backup og meta

မိမိကိုယ်ကို အဆုံးစီရင်ခြင်းနှင့် သိထားသင့်တဲ့ အမေးအဖြေများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိမိကိုယ်ကို အဆုံးစီရင်ခြင်းနှင့် သိထားသင့်တဲ့ အမေးအဖြေများ

    ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှုနယ်ပယ်မှာ အဖြေရှာမရတဲ့ ပဟေဠိတစ်ခုလို ဖြစ်နေကြဆဲပါပဲ။ အကောင်းအတိုင်းပဲ ရှိနေတဲ့သူတစ်ယောက်က ဘာလို့ သတ်သေသွားရတာလဲ၊ သူ့မှာ ဘယ်လိုစိတ်ညစ်စရာတွေ ရှိလို့များ လူ့လောကကို လွယ်လွယ်နဲ့ ကျောခိုင်းဖို့ ကြိုးစားကြတာလဲ၊ သူ့မိသားစုတွေကရော ဒီလိုဖြစ်နေတာကို မသိဘူးလား အစရှိသဖြင့် ပတ်ဝန်းကျင်က မေးထားတဲ့ မေးခွန်းတွေကတော့ အစုံပဲပေါ့ဗျာ။

    တကယ်တမ်းမှာ သေကြောင်းကြံစည်တယ်ဆိုတာ လူတွေ ထင်ထားသလောက်တော့ မရိုးရှင်းဘူးဗျ။ လူမှုနယ်ပယ်ဆိုတာ အမြဲတမ်း ကောင်းတဲ့သူတွေ၊ ကောင်းတဲ့အရာတွေနဲ့ပဲ ကြုံဆုံနေရတာ မဟုတ်သလို လူ့ဘဝဆိုတာလည်း ပန်းခင်းတဲ့လမ်းလို အမြဲတမ်း သာယာဖြောင့်ဖြူးနေတာတော့ မဟုတ်ပါဘူး။

    ၁။ လူတွေ ဘာကြောင့် သေကြောင်းကြံစည်ကြတာလဲ။

    နာကျင်မှုတွေ တူညီခဲ့ရင်တောင် တစ်ယောက်နဲ့ တစ်ယောက် ခံစားရတဲ့ ပမာဏ၊ တွေးခေါ်နိုင်စွမ်း၊ ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက် ကြုံတွေ့လာခဲ့ရတဲ့ အရာတွေ မတူညီပါဘူး။ ဒီအတွက် တချို့သော ပြဿနာတွေမှာ ကိုယ့်အတွက် အလွယ်တကူ စိတ်ထဲကနေ မေ့ပျောက်နိုင်ခဲ့ရင်တောင် တခြားသူတွေက ကိုယ့်လိုပဲ လုပ်နိုင်လို့မယ်လို့ တရားသေ တွက်လို့ မရပါဘူး။

    များသောအားဖြင့် သေကြောင်းကြံစည်ကြတဲ့ သူတွေမှာ

  • ချစ်ရသူကို ဆုံးရှုံးလိုက်ရတာ သို့မဟုတ် ခွဲခွာရတာ
  • မိမိ သားသမီး ဆုံးရှုံးသွားတာ သို့မဟုတ် ကိုယ်ဝန်ပျက်ကျတာ
  • စီးပွားရေးနဲ့ ငွေရေးကြေးရေး ပြဿနာတွေ
  • လုပ်ငန်းခွင် အဆင်မပြေဖြစ်မှု
  • ရှုံးနိမ့်မှု၊ အရှက်ရခဲ့မှု တစ်ခုခုအပေါ် မကြာခဏဆိုသလို ယူကြုံးမရဖြစ်ခြင်း
  • ကျန်းမာရေးပြဿနာ ကြီးကြီးမားမား တစ်ခုရှိနေခြင်း
  • တရားဥပဒေဆိုင်ရာ ပြဿနာများ ရင်ဆိုင်နေရခြင်း
  • အနိုင်ကျင့်ခံရခြင်း၊ စိတ်ဒဏ်ရာများ၊ လိင် သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားခံရခြင်း
  • ခွဲခြားဆက်ဆံခံရမှုတွေ
  • မိမိရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို မိသားစု သို့မဟုတ် သူငယ်ချင်းများက အသိအမှတ်မပြုဘဲ ဝိုင်းဝန်းအပြစ်တင်ကြတဲ့အခါ စတဲ့ အကြောင်းပြချက်တွေကြောင့် သေကြောင်းကြံစည်တာ များပါတယ်။
  • ၂။ တစ်စုံတစ်ယောက်က သေကြောင်းကြံစည်ရန် တွေးနေသလားဆိုတာ သင်ဘယ်လိုသိနိုင်မလဲ။

    အမှန်တော့ ဒီလိုပြောနိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ တချို့သူတွေအနေနဲ့ ကိုယ့်ရဲ့ တစ်နေ့တာ စိတ်ညစ်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ ဘဝကို ဘယ်လိုအရှုံးပေးလိုက်တော့မယ်ဆိုတဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ တင်တာမျိုးတော့ ရှိနိုင်ပါတယ်။ ဒီလိုမျိုး အကြောင်းအရာတွေ မြင်တဲ့အခါ ဒီလူတစ်ယောက်ဟာ အမှန်တကယ် သေကြောင်းကြံစည်လိုစိတ် မရှိရင်တောင် အဲ့ဒီလို လုပ်ဖို့ စတင်တွေးတောနေပြီဆိုတာ သိနိုင်ပါတယ်။

    လူမှုနယ်ပယ်မှာဆိုရင်တော့

  • အမြဲတမ်း မျက်နှာက ပြုံးရွှင်မှုမရှိ
  • အထီးကျန်ပြီး တစ်ယောက်တည်းလိုလို ဖြစ်နေတာ
  • အဝေးတစ်နေရာကို ငေးကြည့်ပြီး တွေးနေတာ
  • သေကြောင်းကြံစည်ခြင်းနဲ့ ပတ်သက်ပြီး အမြဲလိုလို ပြောဆိုနေတာ
  • စိတ်ခံစားချက် အပြောင်းအလဲ မြန်လွန်းတာ
  • ပုံမှန်ကျန်းမာနေတဲ့သူတစ်ယောက်မှာ လုပ်လေ့လုပ်ထမရှိတဲ့ အပြုအမူမျိုး လုပ်တတ်တာ
  • လူတွေနဲ့ ခပ်ကင်းကင်းနေနေတာ
  • အရင်ကထက် ပိုပြီးအိပ်တာ သို့မဟုတ် အိပ်ချိန်ပိုနည်းတာမျိုးကို ကြည့်ခြင်းဖြင့် အနည်းငယ် ခန့်မှန်းလို့တော့ ရနိုင်ပါတယ်။
  • ၃။ လူတစ်ယောက် သေကြောင်းကြံစည်ချင်နေလားဆိုတာ ပွင့်ပွင့်လင်းလင်း မေးသင့်လား။

    တကယ်တော့ ဒီလိုမေးခွန်းမျိုး မမေ့သင့်ဘူးလို့ ထင်တဲ့သူတွေကိုလည်း လုံးဝအပြစ်တင်လို့တော့ မရပါဘူး။ မမေးဘဲနေတုန်းက အကောင်းချည်း၊ မေးလိုက်တော့မှ တကယ်များ အဆုံးစီရင်သွားမလားဆိုပြီး တကယ်ချစ်တဲ့သူတွေက တွေးတတ်ကြတာကိုး။ တကယ့်လက်တွေ့မှာတော့ လုံးဝပြောင်းပြန်ပါ။

    သေကြောင်းကြံစည်ချင်သူအများစုက သူတို့ စိတ်ထဲမှာ ခံစားနေရတာတွေကို တစ်စုံတစ်ယောက်ကို ရင်ဖွင့်လိုစိတ်ရှိပါတယ်။ ပွင့်ပွင်းလင်းလင်း မပြောရင်တောင် သူတို့ရဲ့ မူမမှန်တဲ့ ပုံစံတွေ၊ တစ်ခုခု မျိုသိပ်ထားသလိုပုံစံတွေကို ကြည့်ရင်း သိနိုင်ပါတယ်။

    ဒီတော့ ကိုယ့်စိတ်ထဲမှာ ချစ်ခင်ရသူ တစ်ယောက်ယောက်က စိတ်ညစ်စရာတစ်ခုခုကို ခံစားနေရတယ်ထင်ရင် ပွင့်ပွင့်လင်းလင်း မေးလိုက်ပါ။ သူတို့ ကိုယ့်ကို ပြန်ပြီးရင်ဖွင့်နိုင်ဖို့အတွက် အချိန်ပေးပါ။ ရင်ဖွင့်လာတဲ့အပေါ် သေချာအာရုံစိုက်ပြီး နားထောင်ပါ။ ကိုယ့်တစ်ဖက်သတ် အမြင်နဲ့ ဝေဖန်ကဲ့ရဲ့တာမျိုး မလုပ်ပါနဲ့။ သင့်ဘက်က သူတို့လိုအပ်နေချိန်တိုင်း ဘေးမှာအမြဲရှိပေးနေမယ့်အကြောင်း၊ အမြဲ ဂရုစိုက်ပေးနေမယ့်အကြောင်းကို ပြောပြပေးပါ။

    ၄။ အမှန်တကယ် သေကြောင်းကြံစည်လိုခြင်းမရှိဘဲ လူတွေဂရုစိုက်မှုကို လိုချင်တာရော မဖြစ်နိုင်ဘူးလား။

    ဒီနေရာမှာ ရှုထောင့် နှစ်ခုရှိပါတယ်။

    ပထမတစ်ခုက အမှန်တကယ် သေကြောင်းကြံစည်လိုခြင်းပေါ့ဗျာ။ တကယ်တမ်း စိတ်ဓာတ်တွေ အောက်ဆုံးထိုးကျနေပြီး အဆုံးစီရင်ဖို့ ကြိုးပမ်းတော့မယ်၊ ဒါကို ကိုယ်က အမူအရာတစ်ခုခုပြမယ်၊ စကားတစ်ခုခု ပြောလိုက်မယ်၊ လူမှုကွန်ယက်ပေါ်မှာ တစ်ခုခုတင်လိုက်မယ်ပေါ့ဗျာ။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ဘက်က အားပေးစကားတစ်ခွန်းလောက်ပဲ ပြောပေးလိုက်ရင်တောင် အဆုံးစီရင်ဖို့ ကြံစည်နေရလောက်တဲ့အထိ စိတ်ညစ်နေတဲ့သူကို ကူညီရာရောက်ပါတယ်။

    ဒုတိယတစ်ခုက လူတွေအာရုံစိုက်တာ ခံလိုခြင်းပေါ့။ ရုတ်တရက်ကြည့်ရင်တော့ ဒါမျိုးအမူအကျင့်က မကောင်းဘူးလို့ ထင်ရနိုင်ပါတယ်။ တကယ်တော့ လူတွေအကုန်လုံးက စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ နေ့စဉ်ကြုံတွေ့နေရတာပါ။ ဒီလူက အမှန်တကယ် သေကြောင်းကြံစည်လိုစိတ်မရှိဘူးဆိုရင်တောင် ကိုယ့်ဘက်က ပြောပေးလိုက်တဲ့ အားပေးစကားတစ်ခွန်းက သူ့ကို ပျော်ရွှင်စေနိုင်တယ်၊ အားတက်စေနိုင်တယ်ဆိုတာ မေ့မထားသင့်ပါဘူး။ အရာရာကို အကောင်းဘက်ကနေ သေချာမြင်ကြည့်ပါ။ ကိုယ့်အတွက် အပန်းမကြီးတဲ့ကိစ္စဆိုရင် မတွန့်တိုဘဲ ကူညီပေးလိုက်ပါ။

    ၅။ လူတစ်ယောက်ရဲ့ သေကြောင်းကြံစည်လိုစိတ်ကို ကိုယ့်အနေနဲ့ ပြောင်းလဲပေးနိုင်ပါ့မလား။

    ကိုယ်ချစ်ရတဲ့သူမှာ သေကြောင်းကြံစည်လိုတဲ့ စိတ်ရှိတယ်လို့ သင်သိထားတယ်၊ ဒါမှမဟုတ် ခန့်မှန်းမိတယ်ဆိုရင် လုပ်လို့ရတာတွေ အများကြီးပါ။ ကိုယ့်ဘက်က သူ့ကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပေးပါ။ သူတို့လိုအပ်နေချိန်မှာ ဘေးနားမှာ ရှိနေပေးပါ။ အားပေးစကားပြောပါ။ ခံစားနေရတဲ့ ပြဿနာတစ်ခုခုရှိနေရင် ကိုယ့်အနေနဲ့ ဘယ်လိုကူညီလို့ရမလဲဆိုတာ စဉ်းစားပေးပါ။ သူ့ရဲ့ မိသားစုဝင်တွေကိုလည်း တိုးတိုးတိတ်တိတ် ပြောပြထားပါ။ လုံးဝ ပြောင်းလဲလို့ရနိုင်ပါတယ်လို့ အာမခံလို့မရပေမဲ့ လူတစ်ဦးချင်းစီရဲ့ ဂရုစိုက်မှုတွေဟာ တခြားသူတစ်ယောက်ရဲ့ မှောင်နေတဲ့ စိတ်ကို အလင်းမထွန်းပေးနိုင်ဘူးလို့ တရားသေတွက်လို့ မရပါဘူး။

    သေကြောင်းကြံစည်ချင်တဲ့၊ သေကြောင်းကြံစည်ခဲ့တဲ့ သူအများစုဟာ လူတွေထင်ထားသလို စိတ်ဓာတ်ပျော့ညံ့နေတဲ့သူတွေ မဟုတ်ပါဘူး။ သူတို့အနေနဲ့ ကိုယ်ထင်မထားလောက်တဲ့ အခက်အခဲ၊ ပင်ပန်းဒုက္ခတွေ၊ စိတ်ဆင်းရဲစရာတွေကို ကျော်ဖြတ်နေရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် လူတွေကို ကူညီပေးပါ။ ကိုယ့်မှာ စိတ်ညစ်စရာတွေ ရှိနေရင်လည်း ကိုယ်ချစ်ရသူတွေကို ရင်ဖွင့်ပြောပြပါ။ အနည်းဆုံးတော့ သောကမီးဆိုတာ ကိုယ်ချစ်ရတဲ့သူတွေကို နည်းနည်းစီဝေမျှပေးလိုက်နိုင်ရင် ခံစားနေရတဲ့ အပူဒဏ် လျော့ပါးသွားနိုင်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement