ကလေးမွေးဖွားပြီးမိခင်အတော်များများဟာ ကိုယ်ဝန်မဆောင်ခင်ကကိုယ်အလေးချိန်ကိုပြန်ရနိုင်ဖို့ ခဏတော့ အချိန်ယူရပါတယ်။ တချို့အမျိုးသမီးတွေမှာတော့ ကလေးကိုကျွေးမွေးရတာ၊ ဂရုစိုက်နေရတာနဲ့ပဲ ကိုယ်ဝန်ဆောင်ချိန်မှာ မြင့်တက်လာခဲ့တဲ့ကိုယ်အလေးချိန်ကို ပြန်ကျစေပြီး ကိုယ်ရေစစ်သွားကြပါတယ်။
ဒါပေမယ့် အများစုကတော့ ကလေးမွေးဖွားပြီး ခြောက်လလောက်အထိ ကိုယ်အလေးချိန်ပြန်မကျနိုင်ကြပါဘူး။ ကိုယ်အလေးချိန်မကျသွားတဲ့အမျိုးသမီးတွေ ဒါမှမဟုတ် မကျဘဲ ကိုယ်အလေးချိန်ထပ်တိုးလာတဲ့ အမျိုးသမီးတွေ မှာ ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ခြေများပါတယ်။ ဒီပြဿနာတွေက ကိုယ်ဝန်ဆောင်ပြီးနောက်ပိုင်းမှာ ပိုဆိုးရွားလာနိုင်ပါတယ်။
ကိုယ်အလေးချိန်ကျစေနိုင်မယ့်အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်လက်လှုပ်ရှားမှုပိုလုပ်ပြီး ညီညွတ်မျှတတဲ့ အာဟာရပုံစံနဲ့ထိန်းသိမ်းတာပဲဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျဆင်းမှုမှာ သိပ်များတာ၊ သိပ်မြန်တာတွေကလည်း ဆိုးကျိုးရှိနိုင်ပါတယ်။
ကိုယ်အလေးချိန် ပုံမှန်အနေအထား
ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ကိုယ်စားသောက်တဲ့အာဟာရတွေနဲ့ လှုပ်ရှားမှုတွေအပါအဝင် ကိုယ့်ရဲ့နေ့စဉ်လုပ်ဆောင်နေကျအလုပ်တွေနဲ့ အမူအကျင့်တွေအတော်များများမှာ ပြောင်းလဲစေပါတယ်။ ဒါပေမယ့် အများစုမှာတော့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာခန္ဓါကိုယ်ပြောင်းလဲလာတာကြောင့် သန္ဓေသားမှာ လိုအပ်တဲ့အာဟာရဓါတ်တွေအလုံအလောက်ရရှိစေတာဖြစ်ပါတယ်။ ကိုယ်ဝန်လနုစဉ်မှာ ကတည်းက ဒီလိုအပြောင်းအလဲတွေစတင်လာပြီး မွေးဖွားကာနီးအချိန်မှာတော့ ကိုယ်အလေးချိန်ပိုများနေတတ် ပါတယ်။ ဒါဟာ ကြီးထွားလာတဲ့ ဗိုက်ထဲကကလေးရဲ့အလေးချိန်ကြောင့်ချည်းပဲမဟုတ်ပါဘူး။ ခန္ဓါကိုယ်ထဲက အရည်ပိုတွေကြောင့်လည်း ပါပါတယ်။ ဒီအရည်တွေကြောင့် ကလေးလှည့်ပတ်လှုပ်ရှားနိုင်ဖို့၊ အချင်းနဲ့ ရေမြွှာ တို့အတွက် ဒီအရည်တွေကိုလိုအပ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ကိုယ်အလေးချိန်မြင့်တက်မှုနဲ့ BMI (ခန္ဓါကိုယ်ထုထည်ညွှန်းကိန်း)ဆိုင်ရာ U.S. Institute of Medicine (IOM) ကထုတ်ပြန်တဲ့လမ်းညွှန်ချက်တွေအရ အောက်ပါမြင့်တက်မှုနှုန်းဆိုရင် ပုံမှန်အနေအထားရှိပါ တယ် –
- ကိုယ်ဝန်မဆောင်မီက ကိုယ်အလေးချိန်နည်းခဲ့တဲ့အမျိုးသမီးတွေ (BMI 18.5 အောက်) ဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်း ၁၂.၅ နဲ့ ၁၈ ကီလိုဂရမ်လောက် ကိုယ်အလေးချိန်မြင့်တက်နိုင်
- ကိုယ်ဝန်မဆောင်မီက ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့အမျိုးသမီးတွေ( BMI 18.5 နဲ့ 24.9 ကြား)ဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်း ၁၁.၅ နဲ့ ၁၆ ကီလိုဂရမ်ကြား ကိုယ်အလေးချိန်မြင့်တက်နိုင်
- ကိုယ်ဝန်မဆောင်မီက ကိုယ်အလေးချိန်များနေတဲ့အမျိုးသမီးတွေ( BMI 25 နဲ့ 29.9 ကြား)ဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်း ၇ နဲ့ ၁၁.၅ ကီလိုဂရမ်ကြား ကိုယ်အလေးချိန်မြင့်တက်နိုင်
- ကိုယ်ဝန်မဆောင်မီက အဝလွန်နေတဲ့အမျိုးသမီးတွေ( BMI 30 ကျော်) ဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်း ၅ နဲ့ ၉ ကီလိုဂရမ်ကြား ကိုယ်အလေးချိန်မြင့်တက်နိုင်ပါတယ်။
ဘေးအန္တရာယ်ကင်းကင်းနဲ့ကိုယ်အလေးချိန်ဘယ်လိုပြန်လျှော့ချနိုင်မလဲ
သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေများများစားတာ အပါအဝင် ကျန်းမာရေးနဲ့ညီအောင် စားသုံးပါ။ ကျန်းမာလှပစွာ ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ဖို့ အောက်ပါအချက်တွေက အထောက်အကူပေးပါလိမ့်မယ် –
- မနက်စာကို အချိန်မှန်စားပါ
- တစ်နေ့ကို အသီးနဲ့ဟင်းသီးဟင်းရွက်ငါးကြိမ်ခန့်စားပါ
- အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ ပဲနီလေး၊ အစေ့အဆန်တွေလိုမျိုး အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအစာတွေကို နေ့စဉ်အာဟာရမှာထည့်သွင်းစားသုံးပါ
- ပေါင်မုန့်၊ ထမင်းနဲ့ပါစတာ တို့လို ကစီဓါတ်များတဲ့အစားအစာတွေကို နေ့စဉ်အာဟာရမှာ ထည့်သွင်းစားသုံးပါ
- အချိုများ၊အဆီများတဲ့အစားအစာတွေ၊ အသင့်အမြန်စား အစားအစာတွေ၊သကြားလုံး၊ ဘီစကစ်၊ ဂျုံနဲ့လုပ်တဲ့မုန့်တွေနဲ့ ဂက်စ်ပါတဲ့အချိုရည်တွေကို စားသုံး၊သောက်သုံးမှုလျှော့ပါ
- ထမင်းစားတဲ့အခါ ပါဝင်တဲ့အစာအာဟာရတွေရဲ့အချိုးအဆနဲ့ ကြားချိန်မှာ စားခဲ့တဲ့သရေစာအမျိုးအစားနဲ့ အကြိမ်ရေ ကို တွက်ကြည့်ပါ
အဆီချချင်တဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးခြင်းနဲ့ ကိုယ်လက်လေ့ကျင့်ခန်းကိုတွဲဖက်တဲ့နည်းက အထိရောက်ဆုံးပါပဲ။
ကလေးမွေးဖွားပြီး နေပြန်ကောင်းပြီလို့ခံစားရချိန်မှာ လမ်းလျှောက်ခြင်း၊ တင်ပါးဆုံကြွက်သား လေ့ကျင့်ခန်းတွေနဲ့ ခါးဆန့်လေ့ကျင့်ခန်းတွေလိုမျိုး အားမစိုက်ရတဲ့လေ့ကျင့်ခန်းတွေစလုပ်နိုင်ပါတယ်။ ဒါပေမယ့် အားစိုက်ရတဲ့ လေ့ကျင့်ခန်းတွေကိုလုပ်ဖို့ကတော့ ကလေးမွေးဖွားပြီး ခြောက်ပတ်လောက်တော့ စောင့်သင့်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။