ခွဲမွေးထားတဲ့ မေမေတွေအနေနဲ့ နောက်တစ်ခါကိုယ်ဝန်ဆောင်တဲ့အခါ ဘယ်လိုမွေးရင် ကောင်းမလဲဆိုတာ ကြိုတင်ပြင်ဆင်ထားရမှာပါ။ ရှေ့တစ်ခေါက်က အကြောင်းအမျိုးမျိုးကြောင့် ခွဲမွေးလိုက်ရပေမယ့် ဒီတစ်ခေါက်မှာ ရိုးရိုးပြန်မွေး ရင် အဆင်ပြေမလားဆိုတာက တစ်ယောက်ချင်းစီအပေါ်မှာ မူတည်ပါတယ်။ သားအိမ်မှာ အမာရွတ်တစ်ခုရှိပြီးသား ဖြစ်တဲ့အတွက် နောက်တစ်ခါမွေးရင် ဒီအမာရွတ်ကိုပါ ထည့်စဉ်းစားရတော့မှာပါ။
ရိုးရိုးပြန်မွေး ရန် စမ်းသပ်ခြင်း
အရင်ကတော့ ခွဲမွေးပြီး ရိုးရိုးပြန်မွေး တာကို Vaginal birth after cesaren (VBAC)လို့ ခေါ်ပါတယ်။ နောက်ပိုင်းကျတော့ ဒီတိုင်း မွေးတာမဟုတ်တော့ဘဲ စမ်းပြီး မွေးကြည့်တာဖြစ်တဲ့အတွက် Trial of labor after cesarean (TOLAC) လို့ ခေါ်ကြပါတယ်။ ဆိုလိုတာက ရိုးရိုးမွေးကြည့်ပြီး မရဘူး။ အခြေအနေတစ်ခုခု ပေါ်လာတယ်ဆိုရင် အရေးပေါ် ခွဲမွေးရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒါကို ပစ္စည်းကိရိယာ ပြည့်စုံတဲ့ ဆေးရုံကြီးတွေမှာပဲ လုပ်ပေးတာဖြစ်ပါတယ်။ ပစ္စည်းမပြည့်စုံဘဲ လူအင်အားနည်းတဲ့ နေရာတွေမှာ ဆိုရင်တော့ ခွဲပြီးပဲ မွေးပေးလိုက်ပါတယ်။
ဘာလို့ ခွဲမွေးပြီးမှ ရိုးရိုးပြန်မွေး ဖို့ စီစဉ်ရတာလဲ။
- နောက်ထပ်ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိနေတာ
ကလေးများများယူဖို့ အစီအစဉ်ရှိတယ်ဆိုရင် ခဏခဏ ခွဲမွေးတာက အဆင်မပြေပါဘူး။ ခဏခဏ ခွဲမွေးရင် အမာရွတ်မှာ အချင်းကပ်တာ ဖြစ်တတ်လို့ပါ။ ဒါကြောင့် ရိုးရိုးပြန်မွေးတာပါ။
- ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးကို ရှောင်လွှဲချင်တာ
ကလေးခွဲမွေးတာက တခြားခွဲစိတ်နည်းတွေလိုပဲ အနည်းနဲ့ အများတော့ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ ရိုးရိုးမွေးမယ်ဆိုရင် ခွဲမွေးတဲ့အချိန်မှာ ကြုံရနိုင်တဲ့ သွေးထွက်များတာ၊ ပိုးဝင်တာ၊ သွေးခဲပိတ်တာ၊ ဘေးနားက အူတို့၊ ဆီးအိမ်တို့ ထိတာကို ကာကွယ်နိုင်ပါတယ်။
- မြန်မြန်နာလန်ထူချင်တာ
ရိုးရိုးမွေးတာက ဘာပြဿနာမှ မရှိရင် ၂၄နာရီလောက်ပဲ ဆေးရုံမှာ နေရပါတယ်။ တိုးတက်နေတဲ့ နိုင်ငံတွေမှာ ဆိုရင် မနက်မွေး ညနေပေးဆင်းတဲ့အထိ ဖြစ်နေပါပြီ။ ခွဲမွေးတာထက်စာရင်တော့ အိမ်မြန်မြန်ပြန်ရတာ အမှန်ပါပဲ။
- မိခင်ရဲ့ ရွေးချယ်မှု
ပထမကိုယ်ဝန်မှာတည်းက မိခင်က ရိုးရိုးမွေးချင်တာ အကြောင်းတစ်ခုခုကြောင့် (ဥပမာ ရေမြွာရည် နောက်နေလို့) ခွဲမွေးလိုက်ရတာမျိုး ရှိပါတယ်။ ဒီတစ်ခါတော့ ရိုးရိုးပြန်မွေး လို့ရရင် မွေးမယ်ဆိုပြီး မိခင်ရဲ့ ဆန္ဒကြောင့်ပါ။
ဘယ်လိုမိခင်တွေက ရိုးရိုးပြန်မွေးလို့ ရနိုင်လဲ။
- ခုကိုယ်ဝန်မှာ တစ်ယောက်တည်း ကိုယ်ဝန်ဆောင်ထားပြီး (ဆိုလိုတာ အမြွာကိုယ်ဝန်မဟုတ်) အရင်က တစ်ခါ ဒါမှမဟုတ် နှစ်ခါပဲ ခွဲမွေးထားသူတွေ၊ မွေးထားတဲ့ ခွဲကြောင်းကလည်း သားအိမ်အောက်ပိုင်းမှာ ကန့်လန့်ဖြတ်ခွဲကြောင်း ဖြစ်ရပါမယ်။
- ခုကိုယ်ဝန်မှာ တစ်ယောက်တည်း ကိုယ်ဝန်ဆောင်ထားပြီး ရှေ့မှာ တစ်ခါ ဘာမှန်းမသိတဲ့ ခွဲကြောင်းနဲ့ ဗိုက်ခွဲထားသူတွေ (ဘာမှန်း မသိဘူး ဆိုပေမယ့် ဒေါင်လိုက်ခွဲထားတယ်လို့ သံသယရှိရင်တော့ မရပါဘူး)
ဒိလိုဆိုတော့ အမြွာမေမေတွေက ရိုးရိုးပြန်မွေးလို့ မရဘူးလား။ လက်ရှိမှာ အမြွာကိုယ်ဝန်ဆောင်ထားပေမယ့် အရင်က အောက်ပိုင်းကန့်လန့်ခွဲကြောင်းနဲ့ တစ်ခါပဲ ခွဲမွေးထားဖူးရင် ရပါတယ်။
ဒါက ကိုယ်ဝန်နဲ့ ခွဲကြောင်းပေါ် အခြေခံပြီး ပြောတာပဲ ဖြစ်ပါတယ်။ တခြားအချက်တွေ ထည့်စဉ်းစားဖို့ လိုပါသေးတယ်။
ရိုးရိုးပြန်မွေး လို့ ရကြောင်း အကောင်းဆုံး အထောက်အထားကတော့ ရှေ့မှာ ရိုးရိုးပြန်မွေးဖူးတာပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ပထမကိုယ်ဝန် ခွဲမွေးပြီး ဒုတိယကိုယ်ဝန်ကို ရိုးရိုးပြန်မွေးတာပါ။ ဘာပြဿနာမှ မရှိခဲ့ရင် ခုကိုယ်ဝန်ကိုလည်း ရိုးရိုးပြန်မွေးလို့ရနိုင်ခြေ များပါတယ်။
ရိုးရိုးပြန်မွေးဖို့ မသင့်တော်တဲ့ မိခင်များ
- ရှေ့အခေါက်က ဒေါင်လိုက်ခွဲကြောင်းနဲ့ ခွဲမွေးထားတဲ့သူတွေ
- ရှေ့အခေါက်က ဘာခွဲကြောင်းနဲ့ မွေးလိုက်လဲ မသိပေမယ့် ဒေါင်လိုက်ခွဲကြောင်းဖြစ်နိုင်တယ်လို့ ယူဆထားရင်
- အရင်က ခွဲကြောင်းပြဲပြီး သားအိမ်ကွဲဖူးရင်
- ကလေးမွေးတာမဟုတ်ဘဲ သားအိမ်ခွဲစိတ်မှု လုပ်ဖူးရင် (ဥပမာ သားအိမ်အသားလုံး ခွဲစိတ်တာ) ရိုးရိုးပြန်မွေး ဖို့ မသင့်တော်ပါဘူး။
ဒါ့ပြင် ၂ခါနဲ့ အထက် ခွဲမွေးဖူးပြီး ရိုးရိုးမမွေးဖူးရင် ဒါမှမဟုတ် BMI 50ကျော် (အဝလွန်)နေတဲ့ ကိုယ်ဝန်ဆောင်တွေ ရှေ့အကြိမ်တွေမှာ ခွဲမွေးပြီး တစ်ခါမှ ရိုးရိုးမမွေးဖူးရင် ရိုးရိုးပြန်မွေးဖို့ မလွယ်လှပါဘူး။ အမြွာကိုယ်ဝန်ဆောင်ထားရင်လည်း ရိုးရိုးပြန်မွေး ဖို့ မလွယ်ပါဘူး။
ဒါ့ပြင် အောက်ပါ အချက်တွေရှိရင်လည်း ရိုးရိုးပြန်မွေးဖို့ မသင့်တော်ပါဘူး။
- အစမ်းမွေးနေချိန်မှာ ညှစ်အား တဖြည်းဖြည်း ကျလာတာ
- အမေက အသက်ကြီးနေတာ
- ကိုယ်ဝန်အပတ် ၄၀ထက် ကျော်နေတာ
- BMI 40ကျော်
- ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် အဆမတန် တက်လာတာ
- ကိုယ်ဝန်ဆိပ်တက်တာ
- ရှေ့ကိုယ်ဝန်နဲ့ တစ်နှစ်ခွဲပဲ ခြားတာ
- အရင်က ၂ခါနဲ့အထက် ခွဲမွေးဖူးပြီး တစ်ခါမှ ရိုးရိုး မမွေးဖူးဘူးဆိုရင်
- သားအိမ်ခေါင်း မပွင့်တာကြောင့် ဆေးထည့်ပြီး မွေးဖို့ လှုံ့ဆော်နေရရင်လည်း ရိုးရိုးမွေးဖို့ မလွယ်ပါဘူး။
ခွဲမွေးပြီးမှ ရိုးရိုးပြန်မွေး မယ်ဆိုရင် ဘာတွေ ဖြစ်နိုင်သလဲ။
အောင်အောင်မြင်မြင်နဲ့ ရိုးရိုးမွေးလိုက်နိုင်ရင် ကောင်းပေမယ့် အခန့်မသင့်ရင် အောက်ပါဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ရှားပေမယ့် ဖြစ်တတ်တာက သားအိမ်ကွဲတာပါ။ အရင်ခွဲထားတဲ့ ခွဲကြောင်းအမာရွတ်ပြဲပြီး သားအိမ်ကွဲတတ်ပါတယ်။ ဒါက အခန့်မသင့်ရင် သားအိမ်ကို လုံးဝထုတ်ပစ်ရနိုင်ပါတယ်။ ဒါဆိုရင် နောက်ထပ်ကိုယ်ဝန်ဆောင်လို့ မရတော့ပါဘူး။
ဒါကြောင့် အစမ်းမွေးကြည့်ပြီး မရရင် တန်းပြီး ခွဲခန်းဝင်ပြီး ခွဲမွေးတာပါ။ ရိုးရိုးပြန်မွေးတယ်ဆိုပေမယ့် အခန့်မသင့်ရင် ခွဲမွေးလိုက်ရနိုင်တယ်ဆိုတာကို လူနာအနေနဲ့ သိထားဖို့ လိုပါတယ်။
ခွဲမွေးပြီး ရိုးရိုးပြန်မွေး လို့ ရမရဆိုတာက တစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးအခြေအနေ၊ လက်ရှိ ကိုယ်ဝန်အခြေအနေနဲလည်း ဆိုင်တာကြောင့် ကိုယ်ဝန်မယူခင်တည်းက ဘယ်လိုမွေးလို့ရမလဲဆိုတာကို ဆရာဝန်နဲ့ ကြိုတိုင်ပင်ထားတာ အကောင်းဆုံးပါပဲ။
[embed-health-tool-due-date]