backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဆီးချိုဆေး အမျိုးအစားများ နဲ့ အလုပ်လုပ်ပုံများ

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


12/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆီးချိုဆေး အမျိုးအစားများ နဲ့ အလုပ်လုပ်ပုံများ

ဆီးချိုဆေး လို့ ပြောလိုက်ရင် အများစုက အင်ဆူလင်တို့၊ မက်ဖော်မင်တို့ကိုတော့ ရင်းရင်းနှီးနှီး ကြားဖူးကြမှာပါ။ တကယ်တမ်းမှာ ဆီးချိုဆေးတွေက အများကြီး ရှိပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါဆိုရင်တော့ အင်ဆူလင်နဲ့ပဲ ကုသပေမဲ့ အမျိုးအစား ၂ဆိုရင်တော့ အင်ဆူလင်အပြင် တခြားသောက်ဆေးတွေ၊ ထိုးဆေးတွေနဲ့ပါ ထိန်းလို့ ရပါတယ်။ ကိုယ်သောက်နေတဲ့ ဆေးက ဘာလဲ၊ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ဆက်ပြီး လေ့လာကြည့်ရအောင်။

ဆီးချိုဆေး အမျိုးအစားများနဲ့ အလုပ်လုပ်ပုံများ

ဆီးချိုဆေးတွေက အများကြီး ရှိပါတယ်။ ဒီထဲကနေမှ အသုံးများတဲ့ ဆေးတွေအကြောင်းကိုပဲ အဓိကထားပြီး ရှင်းပြပေးသွားမှာပါ။ ခုပြောမဲ့ ဆေးတွေက အမျိုးအစား ၂ ဆီးချိုရောဂါ လူနာတွေကို ကုသတဲ့အခါ အသုံးပြုတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။

ဆီးချိုဆေး သောက်ဆေးများ

(၁) Biguanides

မက်ဖော်မင်ဆိုတဲ့ ဆေးအမျိုးအစားပါ။

သူက အသည်းကနေ သကြားဓာတ်တွေ ထုတ်လုပ်တာကို ထိန်းပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကနေ အင်ဆူလင်တုံ့ပြန်မှုကိုလည်း ကောင်းစေပါတယ်။

အားသာချက်က အမျိုးအစား ၂ဆီးချိုလူနာတော်တော်များများမှာ အသုံးပြုနိုင်သလို စျေးလည်း သက်သာပါတယ်။ ကိုယ်အလေးချိန်ကိုလည်း နည်းနည်းပါးပါး ကျစေပါတယ်။

ဘေးထွက်ဆိုးကျိုးအနေနဲ့ စ‌သောက်သောက်ချင်းမှာ ပျို့တာ၊ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ အစာနဲ့ သောက်ရင် ပိုကောင်းပါတယ်။

ကျောက်ကပ်နဲ့ အသည်းမကောင်းသူတွေမှာတော့ ရှားရှားပါးပါး lactic acidosis ဆိုတဲ့ သွေးတွင်း အက်စစ်ဓာတ်လွန်ကဲတာ ဖြစ်တတ်ပါတယ်။

(၂) Sulfonylureas

Gliclazide, Glimepiride, Glipizide တို့ဆိုတာ Sulfonylureas အမျိုးအစား ဆေးတွေပဲ ဖြစ်ပါတယ်။

သူက ပန်ကရိယကနေ အင်ဆူလင် ထွက်အောင် လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။

သူကလည်း မက်ဖော်မင်လိုပဲ စျေးသက်သာပြီး အသုံးများတဲ့ ဆေးဖြစ်ပါတယ်။ အင်ဆူလင် ထွက်စေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိထိရောက်ရောက် လျှော့ချပေးနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးကတော့ သွေးတွင်းသကြားဓာတ် ထိုးကျတတ်ပါတယ်။ ဒါကြောင့် ဆေးသောက်ပြီး ခဏနေတာနဲ့ အစာစားဖို့ လိုပါတယ်။ ကိုယ်အလေးချိန်တက်တတ်ပါတယ်။ အရေပြားမှာ အနီစက်တွေ ထွက်တတ်ပါတယ်။ ဆေးသောက်ရင်း အရက်သောက်မယ်ဆိုရင် ပျို့အန်တတ်ပါတယ်။

(၃) Thiazolidinediones (TZDs)

ဒီအမျိုးအစားမှာ Rosiglitazoneနဲ့ Pioglitazone ဆေးတွေ ပါဝင်ပါတယ်။

မက်ဖော်မင်လိုပဲ အသည်းကနေ သကြားဓာတ်ထုတ်တာကို တားပေးပါတယ်။ ဆဲလ်တွေကနေ အင်ဆူလင် တုံ့ပြန်မှုကို ကောင်းစေပါတယ်။

အားသာချက်က HDLလို့ခေါ်တဲ့ ကောင်းတဲ့ ကိုလက်စထရောကို အနည်းငယ်များစေတာပဲ ဖြစ်ပါတယ်။

ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝလာတာ၊ ဖောတာ၊ အရိုးကျိုးနိုင်ခြေ များတာ၊ နှလုံးညှစ်အားကျနိုင်ခြေတွေ များတတ်ပါတယ်။ ဒါကြောင့် နဂိုတည်းက နှလုံးမကောင်းတဲ့သူတွေ၊ အသည်းမကောင်းတဲ့သူတွေကို မပေးပါဘူး။ ဆေးကြောင့် ဖောလာတဲ့အခါ ပိုဆိုးနိုင်လို့ပါ။

Pioglitazoneက ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေ များစေတယ်လို့လည်း ပြောကြပါတယ်။

(၄) Sodium-glucose cotransporter 2 (SGLT2) inhibitors

Canagliflozin, Dapagliflozin, Empagliflozin တို့ ပါဝင်ပါတယ်။

ဒီဆေးတွေက ပိုလျှံနေတဲ့ ‌သွေးထဲက သကြားဓာတ်တွေကို ကျောက်ကပ်ကနေ စွန့်ထုတ်နိုင်အောင် ကူညီပေးပါတယ်။

အားသာချက်အနေနဲ့ ကိုယ်အလေးချိန်ကို ကျစေပြီး သွေးပေါင်ချိန်ကိုလည်း ကျစေနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးကနေ ဆီးထဲမှာ သကြားဓာတ်များတဲ့အတွက် ဆီးပိုးဝင်တာ၊ မျိုးပွားအင်္ဂါတွေမှာ မှိုစွဲတာတွေ ဖြစ်တတ်ပါတယ်။

(၅) Dipeptidyl peptidase 4 (DPP-4) inhibitors

Sitagliptin, Linagliptin စတဲ့ ‌ဆေးတွေက DPP-4 inhibitors အုပ်စုဝင်တွေပါ။

သွေးတွင်းသကြားဓာတ်တက်လာတဲ့အခါ အင်ဆူလင်ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ အသည်းကနေ ဂလူးကို့စ်ထုတ်တာကိုလည်း လျော့နည်းစေပါတယ်။

အားသာချက်က ဆေးကြောင့် ကိုယ်အလေးချိန်  မတက်စေပါဘူး။ သွေးတွင်းသကြားဓာတ် ထိုးကျသွားတာမျိုးလည်း မဖြစ်စေပါဘူး။ အစာစားပြီးချိန်မှာ ပြည့်အင့်တဲ့ ခံစားချက်ကို ရစေတာကြောင့် များများမစားမိတော့ပါဘူး။

ဘေးထွက်ဆိုးကျိုးအနေနဲ့ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ပိုးဝင်တာ (ဥပမာ လည်ချောင်းနာ၊ နှာစေး၊ ချောင်းဆိုး)၊ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။

(၆) Meglitinides

Repaglinide, Nateglinide စတဲ့ ဆေးတွေ ပါဝင်ပါတယ်။

ပန်ကရိယကနေ  အင်ဆူလင်ထွက်အောင် လှုံ့‌ဆော်ပေးပါတယ်။

မြန်မြန်အာနိသင်ပြတာကြောင့် အစာမစားခင် နာရီဝက်အလိုမှာ ဆေးသောက်ပြီး ခဏနေတာနဲ့ အစာစားသင့်ပါတယ်။ အစာမစားနိုင်သေးရင် ဆေးမသောက်သင့်သေးပါ။

ဘေးထွက်ဆိုးကျိုးကတော့ သွေးတွင်းသကြားဓာတ်ထိုးကျတတ်ပါတယ်။ ဒါကြောင့် အစာနဲ့ ကပ်ပြီး သောက်ခိုင်းတာပါ။ ကိုယ်အလေးချိန်လည်း တက်စေနိုင်ပါတယ်။

(၇) Alpha-glucosidase inhibitors

Acarboseတို့ Miglitolတို့ ပါဝင်ပါတယ်။

စားလိုက်တဲ့ ကစီဓာတ်တွေနဲ့ သကြားဓာတ်တွေရဲ့ ဖြိုခွဲမှုကို နှေးစေတဲ့ နည်းနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတာ ဖြစ်ပါတယ်။

အားသာချက်က ကိုယ်အလေးချိန်မတက်စေပါဘူး။ သွေးတွင်းသကြားဓာတ်ကိုလည်း မထိုးကျစေပါဘူး။ ဒါပေမဲ့ တခြားဆီးချိုဆေးတွေ ဖြစ်တဲ့ အင်ဆူလင်တို့၊ sulfonylureaတို့နဲ့ တွဲသုံးရင်တော့ သတိထားဖို့ လိုပါတယ်။

ဘေးထွက်ဆိုးကျိုးအနေနဲ့ လေပွတာ၊ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။

ဆီးချိုဆေး ထိုးဆေးများ

အမျိုးအစား ၂ဆီးချိုလူနာတွေမှာ အင်ဆူလင်အပြင် တခြားထိုးဆေးတွေလည်း ရှိပါတယ်။ အင်ဆူလင်လောက်တော့ အသုံးမများပေမဲ့ သုံးတော့ သုံးကြပါတယ်။

(၁) Glucagon-like peptide 1 (GLP-1) receptor agonists

ဒီအုပ်စုမှာ Dulaglutide, Exenatide, Liraglutide စတဲ့ အရေပြားအောက်ထိုးဆေးတွေ ပါဝင်ပါတယ်။ ဆေးပေါ် မူတည်ပြီး တစ်ရက် နှစ်ကြိမ်ထိုးတာ၊ တစ်ပတ် တစ်ကြိမ်ထိုးတာ စသဖြင့် အမျိုးမျိုးရှိပါတယ်။

သူတို့က သွေးတွင်းသကြားဓာတ်တက်လာချိန်မှာ အင်ဆူလင်ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။ မက်ဖော်မင်၊ sulfonylurea၊ အင်ဆူလင် စတာတွေနဲ့လည်း တွဲသုံးကြပါတယ်။

အားသာချက်က ဗိုက်ဆာတာကို သက်သာစေပြီး ကိုယ်အလေးချိန်ကို ကျစေပါတယ်။ နှလုံးရောဂါရှိသူတွေနဲ့ ကျောက်ကပ်မကောင်းသူတွေမှာ အကျိုးရှိစေတယ်ဆိုတဲ့ လေ့လာချက်တွေလည်း ရှိနေပါတယ်။

ဘေးထွက်ဆိုးကျိုးကတော့ ပျို့အန်တာ၊ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာ၊ ပန်ကရိယရောင်တာတွေ ဖြစ်တတ်ပါတယ်။

(၂) Amylin mimetics

Pramlintide ဆိုတဲ့ ထိုးဆေး ဖြစ်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပြီး အင်ဆူလင်နဲ့အတူ တွဲသုံးလို့ ရပါတယ်။ အစားအစာတွေကို အစာအိမ်ကနေ အူထဲရောက်တာ နှေးစေတဲ့အတွက် သွေးတွင်းသကြားဓာတ်ကို ခပ်မြန်မြန်မတက်အောင် ထိန်းပေးနိုင်ပါတယ်။

အားသာချက်က ဗိုက်ခဏခဏ မဆာစေပါဘူး။ ဒါကြောင့် ကိုယ်အလေးချိန်ကို အနည်းငယ်ကျစေပါတယ်။

ဘေးထွက်ဆိုးကျိုးကတော့ သွေးတွင်းသကြားဓာတ် ထိုးကျစေတာ၊ ပျို့တာ၊ ဗိုက်အောင့်တာတွေ ဖြစ်တတ်ပါတယ်။

အင်ဆူလင်

အင်ဆူလင်တွေကတော့ အမျိုးအစား ၁ ဆီးချိုရောဂါမှာရော အမျိုးအစား ၂ ဆီးချိုရောဂါမှာပါ အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် အမျိုးအစား ၁ ဆီးချိုရောဂါအတွက်တော့ အင်ဆူလင်က မရှိမဖြစ်ပါပဲ။

အင်ဆူလင်ကို အာနိသင်စပြတဲ့အချိန်နဲ့ ဘယ်လောက်ကြာကြာခံလဲပေါ်မူတည်ပြီး အကြမ်းအားဖြင့် ၅မျိုး ခွဲနိုင်ပါတယ်။

(၁) Rapid-acting insulin (ခပ်မြန်မြန်အာနိသင်ပြတဲ့အင်ဆူလင်)

နာမည်အတိုင်းပဲ ထိုးပြီး ၂မိနစ်ခွဲကနေ မိနစ် ၂၀လောက်ဆို အာနိသင်ပြပါတယ်။ ထိုးပြီး ၁နာရီကနေ  ၃နာရီအတွင်းမှာ အာနိသင်အမြင့်ဆုံးရပြီး ၅နာရီလောက်ထိ ခံပါတယ်။

အစာစားပြီးလို့ ထိုးလိုက်တာနဲ့ သိပ်မကြာခင်မှာပဲ အာနိသင်ပြပါတယ်။ ဒါကြောင့် စားပြီးတာနဲ့ ဆေးထိုးဖို့ လိုပါတယ်။ ခန္ဓာကိုယ်ရဲ့ အင်ဆူလင်နဲ့ ပုံစံတူတဲ့အတွက် သွေးတွင်းသကြားထိုးကျနိုင်ခြေ နည်းပါတယ်။

Insulin aspart, insulin lisproနဲ့ insulin glulisine တို့က rapid-acting insulinတွေပဲ ဖြစ်ပါတယ်။

(၂) Short-acting insulin (အာနိသင်ခဏပဲ ပြတဲ့ အင်ဆူလင်)

သူကအပေါ်က rapid-acting insulinနဲ့ ယှဉ်ရင် အာနိသင်ပြတာ နှေးပါတယ်။ ထိုးပြီး နာရီဝက်လောက်နေမှ အာနိသင်ပြတာကြောင့် အစာမစားခင်  နာရီဝက်အလိုမှာ ထိုးသင့်ပါတယ်။ ထိုးပြီး ၂-၅နာရီအတွင်းမှာ အာနိသင်အမြင့်ဆုံးရောက်ပြီး ၆-၈နာရီလောက် ခံပါတယ်။

(၃) Intermediate-acting insulin (အလယ်အလတ် အာနိသင်ခံတဲ့ အင်ဆူလင်)

ဆေးထိုးပြီး ၁နာရီ၊ ၁နာရီခွဲလောက်ဆို အာနိသင်စပါပြီ။ ၄-၁၂နာရီမှာ အာနိသင်အမြင့်ဆုံးကို ရောက်ပြီး နေ့ဝက်လောက် ခံပါတယ်။

(၄) Long-acting insulin (အာနိသင်ကြာကြာခံတဲ့ အင်ဆူလင်)

Glargine အင်ဆူလင်က long-acting insulin အမျိုးအစားပါ။

၂နာရီလောက်နေရင် အာနိသင်စပြပြီး တစ်ရက်လောက် ခံပါတယ်။ ဒါကြောင့် ဒီအင်ဆူလင်ကို ညအိပ်ခါနီးအချိန်မှာ ထိုးကြတာ ဖြစ်ပါတယ်။

(၅) အင်ဆူလင်အရော

အင်ဆူလင်အရောဆိုတာကတော့ အပေါ်မှာ ပြောခဲ့တဲ့ အင်ဆူလင်တွေကို ရောပြီး တစ်မျိုးတည်းအနေနဲ့ ထုတ်ထားတာ ဖြစ်ပါတယ်။ အင်ဆူလင်အနောက်လို့ လူနာတွေ အလွယ်ခေါ်ကြပါတယ်။  ဥပမာ

  • ခပ်မြန်မြန်အာနိသင်ပြတဲ့အင်ဆူလင်+အလယ်အလတ်အာနိသင်ခံတဲ့အင်ဆူလင်အရော (NovoMix)
  • ခပ်မြန်မြန်အာနိသင်ပြတဲ့အင်ဆူလင်+အာနိသင်ကြာကြာခံတဲ့အင်ဆူလင်အရော (Ryzodeg)
  • အာနိသင်ခဏပဲပြတဲ့အင်ဆူလင်+ အလယ်အလတ်အာနိသင်ခံတဲ့အင်ဆူလင်အရော (Mixtard)

စသဖြင့် အမျိုးမျိုးရှိပါတယ်။

အင်ဆူလင်က ဘေးထွက်ဆိုးကျိုးအနေနဲ့ သွေးတွင်းသကြားဓာတ်ကျတတ်တာ၊ ကိုယ်အလေးချိန်တက်တာတွေ ဖြစ်တတ်ပါတယ်။

အင်ဆူလင်မှာ ဆေးထိုးအပ်နဲ့ စုပ်ပြီး ထိုးရတာ ရှိသလို တစ်ခါတည်း တန်းထိုးလို့ရတဲ့ အမျိုးအစားလည်း ရှိပါတယ်။

အနှစ်ချုပ်

ဆီးချိုရောဂါရယ်လို့ ဖြစ်လာပြီဆိုရင် တစ်သက်လုံး ဆီးချိုဆေးတွေ သောက်ရ၊ ထိုးရမှာ ဖြစ်တဲ့အတွက် ကိုယ်သုံးနေတဲ့ ဆေးတွေအကြောင်း သိထားဖို့ လိုပါတယ်။
ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးရှိပေမဲ့ လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဘေးထွက်ဆိုးကျိုး ခံစားရရုံနဲ့ ကိုယ့်သဘောနဲ့ကိုယ် ဆေးမရပ်ပါနဲ့။ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။
ဆီးချိုဆေးတွေ သောက်တဲ့အခါ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ မခံစားရစေဖို့ ညွှန်းထားတဲ့ ပမာဏအတိုင်း ပုံမှန်သောက်ဖို့ကိုလည်း အကြံပြုလိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Written by

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


12/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement