home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဆံပင် တွေ ကျွတ်လာတဲ့ မေမေတို့ သိထားသင့်တဲ့ အချက်လေးတွေ

ဆံပင် တွေ ကျွတ်လာတဲ့ မေမေတို့ သိထားသင့်တဲ့ အချက်လေးတွေ

ကလေးမွေးပြီးကာစ နောက်ပိုင်းမှာ ဆံပင်တွေ ကျွတ်လာတာ ရှိနိုင်ပါတယ်။ ဖြစ်လေ့ရှိတဲ့သဘာဝမို့ ဆံပင်တွေ ကျွတ်ကုန်ပြီဆိုပြီး မေမေတို့ အရမ်းထိတ်လန့်မသွားပါနဲ့။ ကလေး အသက်တစ်နှစ် မပြည့်ခင်မှာပဲ မေမေတို့ ဆံပင် ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။

ပုံမှန်အားဖြင့် အမျိုးသမီးတစ်ဦးဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ဆံပင်အချောင်းရေ ၅၀ ကနေ ၁၀၀ ကြား ကျွတ်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာဆို အက်စထရိုဂျင်ဟော်မုန်းပမာဏကမြင့်တက်နေတာကြောင့် ဆံပင်ကျွတ်နှုန်းကိုနှေးစေတယ်။

ဒါပေမယ့် မီးဖွားပြီးတဲ့အခါ အက်စထရိုဂျင်ဟော်မုန်းပမာဏ ထိုးကျသွားပြီး ဆံပင်တွေကျွတ်ပါတော့တယ်။ ကလေးအသက်လေးငါးလမှာ အဆိုးဆုံးဖြစ်နိုင်ပါတယ်။ အဲဒီအချိန်မှာ ဆံပင်သန်ဆေးတွေ၊ပေါင်းဆေးတွေ ဘယ်လောက်ကောင်းကောင်းအာနိသင်ထူးခြားမှာတော့မဟုတ်ပါဘူး။ ဆံပင်အကျွတ်သက်သာအောင်သာ ကိုယ့်ဘာသာဂရုစိုက်တာပဲတတ်နိုင်ပါမယ်။

တချို့အမျိုးသမီးတွေဆို သိပ်မသိသာပေမယ့် ဆံပင်ရှည်တဲ့မေမေတွေကျ ဆံပင်ပါးလာတာ ပိုသိသာပါတယ်။ ဒါပေမယ့် ယာယီဖြစ်တတ်တဲ့သဘာဝမို့ စိတ်တွေဆင်းရဲမနေပါနဲ့ဦး။ ဒီနည်းလေးတွေလုပ်ကြည့်ရင် အဲဒီအခိုက်အတန့်ကို အလှမပျက်ဘဲကျော်ဖြတ်နိုင်မှာပါ။

ဘာတွေ လုပ်ရမလဲ

တကယ်တော့ ထူးခြားပြီးလုပ်ရမယ့်အချက်တွေမဟုတ်ပါဘူး။ ခုလိုအချိန်မှာ အားနည်းနေတဲ့ ဆံသားကျန်းမာရေးကို ပုံမှန်ထက်ပိုဂရုစိုက်ပေးဖို့ပါပဲ။

ဆံပင် ညှပ်ပါ

ဒါ့ကြောင့် မီးဖွားထားတဲ့မေမေတွေ ဆံတိုလေးတွေဖြစ်ကုန်ကြတာပါ။ ဆံပင်ပုံစံပြောင်းလို့ ပိုလှသွားနိုင်သလို ဆံပင်ရှည်ရှည်တွေခေါင်းဖြီးတိုင်း ပိုကျွတ်ရတဲ့အဖြစ်ကို ကာကွယ်နိုင်မယ်။ ကလေးတစ်ဖက်နဲ့အလုပ်ရှုပ်ချိန်မှာ ဆံပင်နဲ့ပတ်သက်ပြီးစိတ်ရှုပ်မနေရတော့ဘူး။ သိပ်တိုတာ မဟုတ်တောင် အလွယ်တစ်ချက်စည်းလို့ရတဲ့ မတိုမရှည်လောက်လည်း အဆင်ပြေပါတယ်။ အဓိကကဖြီးနေရတာ ဆံပင်ရှုပ်တာဖြစ်ရင် ပိုကျွတ်မှာစိုးလို့ဖြစ်ပါတယ်။ ဆံပင်ရှည်ရင် အဖျားရှူးနိုင်တော့ တိုသွားရင် ပိုထူသလိုလည်း ထင်ရစေပါတယ်။

ဆံသား မခြောက်သွေ့အောင် ဂရုစိုက်ပါ

ပြောချင်တာကတော့ ဆီထည့်ပါပေါ့။ ခေါင်းလျှော်ပြီးရင် သံလွင်ဆီလေးဖြစ်ဖြစ်၊ hair coat ဒါမှမဟုတ် ဆံသားအစိုဓာတ်ထိန်းမယ့် ပစ္စည်းတစ်ခုခုသုံးပါ။ ဆံပင်ပျော့ဆေးသုံးပါ။

ဆေးဆိုး၊ ဖြောင့်/ကောက်တာတွေ မလုပ်ပါနဲ့ဦး

ဆံပင်အရောင်ဆိုးတာက အလှအတွက် အဆင်ပြေနိုင်ပေမယ့် ဆံပင်ပိုကျွတ်နိုင်စေမယ့်အရာ ဘာမှထပ်မလုပ်တာအကောင်းဆုံးပါ။ ဓာတုဆေးတွေထိတဲ့အခါ ဆံသားကျန်းမာရေးအတွက် မကောင်းသလို နို့တိုက်မိခင်တွေဆို ကလေးအတွက် ဘေးကင်းအောင် ပိုပြီးတော့တောင် ရှောင်သင့်ပါတယ်။

Dryer သို့မဟုတ် ဖြောင့်/ကောက်စက် မသုံးပါနဲ့

ဆံပင်ကို dryer နဲ့အခြောက်ခံတဲ့အခါ ဒါမှမဟုတ် ဖြောင့်စက်/ကောက်စက် သုံးတဲ့အခါ ဆံသားကို အပူနဲ့ ထိတွေ့စေတဲ့အခါ ဆံပင် ပိုပါးစေပါလိမ့်မယ်။

ခပ်ကြမ်းကြမ်း မဖြီးပါနဲ့

ဘယ်လောက် အလုပ်ရှုပ်ရှုပ် ခေါင်းဖြီးတာကို အမြန်မလိုပါနဲ့။ ဆံပင် မနာအောင် ခပ်ဖွဖွ၊ အသာအယာဖြီးပါ။ တစ်နေ့ တစ်ကြိမ်၊နှစ်ကြိမ် ထက် ပိုပြီး မဖြီးပါနဲ့။

အာဟာရ ပြည့်အောင် စားပါ

ခန္ဓာကိုယ်မှာလိုအပ်သမျှ အာဟာရတွေကို ညီညွတ်မျှတအောင် စားပေးရပါမယ်။ အသား၊ ငါး၊ အသီးအရွက်နဲ့ သီးနှံ တွေကို အစုံအလင်စားပါ။ ဒီအချက်က ဆံသားအတွက်တင် မကဘဲ မိခင်နို့ကိုပါ သက်ရောက်မှု ရှိစေတာမို့ ကလေးကျန်းမာရေးအတွက်လည်း အကျိုးပြုပါတယ်။

အားဆေး သောက်ပါ

လိုအပ်လာရင် အာဟာရဆရာဝန်နဲ့တိုင်ပင်ပြီး အားဆေး သောက်သင့်သောက်ပါ။ အစာအာဟာရ ကနေ ဗီတာမင်နဲ့ သတ္တုဓာတ် တွေ လုံလောက်အောင် ရနိုင်ပါ့မလား ဆိုတာ သိဖို့ အရေးကြီးပါတယ်။ မိခင် ကျန်းမာမှ နို့စို့ကလေးက ကျန်းမာဖွံ့ဖြိုးနိုင်မှာပါ။

ဆံကေသာအလှကို ထိန်းသိမ်းနိုင်မယ့်နည်းလမ်းလေးတွေပြောပြပြီးပြီဆိုတော့ မေမေတို့ ဆံပင်တွေ ကျွတ်လို့ စိတ်ဆင်းရဲမနေနဲ့တော့နော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 05/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။