backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာ အစုံစုံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာ အစုံစုံ

ဆီးချိုရောဂါက သေချာမကုဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ နောက်ဆက်တွဲပြဿနာ တွေ ဝင်လာနိုင်ပါတယ်။ သေချာကုနေတာတောင်မှ လူနာက သွေးတွင်းသကြားဓာတ်ကို မထိန်းထားနိုင်ဘူးဆိုရင် ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာတွေ က ထင်ထားတာထက် မြန်မြန်ရောက်လာနိုင်ပါတယ်။ ဒါထက်ပိုဆိုးတာက ဆီးချိုရောဂါရှိတာကို လုံးဝသိမနေဘဲ နောက်ဆက်တွဲဝေဒနာတစ်ခုခု ခံစားရမှ ဒါကို လာပြရင်း နောက်ကြောင်းပြန် စစ်ကြည့်လိုက်တဲ့အခါမှ ဆီးချိုရောဂါရှိနေတာကို သိလာရတာပဲ ဖြစ်ပါတယ်။

ဆီးချိုရောဂါက သွေးတွင်းသကြားဓာတ်တက်ရုံပဲ ဆိုပေမယ့် ဒီသကြားဓာတ်တွေက ခန္ဓာကိုယ်က ဆဲလ်တိုင်းက လိုအပ်နေတာကြောင့် ပုံမှန်အတိုင်း မဖြစ်တဲ့အခါ တစ်ကိုယ်လုံးမှာ နောက်ဆက်တွဲပြဿနာတွေ ဝင်လာရတာပဲ ဖြစ်ပါတယ်။

ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာ များ

ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာ တွေထဲမှာ ရုတ်တရက် အခြေအနေပိုဆိုးလာပြီး အရေးပေါ်ကုသဖို့ လိုအပ်တာ ရှိသလို နာတာရှည်ဝေဒနာအနေနဲ့ တဖြည်းဖြည်း ပျက်စီးလာတာတွေလည်း ရှိပါတယ်။

ရုတ်တရက် ဖြစ်တတ်တဲ့ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ပြဿနာများ

ဒါကို သွေးတွင်းသကြားဓာတ် တက်တာထက် ပိုကြောက်ပါတယ်။ ဦးနှောက်က သကြားဓာတ်ငတ်ပြီး လူနာက ရုတ်တရက် မေ့လဲသွားတတ်လို့ပါ။ အစာစားချိန်မမှန်တဲ့သူတွေ၊ အစာနဲ့ ဆေးနဲ့ သဟဇာတမဖြစ်တဲ့သူတွေ၊ ဆီးချိုဆေးပမာဏ လွဲနေတဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။

  • သွေးတွင်းသကြားဓာတ်တက်ခြင်း

သွေးတွင်းသကြားဓာတ် တက်ခြင်းမှာ နှစ်မျိုးရှိပါတယ်။

Hyperosmolar Hyperglycaemic State (HHS) အမျိုးအစား ၂ ဆီးချိုရောဂါရှင်တွေမှာ တွေ့ရတတ်ပါတယ်။ လူနာက သွေးတွင်းသကြားဓာတ်တက်ပြီး ရေဓာတ်ခမ်းခြောက်နေတတ်ပါတယ်။

Diabetic ketoacidosis (DKA) အင်ဆူလင် မရှိတာကြောင့် သွေးတွင်းသကြားဓာတ်တွေ တက်လာပြီး ကောင်းကောင်းမသုံးနိုင်တာကြောင့် ကီတုန်းလို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေ များလာတာမျိုးပါ။

၂ခုလုံးက အရေးပေါ်အခြေအနေပဲ ဖြစ်ပါတယ်။

ဖြည်းဖြည်းချင်း ပိုဆိုးလာတဲ့ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာ များ

နာတာရှည် နောက်ဆက်တွဲပြဿနာ လို့ ပြောလည်း ရပါတယ်။ ဒီမှာတော့ ဆီးချိုရောဂါက တစ်ကိုယ်လုံးကို ထိခိုက်နိုင်တာကို တွေ့ရမှာပါ။

ဆီးချိုရောဂါရှင်တွေက diabetic retinopathyလို့ ခေါ်တဲ့ မြင်လွှာပြဿနာဖြစ်ပြီး အမြင်အာရုံ ထိခိုက်နိုင်ပါတယ်။ တချို့ဆို မျက်စိမကောင်းလို့ သွားပြကာမှ ဆီးချိုရှိမှန်း စသိကြတာပါ။ ဆီးချိုရှိပြီးသား သူတွေအနေနဲ့လည်း အနည်းဆုံး တစ်နှစ်တစ်ခါလောက် မျက်စိစစ်ဆေးသင့်ပါတယ်။ ဒီပြဿနာက စောစောသိလို့ ကုလိုက်ရင် အမြင်ကွယ်တာကို တားဆီးပေးနိုင်ပါတယ်။

ဆီးချိုလူနာတွေကို မှာလေ့ရှိတာက နေ့တိုင်း မှန်မကြည့်ရင်နေပါ။ ခြေထောက်ကို မမေ့မလျော့ စစ်ပါဆိုတာပါပဲ။ ဆီးချိုရှိတဲ့သူတွေက အာရုံကြောတွေ၊ သွေးကြောတွေ မကောင်းတာကြောင့် ခြေထောက်မှာ တစ်ခုခု ထိခိုက်မိရင် မသိသလို၊ အနာဖြစ်ခဲ့ရင်လည်း အနာကျက်နှေးပါတယ်။ ဒါကြောင့် နေ့တိုင်း စစ်ဆေးပြီး အနာတစ်ခုခုရှိတာနဲ့ ဆရာဝန်နဲ့ သေချာပြသင့်ပါတယ်။ အနာသေးသေးလေးဆိုပြီး ပစ်ထားရာက ပိုးတွေဝင်ပြီး ခြေထောက်ဖြတ်ပစ်ရတဲ့အထိ ဖြစ်သွားတာတွေ ရှိပါတယ်။

ဆီးချိုရှိပြီး သွေးတွင်းသကြားဓာတ်ကို သေချာမထိန်းဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ သွေးကြောတွေ ပျက်စီးလာမှာပါ။ ဒီသွေးကြောတွေထဲမှာ နှလုံးသွေးကြောနဲ့ ဦးနှောက်သွေးကြောတွေလည်း ပါတာကြောင့် လေဖြတ်တာ၊ နှလုံးသွေးကြောပိတ်တာတွေ ဖြစ်လာနိုင်ပါတယ်။

ဆီးချိုဖြစ်တာ သက်တမ်းကြာလာပြီဆိုရင် ကျောက်ကပ်လည်း ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ပုံမှန်အလုပ်ဖြစ်တဲ့ အရည်တွေ၊ အညစ်အကြေးတွေ စွန့်ထုတ်တာကို သေချမလုပ်နိုင်တော့ပါဘူး။ ဆီးချိုနဲ့ သွေးတိုးတွဲနေရင် ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။

  • အာရုံကြောထိခိုက်တာ

သွေးထဲမှာ သကြားဓာတ်တွေများနေတာက အာရုံကြောတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အာရုံကြောတွေ ထိခိုက်ပြီး ထုံတာ၊ ကျဉ်တာတွေ ဖြစ်လာတာပါ။ ဒါ့ပြင် Autonomic neuropathyလို့ ခေါ်တဲ့ အလိုအလျောက်အလုပ်လုပ်တဲ့ အာရုံကြောတွေပါ ထိခိုက်ပြီး အစာခြေလမ်းကြောင်းမှာ အစာမကြေတာ၊ (ဒါကြောင့် နောက်ပိုင်းမှာ ဆီးချိုသမားတွေက ရင်ခေါင်းတောင့်တာ၊ ရင်ပူတာတွေ ပြောကြပါတယ်။)၊ ဆီးမထိန်းနိုင်တာ၊ အမျိုးသားတွေမှာ လိင်တံမထောင်မတ်နိုင်တာတွေ ဖြစ်တတ်ပါတယ်။

  • သွားနဲ့ ခံတွင်းပြဿနာ

သွေးထဲမှာ သကြားဓာတ်တွေ များသလို တံတွေးထဲမှာလည်း သကြားဓာတ်တွေ များလာနိုင်ပါတယ်။ ဒါကြောင့် ဘက်တီးရီးယားတွေ ပိုပေါက်ပြီး အက်စစ်တွေ ပိုထွက်ပါတယ်။ သွားကြွေလွှာတွေ ပိုမိုပျက်စီးပြီး သွားဖုံးပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။ သွားဖုံးက သွေးကြောတွေလည်း ထိခိုက်တာကြောင့် သွားဖုံးပိုးဝင်လွယ်ပါတယ်။

  • လိင်ပိုင်းဆိုင်ရာ ပြဿနာ

လိင်အင်္ဂါတွေကို သွေးကောင်းကောင်းမလျှောက်တာကြောင့် အမျိုးသမီးတွေမှာ ထိသိခံစားမှု နည်းသွားတာ၊ အမျိုးသားတွေမှာ ပန်းသေပန်းညှိုးတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် သွေးတွင်းသကြားဓာတ်များတာကြောင့် လိင်အင်္ဂါမှိုစွဲတာ၊ ဆီးပိုးဝင်တာတွေ ဖြစ်လွယ်ပါတယ်။

  • အရေပြားပြဿနာ

ဆီးချိုရှိတဲ့သူတွေက ပိုးဝင်လွယ်တာကြောင့် အရေပြားမှာ ဘက်တီးရီးယားပိုးဝင်တာ (ဥပမာ ပြည်တည်တာ)၊ မှိုစွဲတာ၊ ယားယံတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် ဆီးချိုနဲ့ သက်ဆိုင်တဲ့ ထူးခြားတဲ့ အရေပြားပြဿနာတွေလည်း ဖြစ်တတ်ပါသေးတယ်။ ဥပမာ ဂုတ်၊ လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံမှာ မည်းနေတတ်တဲ့ Acanthosis nigricans လိုမျိုး။

ဆီးချိုရောဂါကြောင့် နောက်ဆက်တွဲပြဿနာတွေ မဖြစ်စေဖို့

ဆီးချိုရောဂါရဲ့ သဘာဝကိုက ဖျက်စီးတတ်တဲ့ သဘောရှိလို့ လုံးဝမဖြစ်အောင် ကာကွယ်ဖို့ ခက်ပါတယ်။ ဒါပေမယ့် ဖြစ်တာ နှေးကွေးအောင်၊ ဖြစ်နိုင်ခြေနည်းအောင် ပြုပြင်နေထိုင်လို့တော့ ရပါတယ်။

အဓိကက သွေးတွင်းသကြားဓာတ်၊ သွေးတွင်းအဆီ၊ သွေးပေါင်ချိန် ဒီ၃ခုကို သေချာထိန်းပါ။ ဆေးဝါးနဲ့ ထိန်းမလား၊ နေထိုင်စားသောက်မှုပုံစံနဲ့ ထိန်းမလား။ တတ်နိုင်သလောက် ပုံမှန်အတိုင်း ဖြစ်အောင် ထိန်းထားပါ။ ရက်ချိန်းပုံမှန်ပျောက်ပြီး ရောဂါကို ပုံမှန်စောင့်ကြည့်နေပါ။

ဆီးချိုကို ပုံမှန်စစ်ဆေးပါ။ လက္ခဏာအသစ်ခံစားရရင် ရက်ချိန်းပြတိုင်းမှာ ဆရာဝန်ကို ပြောပြပါ။ စောစောကုနိုင်လေလေ နောက်ဆက်တွဲပြဿနာ တွေ နည်းလေပဲ ဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement