backup og meta

ကိုယ်ဝန်ယူရန် ပြင်ဆင်သင့်သော အချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 13/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ယူရန် ပြင်ဆင်သင့်သော အချက်များ

    ကိုယ်ဝန်ယူရန် ပြင်ဆင်တယ်ဆိုတာက ကလေးယူမယ်လို့ ဆုံးဖြတ်ထားတဲ့ စုံတွဲတိုင်း လုပ်သင့်တဲ့ ကိစ္စပါ။ ကလေးလေးကို ကျန်းကျန်းမာမာနဲ့ ကိုယ်ဝန်ဆောင်နိုင်ဖို့၊ အခက်အခဲမရှိ မွေးဖွားနိုင်ဖို့ သန္ဓေမတည်ခင်တည်းက စီစဉ်ထားသင့်ပါတယ်။ ကိုယ်ဝန်ယူရန် ပြင်ဆင်သင့်သော အချက်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    ကိုယ်ဝန်ယူရန် ပြင်ဆင်သင့်သော အချက်များ

  • ကိုယ်ဝန်ယူရန် ဆရာဝန်နဲ့ ဆွေးနွေးပါ။

  • ကိုယ်ဝန်မဆောင်ခင်မှာ ကျန်းမာရေးစစ်ဆေးချက်တွေ ကြိုတင်လုပ်ဆောင်ထားသင့်ပါတယ်။ အနည်းဆုံး တစ်နှစ်လောက်ကြိုပြီး စစ်ဆေးသင့်ပါသည်။ ကိုယ်ရဲ့ နဂိုရှိရင်းစွဲ ကျန်းမာရေး အခြေအနေက ကိုယ်ဝန်ကို မထိခိုက်ဖို့၊ လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးထားဖို့၊ အားဆေးတွေ သောက်ထားဖို့ ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်သင့်ပါတယ်။

    ဒါ့ပြင် ကိုယ့်ရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်နိုင်တဲ့ ရောဂါတွေ ရှိမရှိဆိုတာကိုလည်း စုံတွဲလိုက် စစ်ဆေးသင့်ပါတယ်။ ဥပမာ မျိုးပွားဟော်မုန်းတွေ ပုံမှန်ဟုတ်ရဲ့လား၊ သုက်ကောင်တွေ ကျန်းမာရဲ့လား စတာတွေပါ။

    • သန္ဓေတားဆေးတွေ ရပ်ပါ။

    ကိုယ်ဝန်တားဖို့ သောက်ဆေးသောက်နေသူဆိုရင်  ပုံမှန်အတိုင်း ရာသီသွေးပေါ်ဖို့ ဆေးဖြတ်ပြီး ၂ ပတ်ခန့်အထိ နောက်ကျနိုင်ပါတယ်။

    Progestrone ထိုးဆေးများ (ကြာရှည်ခံ သန္ဓေတားဆေးများ) ကတော့ ဆေးရပ်ပြီး ပုံမှန်ရာသီစက်ဝန်း ပြန်ရောက်ရှိဖို့ အချိန်ပိုကြာတတ်ပါတယ်။ လေ့လာမှုများအရ အမျိုးသမီးတွေက ၅၀% က ထိုးဆေးရပ်ပြီး ၇ လခန့်ကြာမှသာ ကိုယ်ဝန်ရကြောင်း တွေ့ရသည်။ တချို့တွေမှာတော့ ကလေးပြန်ရဖို့ နှစ်ပေါက်အောင် စောင့်ရတတ်ပါတယ်။

    • ကာကွယ်ဆေးများ ထိုးထားပါ။

    ကိုယ်ဝန်ယူရန် ပြင်ဆင်သင့်သော အချက်ထဲမှာ ကာကွယ်ဆေးထိုးတာလည်း ပါပါတယ်။ ရေကျောက်၊ ဂျိုက်သိုးလိုမျိုး ရောဂါတွေက ဗိုက်ထဲက ကလေးကို အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ရောဂါဖြစ်ဖူးလားဆိုတာကို သိဖို့ antibodies (ပဋိပစ္စည်း)ကို စစ်ဆေးနိုင်သလို လိုအပ်ရင် ကာကွယ်ဆေးတွေလည်း ထပ်ထိုးရနိုင်ပါတယ်။

    ပိုးအရှင်နဲ့ လုပ်ထားတဲ့ ကာကွယ်ဆေးတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ မထိုးသင့်တဲ့အတွက် ကိုယ်ဝန်မယူခင်မှာ ပြီးပြည့်စုံအောင် ထိုးထားပါ။

    • ရောဂါအခံတွေကို သေချာကုသထားပါ။

    ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အရေပြားလေးဖက်နာ၊ ရင်ကျပ်ပန်းနာရောဂါလိုမျိုး နာတာရှည်ရောဂါတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ပိုဆိုးတတ်ပါတယ်။ ကိုယ်ဝန်ယူမယ်ဆို ဒီရောဂါတွေကို သေချာထိန်းထားပါ။ ရောဂါအတွက် သောက်နေတဲ့ ဆေးတွေကိုလည်း ကိုယ်ဝန်ကို မထိခိုက်စေဖို့ ပြောင်းထားပါ။

    • သောက်နေတဲ့ ဆေးဝါးတွေအကြောင်း ဆရာဝန်ကို ပြောပြပါ။

    ဖြည့်စွက်အားဆေးတွေ၊ စွဲသောက်နေတဲ့ ဆေးတွေ၊ ဆေးဖက်ဝင်အပင်တွေနဲ့ တိုင်းရင်းဆေးတွေ သောက်နေမယ်ဆိုရင် ဆရာဝန်ကို ပြောပြပါ။ တချို့ဆေးတွေက ကိုယ်ဝန်ရဖို့ ခက်စေတာ ဒါမှမဟုတ် ကလေးကို ထိခိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ သောက်နေတဲ့ ဆေးတွေအပေါ်မူတည်ပြီး ဆရာဝန်က ဆေးပမာဏ ပြောင်းလဲတာ၊ ဆေးအမျိုးအစား ပြောင်းလဲတာ၊ ဆေးရပ်တာတွေကို လိုအပ်သလို ပြုလုပ်ပေးပါလိမ့်မယ်။

    • အရက်၊ ဆေးလိပ်သောက်ခြင်း ရှောင်ကြဉ်ပါ။

    အရက်နဲ့ ဆေးလိပ်တွေက ကလေးယူမယ့် အမျိုးသားမှာရော အမျိုးသမီးမှာပါ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ကလေးရှိတာကို မသိလိုက်ဘဲ ဆေးလိပ်သောက်တာ၊ အရက်သောက်တာက ကလေးပျက်တာ၊ မွေးရာပါ ချို့ယွင်းချက်ပါတာ၊ လမစေ့ပေါင်မပြည့်ဘဲ မွေးတာတွေကို ဖြစ်စေပါတယ်။

    • လိင်မှတဆင့် ကူးစက်ရောဂါများနဲ့ ကူးစက်ရောဂါများ ရှိမရှိစစ်ဆေးပါ။

    လိင်မှတဆင့်ကူးစက်နိုင်သောရောဂါတွေက မျိုးအောင်ခြင်းကို ထိခိုက်ရုံသာမက သင်နဲ့ သင့်ကလေးကို ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးဆိုးကျိုးများ ဖြစ်စေနိုင်ပါတယ်။ HIV၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးတွေဆိုရင် ကလေးဆီကိုပါ ကူးစက်သွားနိုင်ပါတယ်။

    ဒါကြောင့် ကိုယ်ဝန်မယူခင်မှာ သင်ရော၊ သင့်အိမ်ထောင်ဖက်ရော ဒီလိုကူးစက်နိုင်တဲ့ ရောဂါတွေ ရှိမရှိဆိုတာ စစ်ဆေးပါ။ လိင်ကတဆင့်ကူးစက်ရောဂါတွေ ဆိုရင်တော့ သေချာပျောက်ကင်းအောင် ကုသလိုက်ပါ။ HIV၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးတို့ ဆိုရင်တော့ ကလေးဆီမရောက်အောင် ဘယ်လိုကာကွယ်မလဲဆိုတာကို ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေးပါ။

    Key takeaways

    ကျန်းကျန်းမာမာနဲ့ ကိုယ်ဝန်ဆောင်နိုင်ဖို့၊ ကျန်းမာတဲ့ ကလေးလေးမွေးဖို့ဆိုတာ ကြိုတင်ပြင်ဆင်ရပါတယ်။ ကိုယ်တိုင်လိုက်နာရမယ့်အချက်တွေရော၊ ဆေးပညာပိုင်းဆိုင်ရာ ကုသမှုတွေကို သေသေချာချာ လိုက်နာမှသာ အန္တရာယ်ကင်းကင်းနဲ့ ကိုယ်ဝန်ဆောင်နိုင်မှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 13/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement