backup og meta

ဘေဘီလေး မွေးဖွားပြီးချိန်မှာ ကျန်းမာနေအောင် ကိုယ်တိုင် ဘယ်လို ဂရုစိုက်ရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေး မွေးဖွားပြီးချိန်မှာ ကျန်းမာနေအောင် ကိုယ်တိုင် ဘယ်လို ဂရုစိုက်ရမလဲ

    မေမေ တစ်ယောက်ဖြစ်ရတဲ့ အခိုက်အတန့်က အမျိုးသမီးတိုင်းအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးနဲ့ ပီတိအဖြစ်ရဆုံး အခိုက်အတန့်ပါ။ ဘေဘီလေးကို လွယ်ထားရပြီလို့ စသိချိန်ကတည်းက ဘေဘီလေးကို ထိခိုက်မှု ကင်းစေဖို့၊ ကျန်းကျန်းမာမာနဲ့ လူ့လောကထဲကို ရောက်ရှိခေါ်ဆောင်နိုင်ဖို့ ဆိုပြီး အစစအရာရာကို နည်းနည်းမှ အလွဲမခံ စောင့်ရှောက်ကြတာကို မလုပ်တဲ့ မေမေရယ်လို့ မရှိပါဘူး။

    ဒါပေမယ့် ဘေဘီလေးကို မွေးဖွားပြီးချိန်မှာတော့ ဘေဘီလေးကိုပဲ ဂရုစိုက်မိပြီး ဘေဘီလေးကို သေချာလေး ပျိုးထောင်ဦးဆောင်ပေးမယ့် ကိုယ့်ကိုယ်ကိုယ် ဂရုစစိုက်ဖို့ကိုတော့ မေမေတိုင်းက မေ့နေတတ်ကြပါတယ်။ ဘေဘီလေးကို ဗိုက်ထဲ လွယ်ထားစဉ်ကတော့ ဘေဘီလေးကို ထိခိုက်မှာစိုးတဲ့ စိတ်နဲ့ဂရုစိုက်တာက ကိုယ့်ကိုယ်ကိုယ် အပေါ်မှာပါ သက်ရောက်မှု ရှိနေပေမယ့် ဘေဘီလေးကို မွေးဖွားပြီးချိန်မှာတော့ ဘေဘီလေးကိုပဲ ဂရုစိုက်ရင်း ကိုယ်တိုင်ကို ဂရုမစိုက်မိတဲ့ မေမေတွေ အများကြီးပါ။

    တကယ်ကတော့ မေမေ ကျန်းမာမှ ဘေဘီလေးက ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းနိုင်မှာပါ။ ဒါကြောင့် ဘေဘီလေးကို မွေးဖွားပြီးချိန်မှာလည်း မေမေတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သေချာလေး ဂရုစိုက်ဖို့ လိုမှာပါ။ ဒီတစ်ခေါက်တော့ မေမေတို့ အနေနဲ့ ဘေဘီလေး မွေးဖွားပြီးချိန်မှာ ကျန်းမာနေအောင် ကိုယ်တိုင် ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာလေးကို ပြောပြပေးသွားပါမယ်။

    ဘေဘီလေး မွေးဖွားပြီးချိန်မှာ ကျန်းမာနေအောင် ကိုယ်တိုင် ဘယ်လို ဂရုစိုက်မလဲ

    ဘေဘီလေး မွေးဖွားပြီးချိန်မှာ ကျန်းမာနေအောင် ကိုယ်တိုင် ဘယ်လို ဂရုစိုက်ရမလဲ

    ဘေဘီလေး မွေးဖွားပြီးချိန်မှာ ကျန်းမာနေအောင် အခုလိုလေးတွေ ဂရုစိုက်ပေးပါနော်။

    အနားယူပေးပါ

    ဘေဘီလေးကို မွေးဖွားရတာက ခက်ခဲတဲ့ အလုပ်ပါ။ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ချိန်မှာ ကောင်းကောင်း အိပ်ပျော်ဖို့ ခက်ခဲခဲ့သလို သက်သောင့်သက်သာ မရှိတဲ့ အခိုက်အတန့်တွေကို တွေ့ကြုံကျော်ဖြတ်ခဲ့ရတာပါ။

    ဒါကြောင့် ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ ခန္ဓာကိုယ် ကျန်းမာပြီး အင်အားပြည့်စေဖို့ ကောင်းကောင်း အိပ်စက် အနားယူပါ။ တတ်နိုင်သမျှ များများ အနားယူပေးဖို့ မမေ့ပါနဲ့။

    အလေးအပင်တွေ မမပါနဲ့

    ဘေဘီလေးကို မမွေးဖွားခင် ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင် မမရသလို ဘေဘီလေးကို မွေးဖွားပြီးချိန်မှာလည်း ခန္ဓာကိုယ်က အားနည်းနေသေးတာကြောင့် ဘေဘီလေးကို ချီတာကလွဲလို့ အခြားသော အလေးအပင်တွေ မတာမျိုးကို မလုပ်ပါနဲ့။ ခွဲမွေးထားတဲ့ မေမေတွေဆို ပိုသတိထားရပါတယ်။

    အလေးအပင် မတာက ချုပ်ရိုးကို ထိခိုက်စေနိုင်လို့ပါ။

    လှေကားတွေ မတက်ပါနဲ့

    ဘေဘီလေးကို မွေးဖွားပြီး ပထမ ရက်သတ္တပတ် အတွင်းမှာ ခဏခဏ လှေကား အတက်အဆင်း လုပ်တာမျိုးတွေ မလုပ်ပါနဲ့။ အရမ်းလမ်းလျှောက်တာမျိုးလည်း မလုပ်ပါနဲ့။ လှေကားတက်တာ၊ လှုပ်ရှားမှု များတာက မေမေတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ရက်ပိုင်းလောက်နားပြီးမှ ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားပါ၊၊

    ရေများများ သောက်ပါ

    ခန္ဓာကိုယ်က ပြန်လည် အားပြည့်ဖို့ အရှိန်ယူနေချိန်မှာ အားအင်ပြည့်ဝစေဖို့နဲ့ ချုပ်ရိုး ကျက်စေဖို့ ကိုယ်ခံအား ကောင်းစေဖို့အတွက် ရေများများ သောက်ပေးပါ။ ရေသောက်တဲ့နေရာမှာလည်း သန့်ရှင်းတဲ့ ရေကို သောက်မိဖို့ လိုပါမယ်။

    ကလေးမွေးဖွားပြီးချိန်မှာ ခန္ဓာကိုယ်ရဲ့ ရေဓာတ် လိုအပ်ချက်ကို ပြည့်မီစေဖို့အတွက် တစ်နေ့ကို ရေ ၈ခွက် သောက်ပေးပါ။

    အာဟာရ ပြည့်ဝအောင် စားပါ

    ကိုယ်ဝန်ဆောင်ချိန်မှာလိုပဲ ဘေဘီလေး မွေးဖွားပြီးချိန်မှာလည်း အာဟာရ ပြည့်ဝအောင် စားသုံးဖို့ လိုပါမယ်။ ခန္ဓာကိုယ်ကို အင်အားပြည့်ပြီး ကျန်းမာစေဖို့ရော ဘေဘီလေးအတွက် နို့ချို ထွက်ရှိစေဖို့ပါ လုံလောက်တဲ့ အာဟာရ ပြည့်ဝအောင် စားသုံးပေးဖို့ လိုပါမယ်။

    အသား၊ ငါး၊ ဥအမျိုးမျိုး၊ အသီးအရွက်နဲ့ သစ်သီးတွေကို စားပေးဖို့ လိုပါမယ်။

    ခန္ဓာကိုယ်က နာကျင်မှုတွေကို လျစ်လျူ မရှုမိပါစေနဲ့

    ကလေးမွေးဖွားပြီးချိန်မှာ ခန္ဓာကိုယ်မှာ နာကျင်မှုတွေ ခံစားရနိုင်ပါတယ်။ ဒီလို နာကျင်မှုတွေ ခံစားလာရတဲ့အခါ အမှုအမှတ်မဲ့ မထားဘဲ သက်သာအောင် သေချာလေး ဂရုစိုက်ပေးပါ။

    ဘေဘီလေးကို မီးဖွားပြီးချိန်မှာ နာကျင်မှုကို ခံစားရတာက ပုံမှန်ပါပဲ။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် နာကျင်မှုကို ခံစားရတဲ့ အချိန်အတိုင်းအတာကတော့ တစ်ယောက်နဲ့ တစ်ယောက် ကွာခြားနိုင်ပါတယ်။

    ကလေးမွေးဖွားပြီးချိန်မှာ ဒီလို နာကျင်မှုတွေ ခံစားရတာကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် သက်သာအောင်တော့ ဂရုစိုက်ဖို့ လိုပါမယ်။

    • သားအိမ်က ပုံမှန် အနေအထား အဖြစ်ရောက်အောင် ပြန်လည် လုပ်ဆောင်နေရတာကြောင့် ဗိုက်အောင့်တာ
    • မိန်းမကိုယ်နဲ့ စအိုကြားနေရာက ကျိန်းစပ်စပ်နဲ့ နာကျင်တာ
    • ချုပ်ရိုး နဲ့ ချုပ်ရိုးတဝိုက် နာကျင်တာ
    • ဇက်ကြော၊ ခါးနဲ့ အဆစ်တွေ နာကျင်တာ
    • ရင်သားတွေ ကြီးလာတာ၊ ရင်သားတွေ ရောင်ပြီး နာကျင်တာတွေ ခံစားရနိုင်ပါတယ်။

    အခုပြောခဲ့တာတွေက ပုံမှန် ဖြစ်လေ့ဖြစ်ထရှိတဲ့ နာကျင်မှုတွေပါ။ တကယ်လို့ အခုလို လက္ခဏာတွေ ခံစားရမယ်ဆိုရင်တော့ သေချာလေး ကုသမှု ခံယူဖို့ လိုပါမယ်။

    • ခေါင်းကိုက်နေမယ်။ ဆေးသောက်တာတောင် မသက်သာဘူး ဖြစ်နေမယ်
    • ခေါင်းကိုက်လို့ မျက်လုံးတွေ ဝေဝါးနေမယ်
    • နာကျင်မှုကြောင့် အဖျားတက်တာ အဖျားက ၃၈ ဒီဂရီ စင်တီဂရိတ်ထက် ပိုများနေမယ်
    • သွေးတွေ တအားဆင်းနေမယ်
    • ရင်သားတွေ နီမြန်း နာကျင်မယ်။ အဖျားတက်မယ်
    • ခြေလက်တွေ ဖောရောင်မယ်
    • မိန်းမကိုယ်က အနံ့ဆိုးတဲ့ အကျိအချွဲတွေ ဆင်းမယ်
    • ရင်ဘတ်အောင့်မယ်
    • အသက်ရှူရခက်မယ် စတဲ့ လက္ခဏာတွေ ခံစားရမယ်ဆိုရင်တော့ နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားရောက်ဖို့ အကြံပြုပါရစေ။

    ကဲ …… လေဒီလေးတို့ရေ ဘေဘီလေး မွေးဖွားပြီးချိန်မှာ ကျန်းမာနေအောင် အခုလိုလေး ဂရုစိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 01/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement