backup og meta

ဆီးချိုသွေးချိုလူနာတွေ ဥပုသ်ဆောက်တည်တဲ့အခါ သွေးတွင်းသကြားဓာတ်ထိန်းထားနိုင်ဖို့

ဆီးချိုသွေးချိုလူနာတွေ ဥပုသ်ဆောက်တည်တဲ့အခါ သွေးတွင်းသကြားဓာတ်ထိန်းထားနိုင်ဖို့

ဝါတွင်းကာလမှာ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကုသိုလ်ယူပြီး ဥပုသ်ဆောက်တည် တတ်ကြပါတယ်။ သာမန်လူတွေအတွက်တော့ ပြဿနာမရှိလှပေမဲ့ ဆီးချိုသွေးချိုလူနာတွေကတော့ မိမိရဲ့ ရောဂါကိုပါ ထည့်သွင်းစဉ်းစားရမှာပါ။ ဒါကြောင့် ဆီးချိုသွေးချိုလူနာတွေ ဥပုသ်ဆောက်တည်တဲ့အခါ သွေးတွင်းသကြားဓာတ်ထိန်းထားနိုင်ဖို့ ဘာတွေလိုက်နာရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ဖို့  အကြံပြုချင်ပါတယ်။

ဆီးချိုသွေးချိုရောဂါ နဲ့ ဥပုသ်ဆောက်တည်ခြင်း

ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ အဓိကထား စောင့်ကြည့်ရမှာက သွေးတွင်းသကြားဓာတ်ပါ။ သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်လာတာက ဆီးချိုသွေးချိုရောဂါ ရှိသူတွေမှာ အရေးပေါ်ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်သလို ရုတ်တရက်သွေးတွင်းသကြားဓာတ် ကျဆင်းတာကလည်း အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ဝါတွင်းကာလ ဥပုသ်ဆောက်တည်တဲ့အခါ ဆီးချိုသွေးချိုရောဂါရှိသူတွေက အချိန်ကြာမြင့်စွာ အစားမစားဘဲ နေတာကြောင့် သွေးတွင်းသကြားဓာတ် ကျဆင်းတာကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ဥပုသ်ထွက်ချိန်မှာ အစားအစာတွေကို တစ်ထိုင်တည်းနဲ့ အများကြီး စားမိတာကြောင့် ရုတ်တရက် သွေးချို မြင့်တက်တာမျိုးကိုလည်း ဖြစ်တတ်ပါတယ်။

ဒါကြောင့် ဆီးချိုသွေးချိုရောဂါ ရှိသူတွေအနေနဲ့ ဥပုသ်ဆောက်တည်ချိန်မှာ သွေးတွင်းသကြားဓာတ် တက်လွန်းတာ၊ ကျလွန်းတာတွေ မဖြစ်စေဖို့ လိုက်နာရမယ့် အချက်လေးတွေကို ဆက်လက်ဝေမျှ ပေးသွားပါမယ်။

ဆီးချိုသွေးချိုလူနာတွေ ဥပုသ်ဆောက်တည်တဲ့အခါ သွေးတွင်းသကြားဓာတ်ထိန်းထားနိုင်ဖို့

ဆီးချိုသွေးချိုရောဂါ ရှိသူတွေအနေနဲ့ ဥပုသ်ဆောက်တည်တဲ့အခါ အာဟာရပြည့်ဝမျှတအောင် စားသောက်ဖို့ လိုသလို ကျန်းမာတဲ့ နေထိုင်မှုပုံစံကိုလည်း လိုက်နာဖို့ လိုပါမယ်။ ဒါမှ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး၊ ကျဆင်းတာမျိုးတွေ မဖြစ်နိုင်မှာပါ။

ဒါကြောင့် ဆီးချိုသွေးချိုလူနာတွေ ဥပုသ်ဆောက်တည်ချိန်မှာ သွေးတွင်းသကြားဓာတ်ထိန်းထားနိုင်ဖို့ ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။

  • ဥပုသ်ဆောက်တည်ဖို့ သင့်၊ မသင့် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဆီးချိုသွေးချိုရောဂါရှိပေမယ့် ဥပုသ်ဆောက်တည်လို့ရသူတွေ ရှိသလို မရသူတွေလည်း ရှိပါတယ်။ ဒါက တစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေ၊ သွေးတွင်းသကြားဓာတ်ထိန်းနိုင်စွမ်း စတာတွေအပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် အရင်ဆုံး ဥပုသ်ဆောက်တည်လို့ ရလား၊ ကျန်းမာရေးထိခိုက်နိုင်လားဆိုတာကို ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

  • ဆေးဝါးလိုအပ်ချက်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဆီးချိုသွေးချိုရောဂါ ရှိသူတွေအနေနဲ့ ဥပုသ်ဆောက်တည်မယ်ဆိုရင် လက်ရှိသောက်လက်စ ဆေးတွေကို ဒီအတိုင်းဆက်သောက်ရမှာလား။ လျှော့ဖို့လိုသလား။ အင်ဆူလင်ထိုးနေတယ်ဆိုရင်ရော ဆေးပမာဏကို ဘယ်လိုပြန်ချိန်ရမလဲ စတာတွေကို ဆရာဝန်နဲ့ ကြိုတိုင်ပင်ပါ။

  • စားသောက်မှုပုံစံကို ဂရုစိုက်ပါ

ဆီးချိုသွေးချိုရောဂါ ရှိသူတွေအနေနဲ့ ပုံမှန်အားဖြင့်လည်း သူတို့ရဲ့ စားသောက်မှုပုံစံကို ဂရုတစိုက် စောင့်ကြည့်ဖို့ လိုပါမယ်။ ဥပုသ်ဆောက်တည်ချိန်မှာဆို ပိုပြီးတောင် သတိထားရပါမယ်။

တစ်နပ်လျှော့စားရတာကြောင့် သွေးတွင်းသကြားဓာတ်ကျမှာ စိုးရိမ်ပြီး နေ့လယ်စာကို များများစားတာကို ရှောင်ပါ။ စားလို့ရတဲ့ အချိန်တွေမှာ အသား၊ ငါး၊ အသီးအရွက် မျှတအောင် စားပါ။ အဆာခံအောင် မွန်းမတည့်ခင်နဲ့ အချိန်ကိုက်ပြီး စားနိုင်ပါတယ်။

မွန်းလွဲချိန်မှာလည်း သွေးတွင်းသကြားဓာတ်ကျမှာစိုးရိမ်ပြီး ခဏခဏ သကြားလုံးတွေ စားတာ၊ အချိုရည်တွေ သောက်တာမျိုးကို ရှောင်ပါ။ သွေးတွင်းသကြားဓာတ်ကျတဲ့ လက္ခဏာတွေကို စောင့်ကြည့်ပြီး လိုအပ်မှ စားပေးပါ။

ဥပုသ်ထွက်ထွက်ချင်းမှာလည်း အစားတွေ အများကြီး တစ်ထိုင်တည်းစားတာကို ရှောင်ပါ။ ကြေညက်လွယ်တဲ့ အစားအစာတွေကို နည်းနည်းချင်း ခွဲစားပေးလို့ ရပါတယ်။

  • သွေးတွင်းသကြားဓာတ် ပမာဏကို မျက်ခြေမပြတ် စောင့်ကြည့်ပါ

ဆီးချိုသွေးချိုရှိသူတွေအနေနဲ့  ဥပုသ်ဆောက်တည်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို သာမန်အချိန်တွေထက် ပိုပြီး ခပ်စိပ်စိပ် စစ်ဖို့ လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မှာ ဘယ်နှကြိမ်စစ်ရမလဲဆိုတာ အနည်းငယ်ကွာခြားနိုင်တာကြောင့် အသေးစိတ်ကို ပြနေကျ ဆရာဝန်နဲ့ တိုင်ပင်ပါ။

တကယ်လို့ ဒီလိုစစ်လိုက်တဲ့အခါမှာ သွေးတွင်းသကြားဓာတ် ပမာဏက များလွန်းနေတာ ဒါမှမဟုတ် နည်းလွန်းနေတာမျိုး ဖြစ်မယ်ဆိုရင်တော့ လိုအပ်တဲ့ကုသမှုကို ခံယူဖို့ လိုပါမယ်။  ဒါမှ ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်ပေးနိုင်မှာပါ။ လိုအပ်မယ်ဆိုရင် ဥပုသ်ဆောက်တည်တာကို ရပ်လိုက်ဖို့ လိုပါတယ်။

အခုပြောပြပေးတဲ့ အချက်လေးတွေကို သေချာလေး ဂရုစိုက်ပေးမယ်။ ဆေးတွေကိုလည်း ပမာဏ မှန်မှန် အချိန်မှန်မှန် သောက်မယ်၊ အင်ဆူလင်ကိုလည်း ပမာဏ မှန်မှန်၊ အချိန်မှန်မှန်လေး အသုံးပြုပေးမယ်ဆိုရင် ဝါတွင်းကာလမှာ သွေးတွင်းသကြားဓာတ်ထိန်းနိုင်ပြီး ကျန်းကျန်းမာမာနဲ့ ဥပုသ်ဆောက်တည်နိုင်မှာ ဖြစ်ပါတယ်။

အကြံပြုချက်

ဆီးချိုသွေးချိုရောဂါရှိသူတွေ ဥပုသ်ဆောက်တည်မယ်ဆိုရင်
  • ဥပုသ်ဆောက်တည်လို့ ရ၊ မရ ဆရာဝန်နဲ့ ကြိုတိုင်ပင်ပါ။
  • ဆီးချိုဆေးတွေ၊ အင်ဆူလင်တွေကို ပြန်ညှိပါ။
  • ဥပုသ်ဆောက်တည်တဲ့ရက်တွေမှာ အစားအသောက်ကို ပိုဂရုစိုက်ပါ။
  • ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း သွေးတွင်းသကြားဓာတ် မှန်မှန်စစ်ပါ။
  • ဥပုသ်ဆောက်တည်ရင်း သွေးတွင်းသကြားဓာတ် တက်လွန်းတာ၊ ကျလွန်းတာတွေ ဖြစ်လာရင် ဥပုသ်ဆောက်တည်တာကို ချက်ချင်းရပ်ရပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

Is it safe to fast during Ramadan if I have diabetes? Are there any other steps I should take to safely fast? https://www.mayoclinic.org/diseases-conditions/diabetes/expert-answers/diabetes-fasting/faq-20455907 Accessed Date 31 March 2023

Diabetes and Fasting during Ramadan https://www.hamad.qa/EN/your%20health/Diabetes/Pages/Diabetes-and-Fasting-During-Ramadan.aspx Accessed Date 31 March 2023

Diabetes and Ramadan: Practical guidelines https://www.sciencedirect.com/science/article/pii/S0168822717303388 Accessed Date 31 March 2023

Diabetes and ramadan https://www.diabetes.org.uk/guide-to-diabetes/managing-your-diabetes/ramadan Accessed Date 31 March 2023

Diabetes And Ramadan – Guidance For Fasting During The Holy Month https://www.hey.nhs.uk/patient-leaflet/diabetes-ramadan-guidance-fasting-holy-month/ Accessed Date 31 March 2023

ယခုပုံစံ

24/10/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုနဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား

ဆီးချိုလူနာများအတွက် ဖိနပ်ရွေးချယ်နည်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement