ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာ (၉)ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Aung Myat Thu မှ ရေးသားသည်။ · 05/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာ (၉)ခု

    သင်မှာ ကိုယ်ဝန်ရှိနေတယ်လို့ ထင်ပါသလား။ အမျိုးသမီးများမှာ ကိုယ်ဝန်ရှိခြင်း ဖြစ်စဉ်က တစ်ယောက်နဲ့ တစ်ယောက်မတူညီပါ။ ပထမကိုယ်ဝန်နဲ့ နောက်ကိုယ်ဝန်မှာတောင် ဟော်မုန်းပြောင်းလဲခြင်းကြောင့် မတူညီနိုင်ပါ။ ဒါကြောင့် ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာ (၉)ခု ကို ပြောပြပေးချင်ပါတယ်။

    ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာ (၉)ခု ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာ (၉)ခု

    ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာ (၉)ခု က ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

    ၁။ ရင်သားနာကျင်ခြင်း။

    ရင်သားများ ကိုက်ခဲနာကျင်တတ်ခြင်းက ကိုယ်ဝန်ရဲ့ ရှေ့ဦးလက္ခဏာတစ်ခု ဖြစ်ပါတယ်။ ရင်သားထိပ်နားတဝိုက် ဧရိယာ ပိုကြီးလာခြင်း၊ ပိုမည်းလာခြင်းနဲ့ ပိုလေးလံလာခြင်းတို့ကို ခံစားရတတ်ပါတယ်။ ဒီလို ဖြစ်ရတာက ပရိုဂျက်စတရုန်းဟော်မုန်းပမာဏ ပိုများလာတာကြောင့် ဖြစ်ပါတယ်။

    အခြားအကြောင်းရင်းတစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က ရေဓာတ်ကို ပိုမိုသိမ်းဆည်းထားတတ်တာကြောင့် ဖြစ်ပါတယ်။ ဒါက ရင်သားကိုတင်းပြီး နာကျင်စေပါတယ်။ ဒါကြောင့် ရင်သားကို ကောင်းကောင်း ထောက်ပံ့နိုင်တဲ့ အတွင်းခံကို ဝတ်ဆင်သင့်ပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်းပြုလုပ်ချိန်မှာပါ။

    ၂။ မောပန်းခြင်း။

    Progestrone ဟော်မုန်းပမာဏများတာက ရင်သားများကို နာကျင်စေရုံသာမက အချို့သော အမျိုးသမီးများတွင် ပထမ ၃ လပတ်အတွင်း အလွန်မောပန်းစေတတ်ပါတယ်။ အထူးသဖြင့် သန္ဓေအောင်ပြီး တစ်ပတ်အကြာကစပြီး ပုံမှန်မဟုတ်တဲ့ မောပန်းခြင်းကို ခံစားရတတ်ပါတယ်။

    ဒီလို မောပန်းခြင်းက ကိုယ်ဝန်ရှိခြင်းနဲ့ ဆက်စပ်နေလေ့ရှိပြီး ကောင်းကောင်းအနားယူရန် လိုအပ်ပါတယ်။ အသားဓာတ်နဲ့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက မောပန်းခြင်းကို သက်သာစေနိုင်ပါတယ်။

    ၃။ စိတ်အပြောင်းအလဲဖြစ်ခြင်း။

    ကိုယ်ဝန်အစောပိုင်းမှာ စိတ်ခံစားချက်များ ပြောင်းလဲတတ်ပါတယ်။

    စိတ်ဖိစီးမှုများခြင်း (သို့) အလွန်အကျွံ စိတ်ခံစားတတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ဟော်မုန်းပမာဏ သိသာစွာပြောင်းလဲတာကြောင့် စိတ်ခံစားချက်ကို ထိန်းချုပ်တဲ့ အာရုံကြောပိုင်းဆိုင်ရာ ဆက်သွယ်ချက်ပစ္စည်းပမာဏ ကျဆင်းသွားတာကြောင့် ဖြစ်ပါတယ်။

    စိတ်အပြောင်းအလဲဖြစ်ခြင်းများက ကိုယ်ဝန်ဆောင်ပထမ ၃ လပတ်နဲ့ မီးဖွားရန် ပြင်ဆင်ရပြီဖြစ်တဲ့ တတိယ ၃ လပတ်တို့မှာ ဖြစ်တတ်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင် ၁၄ ပတ် မှ ၁၆ ပတ်ထိ မသက်သာရင် သားဖွားမီးယပ်ဆရာဝန် (သို့) သူနာပြုဆရာမနဲ့ တိုင်ပင်သင့်ပါတယ်။

    ၄။ ခေါင်းကိုက်ခြင်း။

    အချို့သော အမျိုးသမီးများက ကိုယ်ဝန်အစောပိုင်းမှာ ခေါင်းမူးခြင်း (သို့) ရီဝေဝဖြစ်ခြင်းတို့ကို ခံစားရတတ်ပါတယ်။ အချို့မှာ ဖြူဖျော့ဖျော့ ဖြစ်သွားတတ်ပါတယ်။

    ဒီလိုဖြစ်ရတာက ဟော်မုန်းအပြောင်းအလဲ (သို့) သွေးပေါင်ကျခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ သွေးတွင်း သကြားဓာတ်လျော့နည်းတာကြောင့်ဆိုရင်တော့ တစ်နေ့တာအတွင်း အစာကို နည်းနည်းနဲ့ ခဏခဏ စားပေးပါ။

    ၅။ မူးဝေခြင်း။

    ကိုယ်ဝန်ဆောင်ချိန် ခေါင်းမူးခြင်းက ဘယ်အချိန်မှာမဆို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မနက် အစောပိုင်းမှာ ပိုအဖြစ်များပါတယ်။ အမျိုးသမီးတိုင်းတော့ မဖြစ်တတ်ပါဘူး။ ဖြစ်ရတဲ့ အကြောင်းရင်းအတိအကျကိုလည်း မသိကြသေးပါဘူး။ ကိုယ်ဝန်ဆောင်ချိန်တွင်း ထွက်ပေါ်တဲ့ ဟော်မုန်းများကြောင့်လို့ ယူဆထားကြပါတယ်။

    ဒီလက္ခဏာတွေက ကိုယ်ဝန် ၁၂ ပတ်မှ ၁၆ ပတ်ကြာရင် ပျောက်ကွယ်သွားတတ်ပါတယ်။ မူးဝေတာ သက်သာစေဖို့ အစာကို နည်းနည်းနဲ့ ခဏခဏစားပေးတာ၊ အသားဓာတ်ကြွယ်ဝတဲ့ အစားအစာများကို စားပေးပါ။ ရေဓာတ်ပြည့်ဝအောင် သောက်တာကလည်း သက်သာစေပါတယ်။

    ၆။ အစာစားလိုစိတ် ပြောင်းလဲခြင်း

    အချို့သောအမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ အနံ့အာရုံကို ပြင်းထန်စွာ ခံစားတတ်လာကြပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် ပထမ ၃ လပတ်မှာ အချို့သော အစားအစာများကို မစားနိုင်ကြခြင်း၊ (သို့) အချို့က ထူးဆန်းသော အရသာများကို ရရှိတတ်ကြပါတယ်။ ဥပမာ- ပါးစပ်အတွင်း ဘာစားစား သတ္တုအရသာ ရနေခြင်း။

    ကျန်းမာတဲ့ ရင်သွေးလေး မွေးလာစေဖို့ အစားအစာကို အလုံအလောက်စားဖို့ လိုပါတယ်။ ကိုယ်ဝန်ဆောင်ချိန် သောက်သုံးရတဲ့ ဗီတာမင်များကို သောက်သုံးတာကလည်း မွေးရာပါ ချို့ယွင်းချက်များကို ကာကွယ်နိုင်ပြီး အာဟာရလည်း ပြည့်ဝစေပါတယ်။

    ၇။ ဆီးခဏခဏသွားခြင်း။

    သန္ဓေအောင်ပြီး ၆ ပတ် (သို့) ၈ ပတ်ဝန်းကျင်မှာ ဆီးခဏခဏ သွားတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကျောက်ကပ်က ဆီးပိုပြီး ဖြစ်စေပါတယ်။ တဖြည်းဖြည်း ကြီးလာတဲ့ သားအိမ်က ဆီးအိမ်ကို ဖိလာတာကြောင့် ဆီးခဏခဏ သွားရတတ်ပါတယ်။ ဒီလို အိမ်သာခဏခဏသွားရတာကို ဆီးပိုးရှိတယ်လို့ ယူဆပြီး ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေးများ မသောက်သင့်ပါ။

    ၈။ သွေးဆင်းခြင်းနဲ့ ဓမ္မတာကိုက်ခဲခြင်း

    ပုံမှန်ရာသီလာရက်ထက် အနည်းငယ်စောပြီး ဓမ္မတာကိုက်ခဲခြင်းနဲ့ သွေးအနည်းငယ်ဆင်းခြင်းတို့ ဖြစ်ခြင်းက သန္ဓေအောင်မျိုးဥလေး သားအိမ်နံရံကို ကပ်တွယ်တာကြောင့် ဖြစ်နိုင်ပါတယ်။ (သန္ဓေအောင်ပြီး ၆ ရက်မှ ၁၂ ရက်အတွင်း) သွေးဆင်းခြင်းအပြင် မိန်းမကိုယ်မှ အဖြူဆင်းခြင်းသည်လည်း ဖြစ်တတ်ပါတယ်။

    အဖြူဆင်းခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တလျှောက်လုံး ဖြစ်နိုင်ပါတယ်။ ဘေးအန္တရာယ်မဖြစ်ပါ၊ ကုသရန်လည်း မလိုအပ်ပါ။ ဒါပေမယ့် အနံ့အသက်မကောင်းတာ၊ ယားယံတာတွေ ခံစားရရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။

    ၉။ ရာသီသွေးမပေါ်ခြင်း။

    ရာသီသွေးမပေါ်ခြင်းက ကိုယ်ဝန်ရဲ့ သိသာထင်ရှားသော အစောပိုင်းလက္ခဏာဖြစ်ပါတယ်။ ဒါပေမယ့် ရာသီသွေးမပေါ်တိုင်း ကိုယ်ဝန်ရှိတာကြောင့် ဟုတ်ချင်မှ ဟုတ်မှာပါ။ ကိုယ်အလေးချိန်တက်လာတာ (သို့) ကျသွားတာ၊ ဟော်မုန်းပြဿနာများ၊ မောပန်းနွမ်းနယ်ခြင်းနဲ့ စိတ်ဖိစီးမှုများလိုမျိုး ပြဿနာများကလည်း ရာသီသွေးမပေါ်ခြင်းကို ဖြစ်စေနိုင်ပါတယ်

    ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်က ခုပြောခဲ့တဲ့ လက္ခဏာများအားလုံးဖြစ်စေ၊ တစ်ခု၊ နှစ်ခုကိုဖြစ်စေ ခံစားရတတ်ပါတယ်။ သေချာတဲ့ နည်းလမ်းကတော့ ကိုယ်ဝန်ရှိမရှိဆီးစစ်ခြင်းနဲ့ ကွန်ပြူတာဓာတ်မှန် (Ultrasound) ရိုက်ခြင်းပဲ ဖြစ်ပါတယ်။

    တကယ်လို့ အခြားသိလိုတဲ့ မေးခွန်းတွေရှိရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခြင်းက သင့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Aung Myat Thu မှ ရေးသားသည်။ · 05/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement