အမျိုးအစား (၁.၅) ဆီးချိုရောဂါ လက္ခဏာများ
အမျိုးအစား – ၁.၅ ဆီးချိုကို ပန်ကရိယ (မုန့်ချိုအိတ်)က အင်ဆူလင် ထုတ်တာနည်းလာတာကြောင့် ဖြစ်တဲ့ဆီးချို (LADA) လို့လည်း ခေါ်ကြပါတယ်။ ဒီဆီးချို အမျိုးအစားကို အမျိုးအစား – ၂ ဆီးချိုလို့လည်း ခေါ်ကြပါတယ်။ ဒီအမျိုးအစားဆီးချိုက အရွယ်ရောက်ပြီးသူတွေမှာ ဖြစ်တာများပါတယ်။ အမျိုးအစား -၁ ဆီးချိုလိုမျိုး ကလေးအရွယ်မှာကတည်းက ဖြစ်တာ မဟုတ်ပါဘူး။
အမျိုးအစား – ၁.၅ ဆီးချိုမှာ နောက်ထပ်အမျိုးအစားကွဲတစ်ခုအနေနဲ့ Maturity onset Diabetes of the Young (MODY) ဆိုတာ ရှိပါတယ်။ ဒီဆီးချို အမျိုးအစားက လူငယ်တွေမှာ ဖြစ်တတ်ပါတယ်။
ဆီးချို အမျိုးအစား ၃ ခုစလုံးရဲ့ တူညီတာက အင်ဆူလင် လုံလောက်အောင် မထုတ်နိုင်တာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်လာတာပါ။ အမျိုးအစား – ၁.၅ ဆီးချိုက autoimmune ရောဂါတစ်ရပ်ဖြစ်ပြီး ကိုယ်ခံအားက ခန္ဓာကိုယ်ဆဲလ်တွေကို မှားယွင်းတိုက်ခိုက်ရာကနေ ဖြစ်လာတာပါ။ ဒီအမျိုးအစား ဆီးချိုမှာ ကိုယ်ခံအားက ပန်ခရိယမှာရှိတဲ့ အင်ဆူလင် ထုတ်ပေးတဲ့ ဘီတာဆဲလ်တွေကို အဓိကထား တိုက်ခိုက်ပါတယ်။ ဒီလိုနဲ့ အင်ဆူလင် ထုတ်လုပ်နိုင်စွမ်း ကျလာပြီး သွေးတွင်းသကြားဓာတ် မြင့်တက်လာရတာပါ။
လက္ခဏာတွေ အနေနဲ့ကတော့
- ဆီးခဏခဏ သွားတာ
- ရေအရမ်းငတ်တာ
- အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန် ကျသွားတာ
- အမြင်အာရုံတွေ ဝါးလာတာ
- အာရုံကြောလေးတွေ ထိခိုက်ပျက်စီးပြီး ခြေလက်တွေ ထုံကျဉ်တာမျိုး ခံစားရနိုင်ပါတယ်။
အမျိုးအစား (၁.၅) ဆီးချိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ
အမျိုးအစား – ၂ ဆီးချိုနဲ့ မူတာက အမျိုးအစား -၁ ဆီးချို နဲ့ အမျိုးအစား -၁.၅ ဆီးချိုဖြစ်ရတဲ့ အကြောင်းအရင်းကို လူသိနည်းတာပါ။ အမျိုးအစား -၁.၅ ဆီးချိုက အသက် ၃၀ အထက် သူတွေမှာ ဖြစ်ပွားတာဖြစ်ပြီး တစ်ခါတလေမှာ အမျိုးအစား – ၂ ဆီးချိုလို့ မှားယွင်း အဖြေထုတ်မိတတ်ပါတယ်။
အမျိုးအစား -၁.၅ ဆီးချိုမှာ ရောဂါခံစားနေရသူက စစချင်းမှာ ပန်ခရိယက အလုပ်လုပ်နေဆဲဖြစ်ပြီး အင်ဆူလင်ကိုလည်း ဆက်လက်ထုတ်လုပ်နိုင်ပါတယ်။ ကျန်းမာတဲ့ သွေးချိုပမာဏ ရရှိအောင် ထိန်းညှိနိုင်တဲ့ အနေအထားတော့ မဟုတ်ဘူးပေါ့။
အမျိုးအစား – ၁.၅ ကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းလို့ ယူဆရတဲ့ အချက်ကတော့ ပန်ခရိယဆဲလ်၊ အင်ဆူလင် ဒါမှမဟုတ် ပန်ခရိယအင်ဇိုင်းလုပ်ငန်းစဉ်တွေကို ပြန်လည်တိုက်ခိုက်မယ့် autoantibodies ရှိနေတာကြောင့် ဖြစ်ပါတယ်။
အမျိုးအစား -၁.၅ ဆီးချိုရှိသူတွေက အဝမလွန်ကြပါဘူး။ သူတို့က ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်တောင် နည်းနေတတ်ကြပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်တက်မှုကြောင့် ကိုယ်အလေးချိန် ကျလာတဲ့ သဘောပါ။
ဘယ်လို စစ်ဆေး သိရှိနိုင်မလဲ
- Hemoglobin A1c စစ်ဆေးခြင်း
- မနက်ခင်း သွေးတွင်း သကြားဓာတ် စစ်ဆေးခြင်း
- သွေးတွင်းသကြားဓာတ်ကို အခွင့်သင့်သလို စစ်ဆေးခြင်း
- သကြားရည်သောက်ပြီး သွေးတွင်းသကြားဓာတ်ကို စစ်ဆေးခြင်း
- Antibody စစ်ဆေးခြင်း နည်းလမ်းတွေနဲ့ စစ်ဆေးနိုင်ပါတယ်။
ဘယ်လို ဂရုစိုက်ရမလဲ
အမျိုးအစား -၁.၅ ဆီးချို ရှိပေမယ့်လည်း နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်စွာနဲ့ သက်တမ်းစေ့အောင် နေထိုင်လို့ ရပါတယ်။ ဒီလို ကျန်းမာနေစေဖို့ဆိုရင်
- ပုံမှန် သွေးချိုတိုင်းတာ စစ်ဆေးပါ (အိမ်မှာတင် သွေးချိုစစ်တဲ့ စက်နဲ့ပါ)
- ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ
- အသီးအရွက် များများစားပါ
- ရေများများ သောက်ပါ
- အိပ်ရေးဝဝ အိပ်ပါ
- ဆေးကို အချိန်မှန် မပျက်မကွက် သောက်ပါ
- ကုသကို သေချာ ခံယူပါ
- ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေကို လုပ်ဆောင်ပါ။
ဒီလို လုပ်ဆောင်ပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ အထောက်အကူ ဖြစ်စေနိုင်သလို နောက်ဆက်တွဲ ရောဂါတွေ ဝင်မလာအောင်လည်း တားဆီးနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။