သွေးတိုးရောဂါဆိုတာ အသက်အရွယ်ကြီးမြင့်သူတွေမှာ ပိုအဖြစ်များတတ်တဲ့ ဝေဒနာတစ်မျိုးလို့ ယျေဘုယျအားဖြင့် သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့်တော့ လူငယ်တွေနဲ့ ကလေးသူငယ်တွေမှာလည်း ဒီဝေဒမျိုး မခံစားရနိုင်ဘူးလို့ ဆိုလို့မရပါဘူး။
ရင်သွေးငယ်တွေမှာလည်း သွေးတိုးဝေဒနာ ကြုံရနိုင်ပါတယ်။ တစ်ချို့သော အသက် ၁၈ နှစ်အောက် လူငယ်တွေနဲ့ ကလေးတွေမှာ သွေးတိုးလက္ခဏာတွေ ပြသလေ့ရှိပါတယ်။
ဘာကြောင့် ဒီလို ကလေးငယ်တွေမှာ သွေးတိုးဝေဒနာမျိုး ဖြစ်တာလဲ?
သွေးတိုးတယ်ဆိုတာက စီးဆင်းနေတဲ့ သွေးတွေက ကိုယ်တွင်းက သွေးကြောနံရံတွေကို ဖိအားအလွန်အကျွံပေးတာဖြစ်ပါတယ်။ ပုံမှန်အခြေအနေမှာ သွေးတွေ နှုန်းထားမှန်မှန်နဲ့ စီးဆင်းနိုင်ဖို့ နှလုံးပြွန်တွေက ကူညီလေ့ရှိပါတယ်။ သွေးတိုးချိန်မှာတော့ ဒီလို မကူညီနိုင်တော့တာကြောင့်ဖြစ်ပါတယ်။ ဒီလို သွေးတိုးတာကြောင့် နှလုံးနဲ့ တခြားခန္တာကိုယ်အစိတ်အပိုင်းတွေ ထိခိုက်ပျက်ဆီးနိုင်ပါတယ်။
ပုံမှန်သွေးတိုးကြတဲ့အခါ လူကြီးပိုင်းတွေကတော့ သိနားလည်ကြပြီးဖြစ်တာမို့ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ခံစားနေရတဲ့ ဝေဒနာကို အလွယ်တကူ ပြောပြနိုင်ကြပါတယ်။ ကလေးတွေမှာတော့ ခုလို ရှင်းပြပြောပြနိုင်စွမ်း မရှိတာမို့ ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ရင်သွေးတွေရဲ့ သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပေးသင့်ပြီး မှတ်တမ်းပြုစုထားဖို့ လိုအပ်ပါတယ်။ ဒီလို မှတ်တမ်းပြုစုထားမယ်ဆိုရင် ဆရာဝန်ထံပြသချိန်တွေမှာလည်း သွေးတိုးရောဂါဟုတ်မဟုတ်နဲ့ တခြားကျန်းမာရေးအခြေအနေတွေအတွက် အလွန်အထောက်အကူဖြစ်စေမှာပါ။
သွေးတိုးက ကလေးတွေကို ဘယ်လို သက်ရောက်စေသလဲ
သွေးတိုးနေတဲ့ ကလေးတစ်ယောက်ဟာ လူကြီးတွေလိုပဲ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ လေဖြတ်တာမျိုးဖြစ်နိုင်ပါတယ်။ ချက်ခြင်း ဒီလိုဝေဒနာမျိုးတွေ ခံစားရတာမျိုးမဖြစ်ခဲ့ရင်တောင်မှ ရေရှည်စွဲကပ်နေနိုင်ပြီး အသက်အရွယ်ကြီးရင့်လာချိန်မှာ ပိုမိုဆိုးရွားတဲ့ အခြေအနေမျိုးကို ရောက်ရှိနေနိုင်ပါတယ်။
ဒါ့အပြင် အဝလွန်တာနဲ့ ဆီးချိုဝေဒနာတွေလည်း ဆက်လက်စွဲကပ်လာနိုင်ပါသေးတယ်။
ဘယ်လိုအကြောင်းကြောင့်ဖြစ်နိုင်သလဲ
ကလေးတွေမှာ သွေးတိုးတာမျိုးဖြစ်စေတဲ့ အကြောင်းအရင်း အများအပြားရှိတတ်ပါတယ်။ အဓိကကျတဲ့ အချက်တွေကတော့
- အဝလွန်နေတာ၊
- မျိုးရိုးလိုက်တာ၊
- အိပ်စက်ခြင်းဆိုင်ရာ ဝေဒနာတစ်မျိုးမျိုး ခံစားနေရတာ၊
- အစားအသောက် အလွန်အကျွံစားတာ၊
- ကိုယ်လက်လှုပ်ရှားမှု နည်းပါးလွန်းတာ၊ စတာတွေဖြစ်ပါတယ်။
အစားအသောက်မက်တဲ့ကလေးတွေ၊ တီဗီအလွန်အမင်းကြည့်ရှုသူတွေ၊ ဗီဒီယိုဂိမ်းအလွန်အကျွံဆော့တဲ့ကလေးတွေမှာ ဒီဝေဒနာစွဲကပ်နိုင်ခြေ မြင့်မားတယ်လို့ လေ့လာချက်တွေက ဆိုထားကြပါတယ်။
ဘယ်လို ကာကွယ်ကုသနိုင်သလဲ
သွေးတိုးရောဂါဟာ လုံးဝပျောက်ကင်းအောင် ကုသလို့ရနိုင်တဲ့ ဝေဒနာမျိုးမဟုတ်ပါဘူး။ အစားအသောက်၊ အနေအထိုင်ဆင်ခြင်ပြီး ဒါကြောင့် ကလေးတွေ သွေးတိုးဝေဒနာ ခံစားရတဲ့အခါမျိုးမှာ ပိုပြီးသတိထားပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။
သွေးတိုးဝေဒနာ ခံစားနေရတဲ့ ကလေးငယ်တွေကို ကုသတဲ့ နည်းလမ်းကလည်း လူကြီးတွေနဲ့ ခြားနားမှုသိပ်များများစားစားမရှိပါဘူး။ အထိရောက်ဆုံးနည်းလမ်းကတော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ကုသတာပဲဖြစ်ပါတယ်။
တဖက်မှာလည်း Dietary Approaches to Stop Hypertension (DASH) diet plan လို အဆီနဲ့ ဘေးထွက်ဆိုးကျိုးနည်းပါးတဲ့ အစားအသောက်ကျွေးမွေးမှုမျိုး၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ များများ စားစေတာမျိုး၊ ဆားပါဝင်တဲ့ အစားအစာ ကျွေးမွေးမှုကို ကန့်သတ်တာမျိုးတွေက ရင်သွေးမှာ သွေးတိုးရောဂါဖြစ်မလာအောင် ကာကွယ်နိုင်စေပါလိမ့်မယ်။
ဒါ့အပြင် ကလေးရဲ့ ကိုယ်အလေးချိန်ကိုလည်း ပုံမှန်တိုင်းပေးနေဖို့လိုပြီးတော့ BMI ရလဒ်တွေကို ဂရုစိုက်ဖို့လည်း လိုအပ်ပါတယ်။
ရင်သွေးမှာ သွေးတိုးရှိနေရင် ဒါမှမဟုတ် သွေးတိုးနိုင်ချေရှိနေရင် နေအိမ်အတွင်းမှာ ဆေးလိပ်သောက်သုံးတာမျိုးကို ရှောင်ကျဉ်ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။
ရုပ်မြင်သံကြား ကြည့်ရှုတာနဲ့ ဗီဒီယိုဂိမ်းဆော့တဲ့ အချိန်တွေကို ကန့်သတ်ဖို့လည်း လိုအပ်မှာဖြစ်ပြီးတော့ ဖြစ်နိုင်ရင်တော့ လေ့ကျင့်ခန်းလုပ်ခိုင်းတာကလည်း ကောင်းမွန်တဲ့ အလေ့အထတစ်ခုဖြစ်ပါလိမ့်မယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။