ဆီးချိုရှိရင် ပြောင်းဖူးစားလို့ ရမလား!

    ဆီးချိုရှိရင် ပြောင်းဖူးစားလို့ ရမလား!

    ပြောင်းဖူးဆိုတာက မီးကင်စားစား၊ ဟင်းရည်ပဲ ချက်သောက်သောက်၊ အသားစွပ်ပြုတ်တွေထဲပဲ ထည့်ထည့်၊ ကြော်ပဲစားစား စားလို့ ကောင်းတဲ့ အစားအစာ တစ်မျိုးပါ။ အာဟာရပြည့်ဝသလို စားလို့လည်းကောင်းတဲ့ ပြောင်းဖူးကို ဆီးချိုရှိသူတွေရော စားလို့ရလားဆိုပြီး သိချင်နေတဲ့သူတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဆီးချိုရှိရင် ပြောင်းဖူးစားလို့ ရမလား! ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးချင်တာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။

    ပြောင်းဖူး ဆိုတာ

    ပြောင်းဖူးဆိုတာက တစ်ကမ္ဘာလုံး စားသုံးနေကြတဲ့ ကောက်နှံတစ်မျိုးပါ။ ပြောင်းဖူးက ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များသလို အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ပရိုတင်း၊ အဆီဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။

    ပြောင်းဖူးဆိုတဲ့နေရာမှာ သကြားပြောင်းလို့ ခေါ်တဲ့ အဝါရောင်ပြောင်းဖူး၊ အဖြူရောင်လေးနဲ့ စားလိုက်ရင် စေးစေးကလေး ဖြစ်နေတဲ့ ပလို့ပြောင်း၊ ခရမ်းရောင်အဆင်းရှိပြီး စားလိုက်ရင် တဖောက်ဖောက်နဲ့ စေးစေးလေး ရှိတဲ့ ခရမ်းရောင်ပြောင်းတွေပါ။

    ဆီးချိုရှိရင် ပြောင်းဖူးစားလို့ ရမလား

    ဆီးချိုရှိရင် ပြောင်းဖူးစားလို့ ရမလား ဆိုတော့ အတိုင်းအတာ တစ်ခုအထိတော့ စားလို့ ရပါတယ်။ အများကြီးတော့ စားလို့ မရပါဘူး။ နေ့တိုင်း စားလို့လည်းတော့ မရပါဘူး။ အကြောင်းကတော့ ပြောင်းဖူးမှာ သကြားဓာတ် ပါဝင်မှု များနေတာကြောင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့်ပါ။

    အထူးသဖြင့် သကြားပြောင်းပါ။ သကြားပြောင်းက သကြားဓာတ် ပါဝင်မှု မြင့်ပါတယ်။ သကြားပြောင်း ၁၀၀ ဂရမ်မှာ ကာဗိုဟိုက်ဒရိတ် ၁၉ ဂရမ်၊ ပရိုတင်း ၃.၂ ဂရမ်၊ အဆီဓာတ် ၁.၁၈ ဂရမ် ပါဝင်နေပါတယ်။ ဒီပမာဏက ဆီးချိုရှိသူတွေအနေနဲ့ အသင့်အတင့် စားသုံးမယ်ဆိုရင်တော့ ကျန်းမာရေးကိုရော သွေးတွင်းသကြားဓာတ်ကိုပါ ထိခိုက်စေမှာ မဟုတ်ပါဘူး။

    နောက်တစ်ချက်က ပြောင်းဖူးက အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့်လည်း စားပြီးချိန်မှာ ရုတ်တရက် သွေးချို မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ဆီးချိုရှိသူတွေ ပြောင်းဖူးစားပေးရင်ရမယ့် ကောင်းကျိုးတွေ

    ဆီးချိုရှိသူတွေအနေနဲ့ ပြောင်းဖူးကို အနည်းအကျဉ်း စားပေးလို့ ရပါတယ်။ ဒီလို စားပေးမယ်ဆိုရင်တော့ ပြောင်းဖူးမှာ ဗီတာင် B1၊ B3၊ B6 တို့ ပါဝင်နေတာကြောင့် စားလိုက်တဲ့ အစားအစာတွေကို စွမ်းအင်အဖြစ် ထိထိရောက်ရောက် ပြောင်းလဲပေးနိုင်ပြီး ဦးနှောက်၊ ကိုယ်ခံအား နဲ့ အာရုံကြောစနစ်တွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    နောက်တစ်ချက် အနေနဲ့ကတော့ ပြောင်းဖူးက အစာကြေညက်ခဲတာကြောင့် သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပြောင်းဖူးက အမျှင်ဓာတ်ကြွယ်ဝလို့ ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အဆီပါဝင်မှု နည်းတာကလည်း ဆီးချိုရောဂါ ရှိသူတွေမှာ သွေးတွင်းအဆီများတာကို ကာကွယ်ပေးပြီး နှလုံးကျန်းမာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။

    ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကလည်း ကိုယ်ခံအားကောင်းစေပြီး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ပြောင်းဖူးစားတဲ့အခါ ပြုပြင်ထားတဲ့ ပြောင်းဖူးမဟုတ်တဲ့ သဘာဝအတိုင်း ပြောင်းဖူးကို စားပေးဖို့ လိုပါမယ်။ ဒါမှ အမျှင်ဓာတ် ကြွယ်ဝစွာ ရရှိပြီး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    ဆိုလိုတာက ပြောင်းဖူးကို ဆီများများနဲ့ သုတ်ထားတာတို့၊ ဆားလေးနဲ့ လှိမ့်ထားတို့၊ သကြားနဲ့ ဖောက်ထားတဲ့ ပြောင်းဖူးပေါက်ပေါက်တို့ဆိုရင် စားဖို့ မသင့်တော်ပါဘူး။

    ဆီးချိုရှိသူတွေအနေနဲ့ ပြောင်းဖူးကို ဘယ်လို စားမလဲ

    ဆီးချိုရှိမယ်ဆိုရင် အစားအစာတိုင်းကို သေချာလေး ဂရုစိုက်ဖို့ လိုမယ်ဆိုတာကို ထွေထွေထူးထူး ပြောစရာ မလိုအောင်ပါ။ ဒါကြောင့် ပြောင်းဖူးစားမယ်ဆိုရင် သေချာလေး ဂရုစိုက်ဖို့ လိုမှာပါ။ ပြောင်းဖူးက ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အများကြီး စားလို့ မရတာတော့ အသေအချာပါ။

    ဒီတော့ ပြောင်းဖူးကို စားဖို့ဆိုရင် ၉လက်မအချင်းရှိတဲ့ အရွယ်တော် ပန်းကန် တစ်ချပ်ရဲ့ ၄ ပုံပုံ ၁ ပုံစာလောက်ပဲ စားသင့်ပါတယ်။

    ဒီလိုမျိုး အချိုးအစား မှန်မှန်လေး စားသုံးပေးမယ်ဆိုရင်တော့ ဆီးချိုရှိသူတွေမှာ သွေးတွင်းသကြားဓာတ် မြင့်တက်စေတာမျိုး မရှိဘဲ ပြောင်းဖူးကနေ ရရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုပါ ရရှိဦးမှာပါ။

    ဆီးချိုနဲ့ ပြောင်းဖူး

    မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေအရ ပြောင်းဖူးစားတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို ကိုယ်ထဲက အင်ဆူလင်ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ သွေးလည်ပတ်မှု ကောင်းစေသလို သွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါသေးတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement