backup og meta

ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!

    ကိုယ်ဝန်ပျက်ကျတာက အမျိုးသမီး တစ်ယောက်အတွက် အတော်လေး ကြေကွဲဝမ်းနည်းစရာ ကောင်းတဲ့ အတွေ့အကြုံပါ။ ကိုယ်ဝန်ပျက်ကျတာက ဘေဘီလေးကို မမွေးဖွားလိုက်နိုင်ပေမယ့် ခန္ဓာကိုယ်မှာ အတော်လေးကို ပင်ပန်းထိခိုက်သွားတာပါ။ ဒါကြောင့် ကိုယ်ဝန်ပျက်ကျပြီးချိန်မှာ ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ပြန်လည် ကျန်းမာလာစေဖို့အတွက် အနေအထိုင် အစားအသောက် အားလုံးကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အခုတစ်ခေါက်မှာတော့ ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။

    ကိုယ်ဝန်ပျက်ကျပြီးချိန်မှာ အားပြန်ပြည့်ဖို့ အချိန်လိုအပ်ပါတယ်

    ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့အနေနဲ့ ပကတိ ပြန်လည်ကျန်းမာလာစေဖို့ဆိုရင် ရက်သတ္တပတ်အတော်ကြာ သေချာလေး အနားယူဖို့ လိုသလို ကိုယ်ဝန်ပျက်ကျပြီးချိန်ကနေ ရက်သတ္တပတ် ၄-၆ ပတ်လောက်အထိ နည်းနည်းစီ သွေးဆင်းတာကိုလည်း ခံစားရနိုင်ပါသေးတယ်။

    ကိုယ်ဝန်ပျက်ကျချိန်မှာ သွေးဆင်းတာက ကိုယ်တွင်းမှာ သံဓာတ်ချို့တဲ့မှုကို ဖြစ်စေပြီး ရေရှည်မှာ သွေးအားနည်းတာ၊ ခြေကုန်လက်ပမ်းကျတာ၊ အားနည်းတာလိုမျိုး ကျန်းမာရေး အခြေအနေတွေကို ခံစားရနိုင်ပါတယ်။

    ဒီလိုကာလမှာ ခန္ဓာကိုယ်ရဲ့ ထိခိုက်မှုတွေကို ပြန်လည်အားပြည့် ကျန်းမာလာစေဖို့ဆိုရင် အစာအာဟာရ ပြည့်ဝမျှတအောင် စားဖို့ကလည်း အတော်လေး အရေးပါပါတယ်။ ဒါကြောင့် ကိုယ်ဝန်ပျက်ကျပြီးချိန်မှာ အခုလို အစားအစာလေးတွေကို စားပေးဖို့ လိုပါမယ်။

    ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!

    ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့ အနေနဲ့ ခန္ဓာကိုယ်မှာ ပြန်လည် ကျန်းမာလာစေဖို့ဆိုရင် ဒါလေးတွေကို စားပေးဖို့ လိုပါမယ်။

    • အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

    ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းက ကယ်လ်ဆီယမ်ပမာဏက ကလေးအတွက်၊ ကိုယ်ဝန်အတွက် သုံးလိုက်ရတာကြောင့် ကျဆင်းနေပါတယ်။ ကိုယ်ဝန်ပျက်ကျပြီးစအချိန်မှာလည်း ဒီအတိုင်းပါပဲ။ ဒါကြောင့် ဒီကာလမှာ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေကို စားပြီး ကိုယ်တွင်းက ကယ်လ်ဆီယမ် ပမာဏကို ပြန်လည်ဖြည့်တင်းပေးဖို့ လိုပါမယ်။

    ဒါကြောင့် ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့အနေနဲ့ ကယ်လ်ဆီယမ် ကြွယ်ဝစေဖို့ ဟင်းနုနွယ်၊ ထိုင်ဝမ်မုန်ညှင်းတို့ လိုမျိုး အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို များများစားဖို့ လိုပါမယ်။ ကယ်လ်ဆီယမ် ပြည့်ဝစေဖို့အတွက် အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ အပြင် ပဲပြား၊ သစ်သီးခြောက်တွေ၊ ပင်လယ်စာတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကိုပါ စားပေးလို့ ရပါတယ်။

    • အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေ

    ကိုယ်ဝန်ပျက်ကျပြီးချိန်မှာ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ သံဓာတ် ပြည့်ဝစေဖို့အတွက် သံဓာတ်စုပ်ယူမှုကောင်းစေဖို့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတဲ့ အချဉ်ဓာတ်ပါတဲ့ အသီးတွေကို စားပေးတာက နည်းလမ်းကောင်းပါ။ ဒါကြောင့် ကိုယ်တွင်းမှာ  ဗီတာမင်စီ ကြွယ်ဝဖို့ဆိုရင် ဟင်းနုနွယ်၊ စွန်ပလွံသီး၊ ရွှေဖရုံသီး စတာတွေကိုလည်း စားပေးလို့ ရပါတယ်။

    • အခွံမာသီးတွေ

    ကိုယ်ဝန်ပျက်ကျပြီးချိန်မှာ ဖောလစ်အက်ဆစ် ပြည့်ဝဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှလည်း သွေးအားနည်းတာမျိုး မဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့ အနေနဲ့ သစ်ကြားသီး၊ အယ်လ်မွန်စေ့ စတာတွေကို စားပေးလို့  ရပါတယ်။

    • နှံစားသီးနှံတွေ

    နှံစားသီးနှံတွေက အစာခြေစနစ်ကိုတင် ကျန်းမာစေတာ မဟုတ်ဘဲ အမျှင်ဓာတ် ကြွယ်ဝမှုများတာကြောင့် အစာအိမ် အူလမ်းကြောင်းကို အာဟာရ ပြည့်ဝစွာ ရရှိစေပြီး ခန္ဓာကိုယ်မှာ အားပြည့်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့ အနေနဲ့ ဆန်လုံးညို၊ အုတ်ဂျုံတို့ကို စားပေးလို့ ရပါတယ်။

  • အနီရောင်အသား
  • အနီရောင်အသားတွေက သံဓာတ်ဖြည့်ပေးပြီး သွေးနီဥဆဲလ်တွေကို ကျန်းမာစေနိုင်သလို သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့အနေနဲ့ အနီရောင်အသားကို စားပေးပါ။

    • အနက်ရောင် ချောကလက်

    ကိုယ်ဝန်ပျက်ကျပြီးချိန်မှာ စိတ်ဓာတ်ကျတာ စိတ်ခံစားမှု မကောင်းတာတွေကို သက်သာစေဖို့အတွက် အနက်ရောင်ချောကလက်ကို စားပေးတာက နည်းလမ်းကောင်းပါ။ အနက်ရောင် ချောကလက်ကို စားတဲ့အခါ သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်မဖြစ်အောင် ထမင်းစားချိန်နဲ့ အချိန်ခွာစားပါ။

    • ရေ

    ကိုယ်ဝန်ပျက်ကျထားပြီးချိန်မှာ ကိုယ်တွင်း ရေဓာတ်ပြည့်ဝစေဖို့အတွက် အရည်များများလေး သောက်ဖို့လည်း မမေ့ပါနဲ့။ ရေဓာတ်ပြည့်ဝတာက ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ရေဓာတ်ပြည့်ဝဖို့ ရေ၊ သစ်သီးဖျော်ရည်၊ စွပ်ပြုတ်၊ ဓာတ်ဆားရည်၊ အုန်းရည် စတာတွေကို သောက်ပေးနိုင်ပါတယ်။

    ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့အနေ​နဲ့ အခုပြောထားတာလေးတွေကို သင့်တင့်မျှတအောင် စားပေးသင့်တယ် ဆိုပေမယ့် အခုလိုမျိုး အစားအစာတွေကိုတော့ မစားမိဖို့ လိုပါမယ်။

    ဒါတွေကို မစားပါနဲ့

    ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့ အနေနဲ့ ကိုယ့်ကျန်းမာရေးကိုယ် သေချာလေး ဂရုစိုက်ဖို့ လိုသလို နေ့စဉ် စားသောက်မှုတွေထဲမှာလည်း အသင့်စား အစားအစာတွေ၊ အမြန်စား အစားအစာတွေ၊ လမ်းဘေးစာတွေကို မစားမိဖို့ လိုပါတယ်။ ဒါ့ပြင် အဆီများတာတွေ၊ အချိုများတာတွေကိုလည်း မစားဖို့ လိုပါမယ်။

    သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်၊ ရေနွေးကြမ်း၊ ‌လက်ဖက်သုပ် စတာတွေကိုလည်း ထမင်းစားချိန်နဲ့ အချိန်ခွာစားဖို့ အကြံပြုလိုပါတယ်။

    # အမှာစကား

    ကိုယ်ဝန်ပျက်ကျထားချိန်မှာ စိတ်ရောကိုယ်ပါ ထိခိုက်ထားတာကြောင့် သေချာ အနားယူပြီး အာဟာရ ပြည့်ဝအောင် စားသုံးဖို့ လိုပါမယ်။ ကိုယ်ဝန်ပျက်ကျထားပြီးချိန်မှာ အဆာခံပြီး မစားဘဲ  နေတာမျိုး မလုပ်ပါနဲ့။ အာဟာရ ပြည့်ဝအောင် စားသုံးတာ၊ ပြည့်ပြည့်ဝဝ အနားယူတာအပြင် ယောဂလေ့ကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်ပြီး စိတ်တည်ငြိမ်အောင် လုပ်ဆောင်ဖို့ လိုပါမယ်။ တစ်ခုခု နေထိုင်မကောင်းတာမျိုး ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့လည်း လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement