစိတ်သွားတာတွေကို သဘောကျတတ်ပြီး တစ်ခုခုဆို ကိုယ်တိုင်လုပ်ရမှ ကျေနပ်ကြသူတွေပါ။

    Intuitionသမားတွေက ခန့်မှန်းတွက်ဆရတာကို ပိုကြိုက်ပါတယ်။ အခြေအနေတွေက ဘယ်လိုပုံစံသွားနေလဲ။ ဒီတိုင်းဆို နောက်ဘယ်နှနှစ်မှာ ဘာဖြစ်လာတော့မှာ စသဖြင့် ဖြစ်နိုင်ခြေတွေ၊ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အကြောင်းတွေကို တွေးရတာ ပိုကြိုက်ပါတယ်။

  • Thinking (T) – Feeling (F)
  • ဒါကတော့ အပေါ်က Sensing ဒါမှမဟုတ် Intuition လုပ်ရာကနေ ရလာတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ဘယ်လိုဆုံးဖြတ်ချက်ချလဲဆိုတာကို ကြည့်တာပါ။

    Thinkingသမားတွေကတော့ ဒေတာတွေ၊ အချက်အလက်တွေပေါ် မူတည်ပြီး ဆုံးဖြတ်ပါတယ်။ သူတို့က ဆုံးဖြတ်ချက်ချတဲ့အခါ လက်တွေ့ကျကျ တွေးလေ့ရှိပါတယ်။ Feeling သမားတွေကတော့ ခံစားချက်ကိုပါ ထည့်သွင်းစဉ်းစားလေ့ ရှိပါတယ်။

    • Judging (J) – Perceiving (P)

    ဒါကတော့ တခြားလူတွေနဲ့ ဘယ်လိုဆက်ဆံလဲဆိုတာကို သုံးသပ်တာပါ။ Judgingသမားတွေကတော့ တိတိကျကျနဲ့ ခိုင်ခိုင်မာမာပဲ ဆက်ဆံပါတယ်။ Perceiving သမားတွေကတော့ ပြောင်းလွယ် ပြင်လွယ်ရှိပြီး လိုက်လျောညီထွေဖြစ်အောင် နေတတ်ပါတယ်။

    နောက်ပြီး Aနဲ့ Tဆိုတာလည်း ရှိပါတယ်။ ဥပမာ MBTIတစ်ခုတည်းမှာပဲ ISTJ-A တို့ ISTJ-Tတို့ ရှိနေတာမျိုးပါ။ A ဆိုတာက Assertiveကို ဆိုလိုတာဖြစ်ပြီး သူတို့တွေက ဒူပေဒဏ်ပေ ခံနိုင်ကြပါတယ်။ နေ့စဉ်ဘဝရဲ့ ပြဿနာတွေကို အပြုံးမပျက် ရင်ဆိုင်နိုင်ကြပါတယ်။

    Turbulentသမားတွေကတော့ ဘာမဆို အင်တိုက်အားတိုက် ကြိုးစားလိုကြပြီး အောင်မြင်စိတ်ပြင်းထန်ကြသူများ ဖြစ်ပါတယ်။ လက်ရှိထက် ပိုပြီး ကောင်းအောင် ကြိုးစားကြပါတယ်။ ပြဿနာသေးသေးလေးတွေကို ကြိုမြင်တတ်ပြီး အကြီးကြီးတွေ ဖြစ်မသွားအောင် ကြိုတင်ပြင်ဆင်လေ့ရှိပါတယ်။

    MBTI ၁၆မျိုးနဲ့ သူတို့ရဲ့ အဓိပ္ပာယ်

    Analyst ၄မျိုး

    • INTJ (Architect)- အရာရာကို ကြိုတင်စီစဉ်ပြီးမှ လုပ်တတ်ပြီး စနစ်တကျ တွေးခေါ်တတ်သူများ ဖြစ်ပါတယ်။
    • INTP (Logician)- ပညာအသစ်တွေကို သင်ယူဖို့ အမြဲစိတ်အားထက်သန်နေပြီး စွန့်ဦးတီထွင်လိုသူများ ဖြစ်ပါတယ်။
    • ENTJ (Commander)- ခေါင်းဆောင်ကောင်းများဖြစ်ပြီး အမြဲတမ်း နည်းလမ်းတစ်ခုမဟုတ် တစ်ခု ရှာဖွေနေကြသူများ ဖြစ်ပါတယ်။
    • ENTP (Debater)- ဦးနှောက်သုံး စဉ်းစားရတာကို သဘောကျကြတဲ့ စမတ်ကျကျ အတွေးအခေါ်သမားတွေပဲ ဖြစ်ပါတယ်။

    Diplomat ၄မျိုး

  • INFJ (Advocate)- အားကျစရာကောင်းပြီး မပင်မပန်း အလုပ်လုပ်နိုင်သူများဖြစ်ပါတယ်။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အံ့သြစရာကောင်းသူများပါ။
  • INFP (Mediator)- လူတွေကို ကူညီတတ်တဲ့ ကြင်နာတတ်သူများ ဖြစ်ပါတယ်။
  • ENFJ (Protagonist)- ယုံကြည်စိတ်ချရတဲ့ ခေါင်းဆောင်ကောင်းတွေဖြစ်ပြီး သူများပြောတာကိုလည်း နားထောင်ပေးတတ်ပါတယ်။
  • ENFP (Campaigner)- အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး အပေါင်းအသင်းမင်တတ်သူများပါ။ တီထွင်ဖန်တီးမှုအားလည်း ကောင်းပါတယ်။
  • Sentinel ၄မျိုး

  • ISTJ (Logistician)- အချက်အလက်ပေါ် အခြေခံပြီး လက်တွေ့ကျကျနဲ့ တိတိကျကျ လုပ်တတ်သူများ ဖြစ်ပါတယ်။
  • ISFJ (Defender)- ချစ်ရသူတွေကို ကာကွယ်ပေးတတ်ပြီး နွေးထွေးတတ်သူများ ဖြစ်ပါတယ်။
  • ESTJ (Executive)- လူတွေ၊ အလုပ်တွေကို စီမံခန့်ခွဲရာမှာ ဆရာကျသူများ ဖြစ်ပါတယ်။
  • ESFJ (Consul)- လူတိုင်းကို ကူညီချင်ပြီး ဒါကြောင့်ပဲ လူချစ်လူခင်ပေါများတဲ့သူ ဖြစ်ပါတယ်။
  • Explorer ၄မျိုး

    • ISTP (Virtuoso)- ပစ္စည်းကိရိယာတွေကို ဆရာကျကျ အသုံးပြုတတ်တဲ့ လက်တွေ့ကျသူများ ဖြစ်ပါတယ်။
    • ISFP (Adventurer)- အသစ်အသစ်တွေကို ရှာဖွေချင်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ သူတွေ ဖြစ်ပါတယ်။
    • ESTP (Entrepreneur)- လွတ်လွတ်နေထိုင်တတ်ပြီး အမြဲတမ်း အားအပြည့်နဲ့ တက်ကြွသူများ ဖြစ်ပါတယ်။
    • ESFP (Entertainer)- ပျော်ပျော်နေတတ်ပြီး သူတို့နဲ့ဆို ဘဝမှာပျင်းဖို့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။

    MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ

    • Analyst (INTJ, INTP, ENTJ, ENTP)

    အားသာချက်- သူတို့တွေက ဉာဏ်ကောင်းတွေ ဖြစ်ကြတာကြောင့် အသက်လည်း ပိုရှည်ကြပါတယ်။ လေ့လာချက်တွေက ဒီလိုပြောပေမယ့် ဘာကြောင့်လဲဆိုတာတော့ သေချာ မသိကြပါဘူး။ ဖြစ်နိုင်တာကတော့ သူတို့က ဉာဏ်ကောင်းတော့  ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ၊ ဘယ်လိုကုသရမယ်၊ ဘာတွေပြင်ဆင်ထားရမယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထားလို့လည်း ဖြစ်နိုင်ပါတယ်။

    အားနည်းချက်- သူတို့တွေက အလုပ်တွေအပေါ် အာရုံစိုက်လွန်းတော့ ကိုယ့်ကိုယ်ကို မေ့နေတတ်ပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့တာ၊ နေမကောင်းရင် ဆေးခန်းသွားဖို့ ပျက်ကွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    • Diplomat (INFJ, INFP, ENFJ, ISFJ)

    အားသာချက်- တည့်ထိုးတွေးတတ်ပြီး အတွေးအခေါ် ရှင်းလင်းတဲ့ Diplomatတွေက သူတို့ ကျန်းမာအောင် ဘယ်လိုနေရမလဲဆိုတာကို ကောင်းကောင်းသိကြပါတယ်။ ဒါ့ပြင် ကျန်းမာအောင် အစားအသောက်က ဘယ်လိုစားရမယ်၊ လေ့ကျင့်ခန်းက ဘယ်လိုလုပ်ရမယ် စသဖြင့် ထောင့်စေ့အောင်လည်း တွေးတတ်ပါသေးတယ်။ နေထိုင်မကောင်း ဖြစ်နေရင်တောင်  ‘ငါဖျားတယ်ဆိုတာ ငါ့ကိုယ်ငါ ဂရုစိုက်ဖို့ လိုသေးတယ်’လို့ သတိပေးလိုက်တာပဲဆိုပြီး တွေးတတ်ပါ‌သေးတယ်။ Diplomatတွေ တော်တော်များများက ကျန်းမာရေး လိုက်စားကြသူတွေ ဖြစ်တာကိုလည်း တွေ့ရပါတယ်။

    အားနည်းချက်- Diplomatတွေက တစ်ခါတလေတော့ အလွန်အကျွံ အစားရှောင်တာ၊ သိပ္ပံနည်းကျ အတည်မပြုထားတဲ့ နည်းလမ်းတွေကို လုပ်တာမျိုးလည်း ရှိတတ်ပါတယ်။ သူတို့ရဲ့ အလုပ်အပေါ် စိတ်အားထက်သန်မှုတွေကြောင့် ကိုယ့်ကိုယ်ကို ဂရုမစိုက်မိတာမျိုးလည်း ရှိပါတယ်။

    • Sentinel (ISTJ, ISFJ, ESTJ, ESFJ)

    အားသာချက်- Sentinel တွေက စည်းကမ်းရှိပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ရကောင်းမှန်း သိတဲ့သူတွေပါ။ ဒါကြောင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး သူတို့ လုပ်ရမယ့်အလုပ်ကို ကောင်းကောင်းနားလည်ကြပြီး ပုံမှန်လုပ်ဖြစ်ကြပါတယ်။ ဥပမာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားရမယ်။ လေ့ကျင့်ခန်းလုပ်ရမယ်။ အနားယူရမယ်။ ပုံမှန်ဆေးစစ်ရမယ် စသဖြင့်ပေါ့။ ဒါတင်မကသေးပါဘူး။ သူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အရက်သောက်တာ၊ ဆေးလိပ်သောက်တာတွေကိုလည်း ရှောင်ကြပါသေးတယ်။

    အားနည်းချက်- Sentinel တွေက အလုပ်ကြိုးစားတဲ့သူတွေ ဖြစ်တာကြောင့် ရံဖန်ရံခါမှာ အလုပ်လုပ်လွန်ပြီး စိတ်ဖိစီးတတ်ကြပါတယ်။ ဒီလို အလုပ်မှာ စိတ်နှစ်လိုက်မိရင် အနားယူဖို့လည်း မေ့တတ်ကြပါတယ်။ ဒါကြောင့် အလုပ်နဲ့ ကျန်းမာရေးကို မျှတအောင် လုပ်ဖို့ လိုပါတယ်။

    • Explorer (ISTP, ISFP, ESTP, ESFP)

    အားသာချက်- တက်တက်ကြွကြွနဲ့ လှုပ်လှုပ်ရှားရှားနေတတ်သူတွေ ဖြစ်တာကြောင့် ကျန်းမာရေးအတွက် သိပ်ပြီး ကြိုးစားစရာမလိုပါဘူး။ ဒါ့ပြင် ကျန်းမာရေးအတွက် အသစ်အသစ်သော နည်းလမ်းတွေကိုပါ စမ်းသပ်ကြည့်ကြပါသေးတယ်။ ပြဿနာကို ဖြေရှင်းရကြိုက်တာကြောင့် နေမကောင်းဖြစ်ပြီဆိုတာနဲ့ ဘယ်လိုသက်သာ‌အောင် လုပ်မလဲဆိုတာ ရှာဖွေပြီးသား ဖြစ်နေတတ်ပါတယ်။

    အားနည်းချက်- အသစ်အသစ်သော နည်းလမ်းတွေကို ရှာဖွေတာက ကျန်းမာရေးဘက်မှာတင် မဟုတ်ပါဘူး။ တခြားနေရာတွေမှာလည်း ပါပါတယ်။ ဥပမာ မူးယစ်ဆေးတွေ စမ်းသုံးကြည့်တာက စလို့ ကားကို စတန့်ထွင်ပြီး မောင်းတာ၊ အန္တရာယ်များတဲ့ အပြုအမူတွေ လုပ်ကြည့်တာမျိုးတွေပေါ့။ ဒါကြောင့် အသစ်အဆန်းတွေ စမ်းသပ်မယ်ဆိုရင်တောင် ကိုယ့်ကို မထိခိုက်တာမျိုးကို လုပ်ဖို့ လိုပါတယ်။

    MBTIက ဘာပဲဖြစ်ပါစေ။ ကျန်းမာရေးကို ဂရုစိုက်တာက လူတိုင်းအတွက် အရေးကြီးပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အမူအကျင့်တွေကို သိထားတဲ့အခါကျတော့ ဘာတွေကို ရှောင်ရမယ်။ ဘာတွေကို လိုက်နာသင့်တယ်ဆိုတာကို ပိုပြီး နားလည်လို့ ကျန်းမာရေးကို ပိုဂရုစိုက်နိုင်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement