backup og meta

အမျိုးအစား (၁) ဆီးချိုရောဂါ ရှိနေတဲ့ ကလေးကို ဘယ်လို ပျိုးထောင်ပေးမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးအစား (၁) ဆီးချိုရောဂါ ရှိနေတဲ့ ကလေးကို ဘယ်လို ပျိုးထောင်ပေးမလဲ။

    သင့်ကလေးလေးမှာ အမျိုးအစား  (၁) ဆီးချိုရောဂါ ရှိနေပြီလို့ သိလိုက်ရပြီဆိုရင် သင့်အနေနဲ့ ပြင်ဆင်စရာတွေ အများကြီး ရှိပါတယ်။  ဒီကလေးအတွက် စားသောက်နေထိုင်မှုပုံစံတွေ၊ ဆေးဝါးတွေ၊ နောက်ဆက်တွဲတွေ ဝင်မလာအောင်၊ ရောဂါပိုဆိုးမလာအောင် စသဖြင့် တတ်ကျွမ်းသူဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ပြုစုပေးရမှာပါ။ ဆီးချိုရောဂါဟာ အမြစ်မပြတ်တဲ့ အတွက် ကလေးကို တစ်သက်လုံးစောင့်ရှောက်ရမှာမို့လို့ နည်းလမ်းလေးတွေ မျှဝေပေးလိုပါတယ်။

    အမျိုးအစား (၁) ဆီးချိုရောဂါ ရှိနေတဲ့ ကလေးကို ဘယ်လို ပျိုးထောင်ပေးမလဲ။

    ကလေးကို ကျန်းမာအောင် ဆီးချိုရောဂါရဲ့ အခြေခံအချက်တွေ ဖြစ်တဲ့ ဆေးဝါး၊ အစားအသောက်၊ လေ့ကျင့်ခန်း စတာတွေနဲ့ ပြုစုပေးရပါမယ်။ ဒါ့ပြင် ကလေးကို ရောဂါကြောင့် စိတ်ထိခိုက်ခြင်း မရှိအောင်လည်း အားပေးပျိုးထောင် ပေးရမှာ ဖြစ်ပါတယ်။

    အစပိုင်းကာလတွေမှာတော့ မိဘရော ကလေးပါ အသားမကျသေးလို့ ပင်ပန်းနိုင်ပါတယ်။ တဖြည်းဖြည်းကြိုးစားသွားရင်တော့ သူများတွေလိုပဲ ပျော်စရာ ကောင်းတဲ့ မိသားစု ဖြစ်လာမှာပါ။ နည်းလမ်းတွေကတော့

    • ဆေးကုသမှုကို စနစ်တကျ လိုက်နာပါ။

    အမျိုးအစား (၁) ဆီးချိုရောဂါအတွက် အဓိကဆေးကုသမှုကတော့ အင်ဆူလင်ပဲ ဖြစ်ပါတယ်။ ထိုးဆေးဖြစ်တဲ့အတွက် သာမန်သောက်ဆေးတွေထက်စာရင် ကလေးကို ထိုးပေးရတာ ခက်မှာပါ။ ကလေးအနေနဲ့လည်း ငြင်းဆန်တာတွေ ရှိလာနိုင်ပါတယ်။

    ကံကောင်းတာက အင်ဆူလင်အပ်က သေးသေးလေး ဖြစ်တဲ့အတွက် ထင်သလောက် မနာပါဘူး။ တဖြည်းဖြည်း အသားကျသွားပါလိမ့်မယ်။ ထိုးတဲ့နေရာမှာလည်း ပမာဏ၊ အချိန် စတာတွေကို အတိအကျလိုက်နာပေးဖို့လိုပါတယ်။

    ဒါ့ပြင် သွေးချိုလည်း ပုံမှန်ဖောက်ပေးရပါမယ်။ ဆရာဝန်ညွှန်ကြားထားတဲ့ အချိန်တွေမှာ စနစ်တကျ ဖောက်ပြီး အဖြေတွေကို သေသေချာချာ ရေးမှတ်ထားပါ။ ဆရာဝန်နဲ့ ရက်ချိန်းသွားပြတဲ့အခါ ဒါက အသုံးဝင်ပါလိမ့်မယ်။ ဆီးချို စစ်တဲ့ နေရာမှာ အပ်အသေးဆုံးနဲ့ ဖောက်စစ်တာက ကလေးကို အနာသက်သာစေပါတယ်။

    • အစားအသောက်ကို ဂရုစိုက်ပါ။

    ဆီးချိုရှိတဲ့ကလေးတွေကို အစားအသောက်ကျွေးတဲ့အခါ များများကျွေးမိရင် ဆီးချိုတက်မလား၊ လျှော့ကျွေးရင် ကလေးက မထွားဘဲ ညက်နေမလား စသဖြင့် မိဘတွေ စိုးရိမ်တတ်ကြပါတယ်။ အကောင်းဆုံးကတော့ အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး အစားအသောက်ပုံစံသတ်မှတ်တာပါပဲ။

    အကြမ်းဖျင်းအားဖြင့်တော့ တခြား ဆီးချိုရှိတဲ့သူတွေလိုပဲ ကစီဓာတ်နဲ့ အဆီကို လျှော့စားပြီး အသားများများ၊ အသီးအရွက်များများ စားရမှာပါ။

    နို့နဲ့ ဥတွေလည်း ကျွေးလို့ရပါတယ်။ ဒီလိုဆို ကလေးက ဆီးချို မတက်တဲ့အပြင် အသားဓာတ်ပါလို့ ကောင်းကောင်းကြီးထွားလာမှာပါ။

    ဒီလိုမျိုး အစားအသောက်ကို ပုံစံတကျ စားတတ်တဲ့ကလေးတွေက ဆီးချိုရောဂါကို ထိန်းချုပ်နိုင်တဲ့အပြင် တခြားကလေးတွေနဲ့ ယှဉ်ရင် အဝလွန်တာ၊ အာဟာရချို့တဲ့တာ စတဲ့ ပြဿနာတွေကင်းတာကို တွေ့ရပါတယ်။

    ကြီးတဲ့အထိလည်း ပုံစံတကျ စားသောက်တတ်ပြီဖြစ်လို့ နောက်ဆက်တွဲ ရောဂါတွေ ဝင်နိုင်ခြေလည်း နည်းသွားပါတယ်။

    • လေ့ကျင့်ခန်း ပေးလုပ်ပါ။

    ဆီးချိုထိန်းနိုင်ဖို့ဆိုရင် အစားအသောက်၊ ဆေးဝါး၊ လေ့ကျင့်ခန်း ဒီ၃ခု မျှတနေဖို့ လိုပါတယ်။ သီးသန့်လေ့ကျင့်ခန်း မလုပ်ဖြစ်ရင်တောင် ကလေးကို ပြေးလွှားဆော့ကစားတာမျိုး၊ အားကစား တစ်ခုခုလုပ်တာမျိုး ခွင့်ပြုလိုက်ပါ။

    လှုပ်လှုပ်ရှားရှားနေတဲ့ ကလေးမှာ ထိုးလိုက်တဲ့ အင်ဆူလင်ရဲ့ တုံ့ပြန်မှုကောင်းတာကို တွေ့ရပါတယ်။ ဒါ့ပြင် အဝလွန်တာ၊ နှလုံးရောဂါ၊ သွေးတွင်း အဆီများတာတွေကိုလည်း ကာကွယ်နိုင်ပါတယ်။

    အရပ်ရှည်ပြီး ကောင်းကောင်းကြီးထွားစေပါတယ်။ ကလေးက သူ့ကိုယ်သူ ရောဂါရှိတယ်လို့လည်း ခံစားမိမှာ မဟုတ်တော့ပါဘူး။

    တစ်ခုသတိထားရမှာက အင်ဆူလင်ထိုးပြီးစ ဒါမှမဟုတ် ဗိုက်ထဲမှာ အစာမရှိတဲ့အချိန်ဆိုရင် ဆီးချိုကျတတ်ပါတယ်။ ဒါကြောင့် မကစားခင်မှာ ဆီးချိုဖောက်တာမျိုး၊ မတော်တဆ ဆီးချိုကျသွားရင် စားနိုင်အောင် မုန့်လေး ပဲလေး ဆောင်ထားတာမျိုး လုပ်သင့်ပါတယ်။

    • ကလေးကို ရောဂါအကြောင်း ရှင်းပြပေးပါ။

    နည်းနည်းနားလည်နိုင်တဲ့ အရွယ်လောက်ရောက်ပြီဆိုရင် သူ့ကို ရောဂါအကြောင်း ရှင်းပြပေးပါ။ ဒီလို နားလည်နေခြင်းက သူကိုယ်တိုင် ရောဂါထိန်းချုပ်မှုမှာ ပါဝင်စေပါတယ်။

    နောက်ပြီး တစ်သက်လုံး ဂရုစိုက်ရမှာ ဖြစ်တဲ့အတွက် သူ့ကို အင်ဆူလင် ထိုးနည်းတွေ၊ အစားအသောက်ရွေးချယ်နည်းတွေ၊ သွေးချိုဖောက်နည်းတွေ၊ ဆီးချိုရဲ့ အရေးပေါ်အခြေအနေကို ပြောပြထားပါ။

    ကလေးက ဘယ်သူ့ကိုယ်မှ မမှီခိုဘဲ လုပ်နိုင်တယ်ဆိုရင် ရောဂါကြောင့် သူ့ကိုယ်သူ အားမလို အားမရ ဖြစ်တော့မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်ပါလိမ့်မယ်။ မိဘတွေ အနေနဲလည်း တခြားကလေးတွေကို ပြုစုဖို့ အချိန်ပိုပေးနိုင်ပါလိမ့်မယ်။

    • ကလေးကို ခွဲခြားမဆက်ဆံပါနဲ့။

    ဆီးချို ရှိလို့ ဒါမစားရဘူး၊ ဆီးချို ရှိလို့ ဒါမလုပ်ရဘူးဆိုပြီး ကလေးကို အတင်းမချုပ်ခြယ်ပါနဲ့။ ကလေးဆိုတော့ စိတ်ထဲမှာ စားချင်တာ သောက်ချင်တာလေးတွေ ရှိပါတယ်။

    ဆီးချို အခြေအနေပေါ် မူတည်ပြီး အနည်းငယ် ခွင့်ပြုလို့ရရင် ခွင့်ပြုလိုက်ပါ။ တခြားလုပ်ချင်တာရှိရင်လည်း (ဥပမာ အားကစား တစ်ခုခု) သူ့ကို မထိခိုက်ရင် ခွင့်ပြုပေးလိုက်ပါ။

    ကလေးကို အတင်းထိန်းချုပ်ထားတာက သူ့ကို ရောဂါကြောင့် သိမ်ငယ်စိတ်ကို ဖြစ်စေပါတယ်။ အဲ့ဒီအစား သူ့ကို အားပေးပါ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာမယ်ဆိုရင် ရောဂါကို ကောင်းကောင်းထိန်းချုပ်နိုင်တာကြောင့် သာမန်ကလေးတွေလိုပဲ နေနိုင်တဲ့အကြောင်း ပြောပြပြီး အားပေးပါ။

    ဒီရောဂါက ရှက်စရာ မဟုတ်တဲ့အတွက် လိုအပ်ရင် ပတ်ဝန်းကျင်ကလူတွေကိုပါ အသိပေးထားပါ။

    အမျိုးအစား (၁) ဆီးချိုရောဂါ ရှိတဲ့ ကလေးကို စောင့်ရှောက်ရတာက သာမန်ကလေးကို စောင့်ရှောက်ရတာထက် အနည်းငယ် ပိုပင်ပန်းတယ်ဆိုပေမယ့် သေချာ ပျိုးထောင်ပေးမယ်ဆိုရင် စနစ်ကျတဲ့ စားသောက်နေထိုင်မှု ပုံစံနဲ့ ဆေးဝါးတွေကြောင့် ကလေးက ဆီးချို ထိန်းနိုင်တဲ့အပြင် တခြားကျန်းမာရေး ကောင်းကျိုးတွေပါ ရရှိလာမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement