စိတ်ဖိစီးလို့ ကလေးရဖို့ခက်၊ ကလေးမရလို့ စိတ်ဖိစီးပြီး သံသရာလည်နိုင်ပါသေးတယ်၊၊
ဒါကြောင့် စိတ်ဖိစီးမှုတွေကို နည်းမှန်လမ်းမှန်နဲ့ လျှော့ချဖို့ လိုလာပါပြီ၊၊
ကံကောင်းတာက စိတ်ဖိစီးမှုကြောင့် သုက်ရည်အရည်အသွေးထိခိုက်တာက ယာယီပဲဖြစ်ပြီး စိတ်ဖိစီးမှုတွေ ပြန်သက်သာရင် သုက်ရည်အရည်အသွေးလည်း ပြန်တက်လာပါတယ်၊၊ နာတာရှည်စိတ်ဖိစီးမှု မဖြစ်ဖို့၊ ခဏခဏ စိတ်ဖိစီးတဲ့ ဒဏ်မခံရဖို့တော့ လိုပါတယ်၊၊
နည်းမှန်လမ်းမှန်နဲ့ စိတ်ဖိစီးမှု လျှော့ချနိုင်ဖို့
- ရိုးရှင်းလွယ်ကူတာတွေနဲ့ စလိုက်ပါ၊၊
အချိန်မှန်စား၊ အချိန်မှန်အိပ်၊ လှုပ်လှုပ်ရှားရှားနေတာက စိတ်ဖိစီးမှုကို သက်သာစေသလို ကိုယ်ကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်ပါတယ်၊၊ ဒီစကားတွေက အမြဲတမ်းကြားနေရလို့ ရိုးစင်းတယ်လို့ ခံစားရနိုင်ပေမယ့် ထိရောက်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်၊၊
- စိတ်ဖိစီးမှုတွေကို ရှင်းထုတ်ပါ၊၊
အတွေးထဲမှာ စိတ်ဖိစီးစေတဲ့ အကြောင်းတွေကိုပဲ တွေးနေမိပြီဆိုရင် အချိန်တိုင်းမှာ စိတ်ပင်ပန်းနေမှာပါ၊၊ ဒါကြောင့် လက်ရှိကို အာရုံစိုက်စေတဲ့ Mindfulness techniques တွေကို သုံးနိုင်ပါတယ်၊၊ တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ စတာတွေနဲ့ စကြည့်ပါ၊၊ စစချင်းမှာ စိတ်လွင့်နေလို့ ခက်ခဲနေပါလိမ့်မယ်၊၊ ဇွဲရှိရှိ လုပ်သွားရင် စိတ်ဖိစီးမှုတွေ အတွေးထဲက ထွက်သွားမှာပါ၊၊
အထူးသဖြင့်တော့ ကလေးရဖို့ ကြိုးစားရင်းနဲ့ မရသေးလို့ စိတ်ဖိစီးနေတဲ့ အတွဲတွေအတွက်ပါ၊၊ ကြိုးစားနေပေမယ့် မရတဲ့အခါကျတော့ စိတ်ပင်ပန်းလာတာ၊ အိမ်ထောင်ရေး အဆင်မပြေတာတွေ ဖြစ်လာနိုင်ပါတယ်၊၊ ဒီတော့ ခဏလောက် ခရီးသွား၊ သေချာအနားယူပြီးမှ ပြန်ကြိုးစားပါ၊၊
စိတ်ဖိစီးမှုဆိုတာလည်း ဝေဒနာတစ်ခုဖြစ်တဲ့အတွက် ကိုယ့်ဘာသာ သက်သာအောင် ကြိုးစားလို့ မရရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်၊၊ စိတ်ဖိစီးမှုက ကလေးရနိုင်တာကို ထိခိုက်စေတာတင် မဟုတ်ဘဲ ရေရှည်မှာ တခြားကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်လို့ပဲ ဖြစ်ပါတယ်၊၊