backup og meta

အင်ဆူလင်ကို သတ်မှတ်ထားသောအပူချိန်၌ သိမ်းဆည်းရန် အရေးကြီးပုံနှင့် သေချာမသိမ်းဆည်းပါက ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲဆိုးကျိုးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Aye Thi Mon မှ ရေးသားသည်။ · 30/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အင်ဆူလင်ကို သတ်မှတ်ထားသောအပူချိန်၌ သိမ်းဆည်းရန် အရေးကြီးပုံနှင့် သေချာမသိမ်းဆည်းပါက ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲဆိုးကျိုးများ

    အင်ဆူလင်ကို အအေးကောင်းကောင်းနဲ့ ထိန်းထားနိုင်ဖို့လိုတယ်လို့ မပြောခင်မှာ အင်ဆူလင်ကို ဘယ်သူတွေ လိုအပ်လဲဆိုတာကို အရင်ပြောပြချင်ပါတယ်။ အင်ဆူလင်ဆိုတဲ့ စကားလုံးက ရင်းနှီးကျွမ်းဝင် မရှိပေမယ့် ဆီးချိုသွေးချိုရောဂါဆိုတာကိုတော့ ကြားဖူးကြမယ် ထင်ပါတယ်။

    အရင်က ဆီးချိုသွေးချိုရောဂါဆိုတဲ့ စကားလုံးက မြန်မာလူမျိုးတွေနဲ့ အတော်လေး အလှမ်းဝေးခဲ့တာပါ။ အခုတော့ မြန်မာနိုင်ငံမှာလည်း ဆီးချိုသွေးချိုရောဂါ ဖြစ်သူ အရေအတွက်က များလာတာကြောင့် ဆီးချိုသွေးချိုရောဂါဆိုတဲ့ စကားလုံးက နေ့စဉ်ဘဝရဲ့ စကားလုံး တစ်လုံးလိုတောင် ဖြစ်လာပါပြီ။  အင်ဆူလင်ဆိုတာကို အရင်မပြောခင် ဆီးချိုသွေးချိုရောဂါ အမျိုးအစားလေး ခွဲပြချင်ပါတယ်။

     အမျိုးအစားတွေက ဘာတွေလဲ….

    ဆီးချိုသွေးချိုရောဂါဆိုတဲ့နေရာမှာ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါ၊ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါဆိုပြီး အဓိကအနေနဲ့ နှစ်မျိုးခွဲထားပါတယ်။

    အမျိုးအစား () ဆီးချိုသွေးချိုရောဂါ

    အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါဆိုတာက autoimmune disease တစ်မျိုးပါ။ ခန္ဓာကိုယ်က ကိုယ်ခံအားဆဲလ်တွေကို မှားယွင်းတိုက်ခိုက်ရာကနေ အစပြုလာတဲ့ ရောဂါအခြေအနေတစ်မျိုးပေါ့။ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါ ခံစားရတဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင်ကိုမထုတ်လုပ်နိုင်တော့ပါဘူး။ အကြောင်းကတော့ ကိုယ်ခံအားစနစ်က အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေကို ဖျက်ဆီးလိုက်လို့ပါ။

    အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါက ကလေးငယ်တွေ၊ လူငယ်တွေမှာ အဖြစ်များပါတယ်။

     အမျိုးအစား () ဆီးချိုသွေးချိုရောဂါ

    အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါဆိုတာကတော့ အင်ဆူလင်ဟော်မုန်း ခုခံအားတက်လာတဲ့အခြေအနေပါ။ ခန္ဓာကိုယ်မှာ အင်ဆူလင်မတိုးတော့တာပေါ့။ ဒါကဘာကိုဆိုလိုသလဲဆိုတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ ခန္ဓာကိုယ်က အင်ဆူလင်ကို ပိုမိုလိုအပ်တယ်ဆိုတဲ့သဘောပါ။

    ဒီလိုအခြေအနေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့အတွက် ခန္ဓာကိုယ်က အင်ဆူလင်ကို ပိုမိုထုတ်လုပ်ပါတယ်။ ဒီလိုထုတ်လုပ်မှုက နှစ်ကာလကြာလာတဲ့အခါ အင်ဆူလင်ထုတ်ပေးတဲ့ ပန်ကရိယကဆဲလ်တွေ အားအင်ကုန်ခမ်းပြီး အင်ဆူလင်ထုတ်နိုင်စွမ်းကျသွားပါတော့တယ်။ ဒီလိုနဲ့ လုံလောက်တဲ့ အင်ဆူလင်ကို မရတဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်ပြီး အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါ ဖြစ်လာပါတယ်။

    အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါက အသက်အရွယ်မရွေးဖြစ်နိုင်ပြီး သက်လတ်ပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။

    အင်ဆူလင်ဆိုတာ ဘာလဲ…….

    အင်ဆူလင်ဆိုတာက ဆီးချိုသွေးချိုရောဂါဖြစ်တဲ့သူတွေအတွက် ကုထုံး တစ်ရပ်ပေါ့။ အပေါ်မှာ ပြောခဲ့တဲ့ ဆီးချိုသွေးချိုရောဂါ အမျိုးအစား ၂ခုစလုံး အတွက် အသုံးပြုလို့ ရပါတယ်။

    သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ ခန္ဓာကိုယ်က အင်ဆူလင် ဟော်မုန်းကို အလုံအလောက် မထုတ်နိုင်တဲ့အခါ ဆီးချိုသွေးချိုရောဂါ ဖြစ်လာပါတယ်။ ဒီလို ဆီးချိုသွေးချိုရောဂါဖြစ်လာတဲ့အခါ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ ဆေးတွေ သောက်ကြတာ ရှိပေမယ့် ဆေးသောက်ကြတာ ရှိသလို အင်ဆူလင်ထိုးရတာလည်း ရှိပါတယ်။

    အင်ဆူလင်က အရေပြားအောက်အဆီပြင်ထဲကို ထိုးရတာဖြစ်တာကြောင့် လွယ်ကူပြီး နာကျင်ခြင်းလည်း နည်းပါတယ်။ ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ အင်ဆူလင်ကို ပုလင်းထဲက ဆေးကိုစုပ်၊ အပ်နဲ့ ထိုးတာမျိုး မဟုတ်ဘဲ သယ်ယူသိမ်းဆည်းရလွယ်တဲ့ အင်ဆူလင်ထိုး ကိရိယာလေးတွေ ပေါ်လာပါပြီ။ သိမ်းဆည်းနည်းတွေလည်း လွယ်ကူလာပါတယ်။

    ဆီးချိုသွေးချိုရောဂါရှိပေမယ့်လည်း သက်တမ်းစေ့နေထိုင်နိုင်စေဖို့ အင်ဆူလင်က အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

    အင်ဆူလင်ကို ဘယ်လိုသိမ်းမလဲ။

    အင်ဆူလင် ထိုးတာက ဆီးချိုသွေးချိုရောဂါ ကုသမှုအတွက် အထိရောက်ဆုံး ကုထုံးတစ်ရပ်ပါ။ ဒါပေမယ့် အင်ဆူလင်က အထိရောက်ဆုံး ကုထုံးဆိုတဲ့ စကားအတိုင်း ညီဖို့ဆိုရင် အင်ဆူလင်ကို အအေးသေချာလေး ထိန်းဖို့ လိုပါမယ်။

    ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အင်ဆူလင်က အပူချိန် အပြောင်းအလဲကြောင့် ပျက်စီးထိခိုက်လွယ်တဲ့ ဆေးဝါး အမျိုးအစားပါ။

    အင်ဆူလင်က အပူနဲ့ တိုက်ရိုက် ထိတွေ့ရင်ဖြစ်ဖြစ် သတ်မှတ်ထားတဲ့ အပူချိန်ထက် ပိုများတဲ့အပူချိန်နဲ့ ထိတွေ့မိရင်ဖြစ်ဖြစ် အင်ဆူလင်ရဲ့ အာနိသင်က ပျက်စီးသွားနိုင်ပါတယ်။

    အာနိသင် ပျက်စီးသွားပြီဆိုကတည်းက ဒီအင်ဆူလင်ကို ထိုးတဲ့အခါမှာလည်း ထိရောက်မှု အာနိသင် မရှိတော့တာမျိုး ဖြစ်မှာပါ။ ဒီတော့ သွေးချိုကို မထိန်းနိုင်ဘဲ မလိုအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားလာရနိုင်ပါတယ်။

    အင်ဆူလင်ရဲ့ အာနိသင်ထိရောက်ဖို့ cold chainက အခရာပါ။

    အင်ဆူလင်က အပူချိန်အပြောင်းအလဲကို လိုက်ပြီး ပျက်စီးနိုင်တာကြောင့် သင့်တော်တဲ့ အပူချိန်မှာ မှန်မှန်ကန်ကန် သိမ်းဖို့ လိုပါတယ်။

  • များသောအားဖြင့် အင်ဆူလင်ကို မဖောက်ရသေးခင် ဘူးသစ်ဆို ၂ဒီဂရီစင်တီဂရိတ် နဲ့ ၈ ဒီဂရီ စင်တီဂရိတ်ကြား အပူချိန်မှာ သိမ်းနိုင်ပါတယ်။ ဖောက်ပြီးသွားရင်တော့ အပူချိန် ၃၀ဒီဂရီအောက်မှာ ၄ပတ်ကနေ ၆ပတ်ထိ ထားနိုင်ပါတယ်။
  • ဝယ်ယူလာတဲ့အခါမှာလည်း အအေးကို သေချာထိန်းပြီး သယ်ယူဖို့ လိုပါမယ်။
  • အင်ဆူလင်ကို ရေခဲသေတ္တာ အခဲကန့်ထဲ ထည့်တာလည်း မလုပ်ရပါဘူး။ ဒီလို လုပ်တာ အင်ဆူလင်ရဲ့ အာနိသင်ကို ပျက်စီးစေနိုင်လို့ပါ။
  • ခုနောက်ပိုင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံက ဆီးချိုသွေးချိုလူနာတွေ အင်ဆူလင်ပုံမှန်ထိုးနိုင်အောင်၊ လျှပ်စစ်မီး အခက်အခဲကြောင့် ရေခဲသေတ္တာ မလွယ်တဲ့ ဒေသတွေ၊ ပူလွန်းတဲ့ နိုင်ငံတွေမှာ အင်ဆူလင် မသိမ်းနိုင်တာကြောင့် မထိုးရဘူးဆိုတာ မဖြစ်ရအောင် နည်းပညာတွေ မြှင့်တင်လာကြပါပြီ။

    ဘာကြောင့် အင်ဆူလင်အတွက် cold chainက အရေးကြီးရတာလဲ။

    Cold chain ပျက်စီးနေတဲ့ တစ်နည်းအားဖြင့် သေချာမသိမ်းထားတဲ့ အင်ဆူလင်က အာနိသင်ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ထိုးသာ ထိုးနေရပေမယ့် သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုနဲ့

    • သွေးတွင်းသကြားဓာတ်တွေ တက်လာတာ
    • ဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေ ခံစားရတာ
    • အင်ဆူလင်က ဆီးချိုသွေးချိုရောဂါလည်း မထိန်းနိုင်ဘူးဆိုတဲ့ အယူအဆမှားတွေ ဖြစ်လာတာ
    • Cold chainမကောင်းတဲ့ ဆေးတွေ ဝယ်ထိုးနေရတာကြောင့် ငွေကုန်ကြေးကျများပြီး ရောဂါမသက်သာတာ စတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

    အင်ဆူလင်အတွက် cold chain ကောင်းတဲ့နေရာဖြစ်ကြောင်း ဘယ်လိုသိနိုင်မလဲ။

    ဆီးချိုသွေးချိုရောဂါလူနာတွေအတွက် Cold chain ကောင်းမွန်တဲ့ နေရာကလာတဲ့ Insulin ကိုရရှိဖို့က အရေးကြီးပါတယ်။ Cold chain တစ်ခါပျက်သွားရင် ဆေးအာနိသင်ပြန်မကောင်းနိုင်တဲ့အတွက်ကြောင့် Insulin ဝယ်ယူမယ့် ဆေးရုံဆေးခန်း သို့မဟုတ် Organization တွေမှာ Registration Number ရှိ၊ မရှိ သေသေချာချာစစ်ဆေးသင့်ပါတယ်။

    အင်ဆူလင်ကိုအသုံးပြုတဲ့အခါ ဒါလေးတွေ သတိထားပါ

    အင်ဆူလင်ကိုအသုံးပြုတဲ့အခါမှာလည်း

    • ကုန်ဆုံးရက် ကျော်နေသလား
    • ဆေးရည်က အရောင်ပြောင်းနေလား။
    • ဆေးရည်တွေ ခဲနေလား။
    • အပူချိန်နဲ့ တိုက်ရိုက် ထိတွေ့ထားသလား။
    • ဆေးရည်ထဲမှာ အဖတ်လေးတွေလိုမျိုး ပုံမှန် မဟုတ်တဲ့ အခြေအနေ တစ်ရပ်ရပ် ဖြစ်နေလားဆိုတာကို သေချာစစ်ကြည့်ဖို့ လိုပါမယ်။

    နောက်ဆုံး တစ်ချက်က ဆီးချိုသွေးချိုရောဂါကို အင်ဆူလင်နဲ့ ထိထိရောက်ရောက် ကုသချင်တယ်ဆိုရင် အရည်အသွေးကောင်းတဲ့ အင်ဆူလင်ကို သတ်မှတ်ထားတဲ့ အပူချိန်တွင် သေချာထိန်းဖို့က မေ့ထားလို့ မရတဲ့အရာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Aye Thi Mon မှ ရေးသားသည်။ · 30/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement