18 လအရွယ်ကလေးငယ်

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

၁၈လအရွယ်ကလေးကို ဂရုစိုက်ပြုစုဖို့ သင်ဘာတွေသိဖို့လိုအပ်သလဲ။

ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြုအမူများ

ကလေးကဘယ်လိုဖွံ့ဖြိုးလာသင့်သလဲ။

ဒီလထဲမှာသင့်ကလေးအလျင်အမြန်ဖွံ့ဖြိုးလာတာကိုတွေ့ရမှာပါ။ ယေဘုယျအားဖြင့် သင့်ကလေးရဲ့အတိုင်းအတာတွေကအောက်ပါအတိုင်းရှိသင့်ပါတယ်။

  • အလေးချိန် : 10kg မှ 14kg (ကျား), 9kg မှ 13kg (မ)
  • အရပ်အမြင့် :77cm မှ 87cm (ကျား), 74cm မှ 86cm (မ)
  • ဦးခေါင်းအရွယ်အစား : 46cm မှ 50cm(ကျား), 44cmမှ 49cm (မ)

တကယ်လို့ သင့်ကလေးကဒီအတိုင်းအတာတွေအတိုင်းမဖြစ်လည်းစိတ်မပူပါနဲ့။ ဒါကယေဘုယျတိုင်းတာထားတာပါ။ သင့်ကလေးပုံမှန်ကြီးထွားနေပြီးသွက်လက်နေဖို့ပဲအရေးကြီးတာပါ။ သင်စိတ်ပူနေသမျှအရာအားလုံးကို ဆရာဝန်ကိုမေးပါ။

သင့်ကလေးဟာသူ့ခြေထောက်ပေါ်သူမတ်မတ်ရပ်နိုင်ပါပြီ။ ဘောလုံးကိုလက်နှစ်ဖက်နဲ့ကိုင်ပြီးသင့်ထံလည်းပစ်ပေးနိုင်ပါပြီ။ သူ့မျက်စိရှေ့မှာမရှိတဲ့ပစ္စည်းတွေကိုဘယ်လိုခေါ်သလဲဆိုတာကိုတောင် သူမှတ်မိနေပါပြီ။ သူအကြိုက်ဆုံးပစ္စည်းတွေနဲ့ တူတူပုန်းတမ်းဆော့ဖို့ အကောင်းဆုံးအချိန်ပါ။ အရောင်တွေနဲ့ အထိအတွေ့ကိုအသုံးပြုပြီးတော့ သူ့ရဲ့အာရုံခံစားနိုင်စွမ်းပိုကောင်းလာဖို့လည်းလုပ်ပေးနိုင်ပါသေးတယ်။

ကလေးကိုဘယ်လိုကူညီထောက်ပံ့ရမလဲ။

တစ်ခါတလေမှာကိုယ့်ဖာသာလမ်းလျှောက်နိုင်တဲ့ကလေးကိုလည်းပွေ့ချီခေါ်သွားဖို့လိုအပ်ပါတယ်။ အခြေအနေပေါ်မူတည်ပြီးဆုံးဖြတ်ပါ။ လူတွေကြားထဲမှာသင့်ကလေးဟာပျောက်သွားမှာကိုကြောက်နေတတ်ပြီးကိုယ့်ကိုကိုယ်လည်းသိမ်ငယ်နေတတ်ပါတယ်။ သူတကယ်ကိုပင်ပန်းနေတာပါ။ သူ့ကိုအာရုံစိုက်ပြီးဂရုစိုက်ဖို့ တကယ်ကိုလိုအပ်နေတာပါ။ သင်ပွေ့သွားမယ်ဆိုပြီးပွေ့ပြီးခေါ်သွားနိုင်ပါတယ်။ ဒါပေမဲ့ သင့်အိမ်ကိုသို့မဟုတ် ကားဆီရောက်ဖ့ို ၁ ဘလောက် ၂ဘလောက်လောက် လျှောက်ရမယ်ဆိုရင်တော့ တွန်းလှည်းလေးယူလာတာအကောင်းဆုံးပါ။ သင့်ကလေးနဲ့ လက်ချင်းတွဲပြီးလမ်းလျှောက်ပေးခြင်းနဲ့လည်းသူ့ကိုအားပေးနိုင်ပါတယ်။ လက်ချင်းတွဲထားတာကသူ့စိတ်ထဲမှာလုံခြုံမှုကိုခံစားရစေတယ်လေ။ “ဟိုမီးပွိုင့်လေးရောက်တဲ့ထိလက်တွဲပြီးလမ်းလျှောက်ရအောင်လေ” ဆိုပြီးသူနဲ့ ညှိနှိုင်းခြင်းကလည်းလမ်းနည်းနည်းလေးပိုလျှောက်ဖြစ်သွားအောင် စွမ်းဆောင်နိုင်ပါတယ်။

သင့်ကလေးကသူမကြိုက်တဲ့အရာတွေကိုစပြီးပြတတ်လာပါပြီ။ ဥပမာသူအရင်ကကြိုက်ခဲ့ဖူးပေမဲ့ ခုချိန်မှာ နွားနို့လုံးဝမသောက်ချင်တာမျိုးပေါ့။ ဒါမျိုးတွေဖြစ်လာရင် အကြီးကြီးမတွေးပါနဲ့။ ဒါကလည်းသူတို့မှာကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်ဆိုတာကို ပြတဲ့ နည်းလမ်းငယ်လေးတွေထဲကတစ်ခုပါ။ နွားနို့ကိုဆက်တိုက်ပါ။ ဒါပေမဲ့ အတင်းဖိအားပေးပြီးသောက်ခိုင်းတာမျိုးမလုပ်ပါနဲ့။ အဲ့ဒီအချိန်မှာသူလိုအပ်တဲ့ ကယ်လ်ဆီယမ်ဓါတ်ကိုချိစ် ၊ ဒိန်ချဉ်နဲ့ cottage cheese တွေကိုများများကျွေးခြင်းနဲ့ ဖြည့်ပေးပါ။ နွားနို့ကိုပူတင်းတွေ ဖျော်ရည် တွေအဖြစ် ပုံစံပြောင်းပြီးအချိုတည်းစာအနေနဲ့ ကျွေးပါ။

ကျန်းမာရေးနဲ့ လုံခြုံမှု

ဆရာဝန်နဲ့ ဘာတွေဆွေးနွေးသင့်သလဲ။

ဒီချိန်မှာပုံမှန်စစ်ဆေးချက်တွေကိုရနေပြီးဖြစ်နေမှာပါ။ သင့်ဆရာဝန်က သင့်ကိုအောက်ပါမေးခွန်းတွေ မေးနိုင်ပါတယ်။

  • သင့်ကလေးဘယ်လိုစားသလဲ။ ကောင်းကောင်းစားနိုင်တဲ့ကလေးလား။
  • သင့်ကလေးဟာသွက်သွက်လက်လက်ရှိသလား။ အပြင်မှာကစားချိန် လုံလုံလောက်လောက်ပေးထားရဲ့လား။
  • သင့်ကလေးဟာTVကြည့်နေသလားဒါမှမဟုတ် Ipadသုံးသလား။ တစ်ရက်ကိုဘယ်နှစ်နာရီလောက်သုံးသလဲ။

ဒီမေးခွန်းတွေဟာသင့်ကလေးအမူအကျင့်တွေဘယ်လောက်တိုးတက်လာသလဲဆုံးဖြတ်တဲ့နေရာမှာအထောက်အပံ့ပေးပါလိမ့်မယ်။ ကလေးတိုင်းဟာဖွံ့ဖြိုးကြီးထွားမှုနှုန်းခြင်းမတူကြပါဘူး။ သင့်ဆရာဝန်က သင့်ကလေးမှာရှိကိုရှိရမယ့် ဖွံ့ဖြိုးခြင်းတွေရှိသလားဆိုတာကိုဆုံးဖြတ်ပေးမှာပါ။ သင်စိတ်ပူနေသမျှတွေကို ဆရာဝန်နဲ့တိုင်ပင်ပါ။

ဘာတွေသိသင့်လဲ။

သင့်ကလေးအတွက် အရေးကြီးတဲ့ ကာကွယ်ဆေးတွေအားလုံးထိုးပြီးပြီမဟုတ်လား။ သင်သိသင့်တဲ့ ကာကွယ်ဆေးတွေအကြောင်းဒီမှာဖော်ပြထားပါတယ်။

  • DTaP(ဆုံဆို့ ကြက်ညှာ မေးခိုင်) ကာကွယ်ဆေး : မထိုးရသေးဘူးဆိုရင်တော့ ခုချိန်ဟာစတုတ္ထမြောက် ဒီကာကွယ်ဆေးထိုးရမဲ့အချိန်ပါ။ ဒီဆေးဟာဆုံဆို့နာ (လည်ချောင်းအနောက်ဘက်ပေါ်ကိုအကာထူထူတစ်ခုဖုံးလွှမ်းပြီးအသက်ရှူခြင်းကိုအနှောက်အယှက်ဖြစ်စေတဲ့ရောဂါ) မေးခိုင်ရောဂါ (သဲတွေ ဖုန်တွေ အညစ်အကြေးတွေကြားထဲမှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ထိတွေ့ခြင်းကြောင့်ဖြစ်တဲ့ရောဂါ) နဲ့ ကြက်ညှာချောင်းဆိုးရောဂါ( ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အပြင်းအထန်ချောင်းဆိုးတတ်တဲ့ ရောဂါ) တွေကိုကာကွယ်ပေးပါတယ်။
  • ရေကျောက် ကာကွယ်ဆေး : ခုနောက်ဆုံးဆရာဝန်လာပြတဲ့ထိ ဒီကာကွယ်ဆေးမထိုးရသေးဘူးဆိုရင်တော့ ဒါကပထမဆုံးအကြိမ်ထိုးကိုထိုးပေးရတော့မှာပါ။ ဒီဆေးကကလေးတွေမှာအဖြစ်အများဆုံး ပြင်းပြင်းထန်ထန်ဖျားနာတတ်တဲ့ရောဂါကြီးကိုကာကွယ်ပေးပါတယ်။
  • ပိုလီယိုကာကွယ်ဆေး (IPV) : သူမထိုးရသေးဘူးဆိုရင် တတိယမြောက်မဟုတ်ရင်တောင် စတုတ္ထမြောက် IPVဆေးထိုးရတော့မျာပါ။ ဒီဆေးကသူ့ကိုပိုလီယိုရောဂါ(ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လေဖြတ်နိုင်တဲ့ရောဂါ) ကနေကာကွယ်ပေးပါတယ်။
  • အသည်းရောင် B ကာကွယ်ဆေး : ခုထိမထိုးရသေးဘူးဆိုရင် ဒီကာကွယ်ဆေးရဲ့ နောက်ဆုံးသို့မဟုတ် တတိယမြောက်ဆေးကိုထိုးပေးရမှာပါ။ ဒီဆေးကအသည်းရောဂါတစ်မျိုးဖြစ်တဲ့ Hepatitis Bကိုကာကွယ်ပေးပါတယ်။
  • တုပ်ကွေး : သင့်ကလေးကဒီဆေးကိုတစ်နှစ်တစ်ခါထိုးသင့်ပါတယ်။ တုပ်ကွေးရာသီ(အောက်တိုဘာသို့မဟုတ် နိုဝင်ဘာ)ရောက်တိုင်းထိုးသင့်တာပါ။

စိုးရိမ်ပူပန်မှုများ

ဘာတွေကိုစိတ်ပူနေတာလဲ။

ငယ်သေးတဲ့အချိန်မှာနေလောင်တာကနောက်ပိုင်းမှာအရေပြားကင်ဆာဖြစ်စေနိုင်ပါတယ်။ နေရောင်နဲ့ထိတွေ့တာများလွန်းရင်လည်းအသားအရေကိုထိခိုက်ပျက်စီးစေပြီးအိုမင်းရင့်ရော်စေပါတယ်။ ဒါကြောင့် သင့်ကလေးအပြင်ရောက်နေတဲ့အချိန်မှာနေရောင်ကာလိမ်းဆေးတွေ၊ အပေါ်ထပ်အင်္ကျီပါးပါးတွေ၊ ဦးထုပ် နဲ့ နေကာမျက်မှန်တွေကိုသုံးပြီးသူ့အသားအရေကိုကာကွယ်ပေးပါ။ ဖြစ်နိုင်ရင် အရိပ်ထဲမှာပဲနေခိုင်းပါ။

သင့်ကလေးနောက်လမှာဘယ်လိုကြီးထွားလာမလဲ။

HelloHealth Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Share now :

တည်းဖြတ်သည့်နေ့ ဇူလိုင် 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 15, 2017

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။