သင့်ကို နှလုံးရောဂါစွဲကပ်စေမယ့် အကျင့်ဆိုးများ
အဝလွန်တာတွေ၊ အရက်သေစာနဲ့ ဆေးလိပ်အလွန်အကျွံသောက်သုံးတာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအသောက်တွေကို အလွန်အကျုးမှီဝဲတာတွေကြောင့် နှလုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။
နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲအရေးကြီးလှပါတယ်။
အကျင့်ဆိုးတွေကို ရပ်တန့်ပါ
သင်နှလုံးရောဂါ မစွဲကပ်ချင်ဘူးဆိုရင် အောက်ပါ အလေ့အကျင့်ဆိုးတွေကို ဖယ်ရှားဖို့၊ ရပ်တန့်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
- အထိုင်များနေတာ – လေ့ကျင့်ခန်းလုပ်တာက နှလုံးရောဂါကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်းဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ကိုယ်က တစ်နေကုန် ဘယ်လိုနေထိုင်တတ်တယ်ဆိုတာကို သုံးသပ်ဖို့လိုအပ်ပါတယ်။ တကယ်လို့ တနေကုန်ထိုင်နေရသူမျိုးဆိုရင် တစ်နာရီတစ်ခါလောက် ထပြီးလမ်းလျှောက်ပေးတာမျိုးကိုပါ လုပ်သင့်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကြီး ပုံမှန်လည်ပတ်နေဖို့အတွက်ပါ။
- ငယ်သေးလို့ နှလုံးရောဂါ မဖြစ်လောက်သေးဘူးလို့ထင်နေတာ – နှလုံးရောဂါအတွက် ငယ်တယ်ကြီးတယ်ဆိုတာမရှိပါဘူး။ တစ်ချို့တွေက ကိုယ်ငယ်သေးတယ်ဆိုပြီး နှလုံးရောဂါမဖြစ်နိုင်လောက်သေးပါဘူးလို့ ထင်ကြတယ်။ နေချင်သလိုနေ စားချင်သလိုစားကြတယ်။ တကယ်တော့ နှလုံးရောဂါက အသက်အရွယ်မရေးဖြစ်နိုင်ပါတယ်။ ဘယ်အချိန်မဆို ဆင်ဆင်ခြင်ခြင်နေထိုင်စားသောက်သင့်ပါတယ်။
- တစ်ခွက်တစ်ဖလားတွေ များနေတာ – သူငယ်ချင်းတွေနဲ့ တွေ့လို၊ ပျော်လို့၊ စိတ်ညစ်လို့၊ အောင်ပွဲခံချင်လို့စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ အသောက်အစားတွေစိတ်လာပြီဆိုရင် သင် နှလုံးရောဂါရဖို့ သိပ်ကိုနီးစပ်သွားပါပြီ။ နှလုံးရောဂါကို ကာကွယ်ချင်ရင် အယ်လ်ကိုဟောကို လက်လွှတ်လိုက်တာအကောင်းဆုံးပါ။
- Diet ဖြစ်အောင် မစားတာ – Diet ဆိုတာ ဝိတ်ချတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို ညီညွတ်မျှတစွာ ဖြည့်တင်းစားသုံးတာပါ။ အသင့်စားအစားအစာတွေ၊ အဆီတွေ၊ အဆိမ့်တွေချည်းလှိမ့်စားနေရင် သင်ကျန်းမာရေးထိခိုက်မှာဖြစ်ပါတယ်။
- ကိုယ့်ခန္ဓာကိုယ်က ကိန်းဂဏန်းတွေကို သတိမထားတာ – သင့်ခန္ဓာကိုယ်မှာ ကိန်းဂဏန်းတွေရှိနေပါတယ်။ သွေးပေါင်ချိန်၊ ကိုယ်ပူချိန်၊ ကိုယ်တွင်း ကိုလက်စထရောပမာဏ၊ ကယ်လိုရီပမာဏ၊ ကိုယ်အလေးချိန်စတာတွေပါပဲ။ ဒီလို အချက်တွေကို သင်ဂရုမစိုက်ဘူးဆိုရင် သင့်ရဲ့ နှလုံးကျန်းမာရေးကို ဒုက္ခပေးလာချိန်မှာ သင်အသိနောက်ကျပါလိမ့်မယ်။
- ခါးအရွယ်အစားကို ဂရုမစိုက်တာ – သင့်ရဲ့ ခါးအရွယ်အစားကြီးမားလာတာက သင့်နှလုံးအတွက် မကောင်းပါဘူး။ ယောင်္ကျားတစ်ယောက်အတွက် ခါးဆိုက် ၄၀ ကျော်တာ၊ မိန်းမတစ်ယောက်အတွက် ၃၅ ကျော်တာက နှလုံးရောဂါရနိုင်ခြေ အနီရောင်အဆင့် အခြေအနေမျိုးဖြစ်ပါတယ်။
- သင့်စိတ်ကို သင်ဂရုမစိုက်တာ – သင်ဘယ်လို ခံစားနေရလဲ၊ စိတ်ဓာတ်ကျနေတာလား၊ စိတ်ညစ်နေတာလား၊ စိတ်ပင်ပန်းနေတာလား။ ဒါတွေကို သင်ဂရုမစိုက်ဘူးဆိုရင် နှလုံးရောဂါက သင့်အနားကိုရောက်လာပါလိမ့်မယ်။ နှလုံးရောဂါဟာ စိတ်ခံစားချက်နဲ့ ဆက်နွယ်မှုရှိပြီး စိတ်ကျန်းမာရေးပြဿနာတွေနဲ့ တိုက်ရိုက်ပတ်သက်နေတတ်တာကြောင့်ပါ။
- ဆေးလိပ်ငွေ့တွေကို မရှောင်နိုင်ဖြစ်နေတာ – ဆေးလိပ်သောက်မှ ဆေးလိပ်ငွေ့ရတာမဟုတ်ပါဘူး။ ကိုယ့်အနီးအနားမှာ တခြားသူတစ်ယောက်ယောက်က ဆေးလိပ်သောက်ရင်လည်း ဆေးလိပ်ငွေ့ရနိုင်တာပါပဲ။ ဘယ်လိုနည်းလမ်းနဲ့ ရရ ဆေးလိပ်ငွေ့နဲ့ နေ့စဉ်ရက်ဆက်ထိတွေ့နေရပြီဆိုရင် သင်ဆေးလိပ်သောက်သောက်မသောက်သောက် နှလုံးရောဂါရဖို့ ဖြစ်နိုင်ခြေကတော့ ဆတူဖြစ်သွားမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။