home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးများတွင် ဝမ်းချုပ်ခြင်း

ကလေးများတွင် ဝမ်းချုပ်ခြင်း

ကလေးများတွင် ဝမ်းချုပ်ခြင်းသည် အတွေ့ရများသော ပြဿနာ ဖြစ်ပါသည်။ ထို့ကြောင့် သင့်ကလေးများ ဝမ်းချုပ်နေပါက အသင့်တော်ဆုံး အဖြေရှာနိုင်ရန် တင်ပြထားပါသည်။

ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများမှာ တစ်ပတ်လျှင် သုံးကြိမ်အောက်သာ ဝမ်းသွားခြင်း၊ ဝမ်းမာခြင်း၊ ခြောက်ခြင်း၊ ဝမ်းသွားရခက်ခဲခြင်း၊ ဝမ်းသွားလျင် နာကျင်ခြင်းနှင့် ဝမ်းသွားလျင် စမြင်းတုံးခံခြင်း စသည်တို့ ဖြစ်ပါသည်။

ထို့ပြင် အခြားလက္ခဏာများ အနေဖြင့် လေထိုးခြင်း၊ အစာအိမ်အောင့်ခြင်း၊ လေပွခြင်း၊ ဗိုက်နာခြင်း စသည်တို့လည်း ဖြစ်နိုင်သည့်အပြင် ဝမ်းအတုံးပေါ်တွင် သွေးစ များပါလာတတ်ပါသည်။

ဝမ်းချုပ်ခြင်းတွင် ရှုပ်ထွေးစေတတ်သော ပြဿနာမှာ ဝမ်းပျက် ခြင်း ဖြစ်ပါသည်။ ဝမ်းပျက်ရခြင်းမှာ စမြင်းတုံး အလွန်ကြီးသော အခါ ဝမ်းသွားသည့် လမ်းကြောင်းကို ပိတ်ဆို့ပြီး အရည်ဝမ်း အနည်းငယ်သာ ထွက်နိုင်သောကြောင့် ဖြစ်ပါသည်။

ထို့ပြင် စမြင်း တုံးကို ကျော်အောင် ညှစ်ပြီးသွားရသည့်အခါ နာကျင်ခြင်းကိုပါ ခံစားရပါမည်။ ထို့ကြောင့် ကလေးများတွင် ဝမ်းမသွားရန် အောင့် ထားတတ်ပါသည်။ အကယ်၍ သင့်အနေဖြင့် သင့်ကလေးတွင် စအိုဝကို ရှုံထားခြင်း၊ ပေါင်နှစ်ဖက် လိမ်ကျစ်ထားခြင်း၊ ဝမ်းအောင့် ထားပြီး မျက်နှာရှုံထားခြင်းများ ရှိပါက သင့်အနေဖြင့် သတိပြုရန် လိုအပ်ပါသည်။

ကလေးများတွင် ဝမ်းချုပ်စေသော အကြောင့်ရင်းများ

ဝမ်းထိန်းထားခြင်း။ သင့်၏ ကလေးသည် ဝမ်းမသွားဘဲ အောက်ပါ အကြောင်းများကြောင့် ထိန်းထားတတ်ပါသည်။ အများပြည်သူသုံး အိမ်သာများတွင် သွားရမည်ကို ကြောက်ခြင်း၊ ဆီးဝမ်းကျင့်ပေး ခြင်းကို မနှစ်သက်ခြင်း၊ ကစားနေစဉ် မနားချင်ခြင်း၊ နှင့် ဝမ်းသွား စဉ်နာကျင်ခြင်း စသည်တို့ကြောင့် ဖြစ်တတ်ပါသည်။ ဝမ်းသွားစဉ် နာကျင်ပါက သင့်ကလေးသည် နောက်တစ်ကြိမ် ဝမ်းသွားချင်လျင် ထိန်းထားပေမည်။

အမျှင်နှင့်ရေဓါတ် စားသုံးမှု့နည်းခြင်း။ အမျှင်ဓါတ် ကြွယ်ဝစွာ ပါဝင်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စားသုံးမှု့နည်း ခြင်း၊ ရေသောက်နည်းခြင်း တို့ကြောင့် ဝမ်းချုပ်တတ်ပါသည်။

အစားအသောက် ပုံစံပြောင်းလဲခြင်း။ အစားအသောက် ပုံစံ ပြောင်းလဲခြင်းသည် ကလေးများတွင် ပို၍ဝမ်းချုပ်စေပါသည်။ အရည်သာ သောက်သုံးနေရာမှ အစာမာပြောင်းစားသည့် အခါ ဝမ်းချုပ်ခြင်း ဖြစ်စေနိုင်ပါသည်။

ဆေးဘေးထွက်ဆိုးကျိုးများ။ စိတ်ကျရောဂါ ကုသဆေးများနှင့် အခြားဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့် ဝမ်းချုပ်စေ ပါသည်။

မျိုးရိုးလိုက်တတ်ခြင်း။

ဝမ်းချုပ်ခြင်းအတွက် ကုသနည်းများ

အမျှင်ဓါတ်နှင့် ရေများများသောက်ခြင်း။ သင်အနေဖြင့် သင့်၏ ကလေးကို အမျှင်ဓါတ်များစွာပါသော လတ်ဆတ်သော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ၊ ပေါင်မုန့်များနှင့် ပဲအမျိုးမျိုးတို့ကို ကျွေးမွေးရပါမည်။

Trail mix နှင့် ပြောင်းဖူးသည် လည်း အမျှင်ဓါတ်ကြွယ်ဝသော အစားအစာများ ဖြစ်ပါသည်။ သို့သော် ပြောင်းဖူးစားပါက ဆားနှင့် ထောပတ်ကို လျော့ထည့်ရန် လိုအပ်ပေမည်။ ထိုနည်းတူ prebiotic ကြွယ်ဝသည့် အစာများ ဖြစ်သော ဒိန်ချဉ်ကဲ့သို့ အစာများသည်လည်း အူလမ်းကြောင်း အတွက် ကောင်းမွန်စေပါသည်။

ရေများများသောက်ခြင်း။ အရည်များသည်လည်း ဝမ်းမှန်စေရန် အမျှင်ဓါတ်များကဲ့သို့ အရေးပါလှပါသည်။ အမျှင်ဓါတ် များစွာ စားသုံးပြီး ရေသောက်နည်းခြင်းသည် ဝမ်းချုပ်ခြင်းကို ပိုဆိုးစေ ပါမည်။ ထို့ကြောင့် သင့်ကလေးကို အရည်များများ (ဥပမာ။ ရေ၊ နွားနို့) သောက်သုံးစေပြီး သကြားပါသော ဖျောရည်များကိုမူ လျော့သောက်ခိုင်းရပါမည်။

အိမ်သာ ခဏခဏသွားစေခြင်း။ သင့်ကလေးကို ဝမ်းမှန်ခြင်း၏ ကောင်းကျိုးများကို ပြောပြစေပြီး မနက်အိပ်ရာထချိန်နှင့် အစာစားပြီးချိန်များတွင် အိပ်သာတက်ရန် တိုက်တွန်းရပါမည်။ ပို၍ ငယ်သော ကလေးများတွင် သင်ကြားရန် ပိုလွယ်ကူပါသည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Ye Mhan Linn မှ ရေးသားသည်။ 08/01/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။