လက္ခဏာတွေကတော့ ကိုယ်ဝန်ဆောင်ချိန် ကိုယ်ဝန်ဆိပ်တက်တာနဲ့ အတူတူပါပဲ။
- သွေးတက်မယ် (အများအားဖြင့် ၁၄၀/၉၀ အထက်)
- ဆီးထဲမှာ အသားဓာတ်တွေ များမယ် (ဒါကတော့ ဆီးစစ်မှ သိနိုင်တာပါ။ အမြင်အရ ဆီးအရောင် နောက်နေပြီဆိုရင်လည်း အသားဓာတ်ပါတာဖြစ်နိုင်ပါတယ်)
- ခေါင်းကိုက်မယ် (သာမန်ထက်ပိုပြီး ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာမျိုးပါ)
- အမြင်တွေဝါးပြီး နှစ်ထပ်မြင်လာတာ
- မျက်နှာ၊ ခြေ၊ လက်တွေ ဖောလာတာ
- ပျို့တာ
- အန်တာ
- ညာဘက် အပေါ်ပိုင်း နံကြားအောင့်တာ (အဲ့တာ အသည်းရှိတဲ့ နေရာပါ)
- ဆီးနည်းသွားတာ
- ဖောတဲ့အတွက် ကိုယ်အလေးချိန်တက်လာတာ စတာတွေ ဖြစ်တတ်ပါတယ်။
ကလေးမွေးပြီး ၂ရက်ကနေ ၆ပတ်လောက်ထိ ဒီလက္ခဏာတွေကို စောင့်ကြည့်ပါ။ ဒီလက္ခဏာတွေ ခံစားနေရရင် ဆေးရုံပြန်သွားပါ။ အချိန်မီ မကုသနိုင်ရင် အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။
ကလေးမွေးပြီး ကိုယ်ဝန်ဆိပ်တက်တာကို ကုသလို့ ရပါ့မလား။
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆိပ်တက် တယ်ဆိုရင်တော့ ကလေးကို မွေးထုတ်လိုက်တာက အကောင်းဆုံးနည်းလမ်းပါပဲ။ မွေးပြီးမှဆိုရင်တော့
- သွေးတက်နေရင် သွေးကျဆေးတွေ ပေးတာ
- တက်လာရင် အတက်ကျဆေးတွေ ပေးတာ
- သွေးခဲမှာစိုးလို့ သွေးခဲပျော်ဆေးတွေပေးတာ စတာတွေနဲ့ စောင့်ကြည့်ကုသရပါတယ်။
ဆေးတွေ သောက်ရမယ်ဆိုရင် ကလေးကို မိခင်နို့တိုက်နေရင် တိုက်နေတဲ့အကြောင်းလေး ဆရာဝန်ကို ပြောပြပါ။ တချို့ဆေးတွေက မိခင်နို့ကနေတဆင့် ကလေးဆီ ရောက်နိုင်တဲ့အတွက် ရှောင်ပြီး ပေးနိုင်အောင်ပါ။
မကုဘဲထားရင် ဘာဖြစ်နိုင်မလဲ။
လက္ခဏာတွေ သတိမထားမိလို့ ဆေးကုသမှု ခံယူတာနောက်ကျသွားမယ်ဆိုရင်
- ဦးနှောက်၊ အသည်းနဲ့ ကျောက်ကပ် ပျက်စီးတာ
- အဆုတ်ထဲ ရေဝင်တာ
- လေဖြတ်တာ
- သွေးခဲပိတ်တာ
- HELLP syndromeလို့ ခေါ်တဲ့ သွေးနီဥတွေ ပျက်စီး၊ အသည်းအင်ဇိုင်းတွေတက်၊ သွေးဥမွှားတွေ နည်းတဲ့ ရောဂါစု ဖြစ်တတ်ပါတယ်။ ဒါကတော့ အဆိုးဆုံး အခြေအနေပါပဲ။
- နောက်ဆုံး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
မီးတွင်းမှာ ကိုယ်ဝန်ဆိပ်တက် တယ်ဆိုတာက ရှားပါးပေမယ့် ဖြစ်လာရင် အန္တရာယ်ရှိတဲ့ အခြေအနေပါ။ မေမေအများစုက မီးတွင်းမှာ ကိုယ်ဝန်ဆိပ်တက်နိုင်မှန်း မသိလို့ ကုသမှု ခံယူတာ နောက်ကျတတ်ပါတယ်။ အချိန်မီကုသမှု ခံယူမယ်ဆိုရင် အသက်ရှင်နိုင်နှုန်း များပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။