backup og meta

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

    ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ခုခုစားမယ်ကြံတိုင်း အရင်လို စားလို့ရပါ့မလား။ ကလေးကို ထိခိုက်နိုင်မလားဆိုပြီး တွေးမိတာ မေမေတိုင်းလိုလိုပါ။ အထူးသဖြင့် ကိုယ်အရင်က နှစ်နှစ်ခြိုက်ခြိုက် စားခဲ့တာတွေကို စားချင်စိတ်ပေါ်လာရင်ပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ သူများတွေ အကင်တွေ ပူပူလောလော စားကြတဲ့အခါ ကိုယ်လည်း စားချင်တာပေါ့။ ဒီအခါ ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ မေးခွန်းက ခေါင်းထဲ ဝင်လာပြန်ရော။

    ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

    ကိုယ်ဝန်ဆောင်ချိန်မှာ စားလို့ရပါတယ်။ ဒါပေမဲ့ သတိထားရမယ့်အချက်တွေတော့ ရှိတာပေါ့။

    ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က ခုခံအား နည်းနေတဲ့အချိန်ဖြစ်တာကြောင့် အစားအသောက်ကနေ ပါလာနိုင်တဲ့ ပိုးမွှားတွေကို အထူးသတိထားဖို့ လိုပါတယ်။

    ပိုးမွှားတွေက အစာအဆိပ်သင့်တာကို ဖြစ်စေပြီး မိခင်ကို နေမကောင်းဖြစ်စေတာ ဒါမှမဟုတ် ပိုဆိုးတဲ့အခြေအနေမှာ ကလေးကို ထိခိုက်တာတွေ ဖြစ်စေနိုင်တာကြောင့်ပါ။

    ဒါကြောင့် အလွယ်ပြောရရင် ကိုယ်ဝန်ဆောင်ချိန်မှာ အကင်စားမယ်ဆိုရင် ကျက်နေအောင် ကင်ဖို့ လိုပါတယ်။ ကျက်အောင်ဆိုပေမယ့် အလွန်အကျွံကင်ပြီး တူးသွားတာမျိုး မဖြစ်ဖို့လည်း ဂရုစိုက်ရမှာပါ။

    ကိုယ်ဝန်ဆောင်ချိန် အကင်စားတဲ့အခါ ဘာတွေ ဖြစ်လာနိုင်သလဲ

    ကိုယ်ဝန်ဆောင်ချိန်မှာ အကင်စားလို့ ရတယ်ဆိုပေမယ့် ကိုယ်စားမယ့် အကင်က မသန့်ရင် ပိုးတွေ ပါလာနိုင်ပြီး အစာအဆိပ်သင့်တာ ဖြစ်တတ်ပါတယ်။ ဖြစ်တတ်တာတွေကတော့

    • Salmonella, E. coli ဒါမှမဟုတ် Campylobacter ဘက်တီးရီးယားတွေ ဝင်တာ

    ဒီပိုးတွေက မိခင်ကို အစာအဆိပ်သင့်ပြီး ပျို့အန်တာ၊ ဝမ်းလျှောတာ၊ ဗိုက်ရစ်တာတွေ ဖြစ်စေနိုင်ပါတယ်။ ကံကောင်းတာက ကလေးကိုတော့ မထိခိုက်စေပါဘူး။

    • Toxoplasmosis

    သူကတော့ ကျက်အောင် မချက်ထားတဲ့ အသားတွေမှာ ပါလာတတ်တဲ့ ကပ်ပါးပိုးပါ။ မိခင်မှာ လက္ခဏာမပြတာ ဒါမှမဟုတ် သာမန်အအေးမိသလောက်ပဲ ဖြစ်တတ်ပါတယ်။

    ဒါပေမဲ့ ဒါက ကလေးအတွက် အန္တရာယ်ရှိပါတယ်။ အခန့်မသင့်ရင် ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအသေမွေးတာ၊ မွေးရာပါချို့ယွင်းချက်ပါတာတွေ ဖြစ်တတ်ပါတယ်။

    • Listeriosis

    ဒီဘက်တီးရီးယားက ကျက်အောင် မချက်ထားတဲ့ အသားငါးတွေ၊ ရေစင်အောင် မဆေးထားတဲ့ အသီးအရွက်တွေကနေ ကူးစက်နိုင်ပါတယ်။

    ကိုယ်ဝန်နုချိန်မှာဆိုရင် listeriosisကြောင့် ကိုယ်ဝန်ပျက်တတ်ပါတယ်။ ဒါ့ပြင် လမစေ့ဘဲ မွေးတာ၊ ပေါင်မပြည့်ဘဲ မွေးတာ၊ ကလေးအသေမွေးတာတွေ ဖြစ်တတ်ပါတယ်။ ကလေးရဲ့ ဦးနှောက်၊ နှလုံးနဲ့ ကျောက်ကပ်ဖွံ့ဖြိုးမှုတွေ ထိခိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ အကင်စားမယ်ဆိုရင် နောက်ထပ်သတိထားသင့်တာက မီးခိုးငွေ့ပါ။ လေ့လာချက်တွေအရ အကင်ကင်တဲ့အခါ ထွက်လာတဲ့ Airborne Polycyclic Aromatic Hydrocarbons တွေကို ရှူမိတာ၊ ဒါတွေရှိနေတဲ့ အကင်ကို စားမိတာက ပေါင်မပြည့်ဘဲ မွေးတာ၊ ကြီးထွားမှုနှေးတာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ သက်သေပြဖို့ ဆက်ပြီး လေ့လာမှုတွေ လုပ်ဖို့ လိုသေးပေမယ့် သတိထားရမယ့် အချက်ဖြစ်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ အကင်စားမယ်ဆိုရင် ဘာတွေသတိထားသင့်သလဲ

    ကိုယ်ဝန်ဆောင်ချိန်မှာ အကင်လည်း စားမယ်၊ မိခင်ရော ကလေးပါ ကျန်းမာရေးမထိခိုက်စေချင်ဘူးဆိုရင်တော့ ဒီအချက်တွေကို လိုက်နာဖို့ လိုပါတယ်။

    ဆောင်ရန် အချက်များ

    • လတ်ဆတ်တဲ့ အသား၊ ငါး၊ အသီးအရွက်တွေကိုပဲ ကင်စားပါ။ ပြုပြင်ထားတဲ့ အသားတွေ၊ အလုံးတွေကို လျှော့စားပါ။
    • ဖြစ်နိုင်ရင် အိမ်မှာပဲ ကင်စားပါ။
    • အသားစိမ်း၊ ငါးစိမ်းတွေကို ကင်တဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို သီးသန့်သုံးပါ။ ဥပမာ အသားလှီးတဲ့ စဉ့်တီတုံးနဲ့ တခြားအစားအစာတွေ လှီးမယ့် စဉ့်တီတုံးနဲ့ကို အတူတူ မသုံးရပါ။
    • အသားငါးတွေကို ကျက်အောင် ကင်ပါ။ သွေးရောင် မကျန်ပါစေနဲ့။ ပုစွန်အကွေး၊ ငါးအနွေးဆိုတာ မလုပ်ပါနဲ့။ အကုန်လုံးကို ကျက်အောင် ကင်ပါ။
    • အစာမစားခင် လက်သေချာဆေးပါ။

    ရှောင်ရန် အချက်များ

    • အသား၊ ငါးတွေကို ဒီတိုင်း စားမယ့် အစားအစာတွေနား (ဥပမာ သစ်သီး၊ ပေါင်မုန့်) မထားပါနဲ့။
    • အသား၊ ငါးတွေ ကင်တဲ့အခါ တူးနေအောင် မကင်ပါနဲ့။
    • အပြင်မှာ တူးနေတယ်ဆိုတိုင်း အထဲမှာ ကျက်နေတယ်လို့ ပြောလို့မရပါ။ အတွင်းရော အပြင်ရော အကျက်ညီအောင် ကင်ရပါမယ်။
    • အကင်ကင်တဲ့အခါ ကိုယ်ဝန်ဆောင်က မကင်ပါနဲ့။ ကင်တဲ့နေရာက ထွက်တဲ့မီးခိုးတွေ မရှူမိအောင် ဝေးဝေးမှာနေပါ။
    • ငါးကင်နဲ့ အတူတွဲစားတဲ့ အရွက်တွေကို (ဥပမာ ဆလပ်ရွက်၊ ဂေါ်ဖီ) ဖြစ်နိုင်ရင် အစိမ်းမစားပါနဲ့။ အစိမ်းစားမယ်ဆို ရေနဲ့ သေသေချာချာ ပြောင်အောင် ဆေးဖို့ လိုပါတယ်။
    • အကင်တွေကို ပူပူလောလော စားပါ။ စားပြီးကျန်တာတွေကို ကိုယ်ဝန်ဆောင်တွေ ထပ်မစားသင့်ပါ။ နွေးပြီးလည်း မစားပါနဲ့။

    ကိုယ်ဝန်ဆောင်ချိန်  အကင်စားလို့ ရလားဆို ရပါတယ်။ ဒါပေမဲ့ အကင်ကင်တဲ့အခါ၊ စားတဲ့အခါ အထက်က အချက်တွေကို လိုက်နာပါ။ အဲ့တာကိုမှ စိတ်မချရင် ကိုယ်ဝန်၁၃ပတ်ကျော်မှ စားပါ။ အကင်စားတဲ့အခါ အလွန်အကျွံ မစားပါနဲ့။ ဒါမျိုးက ရံဖန်ရံခါပဲ ကောင်းပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝပြီး သေချာချက်ပြုတ်ထားတာတွေကိုသာ ဦးစားပေးစားပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement