home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ပျင်းလည်းပျင်းတယ်၊ ဝိတ်လည်းကျချင်တယ်ဆိုရင်

ပျင်းလည်းပျင်းတယ်၊ ဝိတ်လည်းကျချင်တယ်ဆိုရင်

ဝိတ်ချမယ်ဆိုရင် ပထမဆုံးပေါ်လာတတ်တာက အားကစားလုပ်မယ် Gym သွားမယ်၊ အစားလျှော့ စားမယ် စတာတွေပေါ့။ ဒါပေမယ့် ဒါတွေကို တစိုက်မတ်မတ် ပြုလုပ်ပြီး ဝိတ်ချဖို့ ဆိုရင်တော့ ဇွဲနဘဲကြီးကြီးနဲ့ ရေရှည်လုပ်သွားနိုင်ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင်တော့ ‌ရေတက်ငါးဇင်ရိုင်းလိုပဲ ခဏတာလေးနဲ့ မဆော့လိုက်ရဘဲ ပေးလိုက်ရတဲ့ Gym ခတွေ၊ မသုံးဘဲ ဖုန်တက်နေတဲ့ တစ်ကိုယ်ရေအားကစားစက်တွေပဲ အဖတ်တင်ပါမယ်။

ဒီတော့ ကိုယ်တွေလို ပျင်းတဲ့လူတွေအတွက် မပင်ပန်းဘဲ သက်သက်သာသာနဲ့ ဝိတ်ကျစေတဲ့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အပန်းလည်း မကြီးဘူးဆိုတော့ ရေရှည် မလုပ်နိုင်မှာကိုလည်း ပူစရာမလိုတော့ဘူးပေါ့နော်။

(၁) အစားစားရာမှာ နည်းနည်းချင်းစီ ခဏခဏခွဲစားပါ။

ထည့်လာတဲ့ ထမင်းဘူးကို တစ်ခါတည်း အကုန်မစားဘဲ ခဏခဏထုတ်စားတာ (ဒါမှမဟုတ်) ဆိုင်မှာဝယ်စားတာဆိုရင်လည်း ပမာဏနည်းနည်းနဲ့ ခဏခဏ စားပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ် ဇီဝကမ္မ ချေဖျက်နှုန်း လို့ခေါ်တဲ့ (BMR) တက်လာပြီး စားသလောက် ဝိတ်မတက်ဘဲ ဝိတ်ကျလာမှာပါ။

စားလိုက်တဲ့အစာတွေကို ချေဖျက်ဖို့အတွက် ခန္ဓာကိုယ်ကစွမ်းအင် (ကယ်လိုရီ) သုံးရပါတယ်။ အထက်ပါနည်းအတိုင်း ခဏခဏ အကြိမ်‌ရေ များများစားခြင်းက စွမ်းအင်များများ အသုံးပြုအောင် လှုံ့ဆော်တဲ့အတွက် စားလိုက်တဲ့ ကယ်လိုရီတွေဟာ အဆီအဖြစ် အဖတ်မတင်တော့ဘဲ လောင်ကျွမ်းမှုအား ကောင်းလာပါတော့တယ်။

ဒီနည်းလမ်းဟာဆိုရင် ဝိတ်လည်းကျချင်တယ်။ အစားလည်း မလျှော့နိုင်တဲ့ သူတွေအတွက် အထူး သင့်တော်မှာပါ။

(၂) ရေများများသောက်ပါ။

ရေများများသောက်ခြင်းဟာ ပြောမကုန်နိုင်တဲ့ ကောင်းကျိုးတွေ ရစေနိုင်တာကို အနည်းနဲ့ အများသိထားပြီးသားဖြစ်မှာပါ။

ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေမယ်ဆိုရင်တော့ ခန္ဓာကိုယ်ယန္တရားကို ကောင်းမွန်စွာ လည်ပတ်စေနိုင်တဲ့အပြင် မလိုအပ်ဘဲ စိတ်ဆောင်လို့ ခဏခဏ ဗိုက်ဆာပြီး စားမိတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရေအေးအေး သောက်မယ်ဆိုရင်တော့ ရေအေးကိုလက်ခံဖို့အတွက် ခန္ဓာကိုယ်မှာ အပူချိန်ထိန်းညှိရတဲ့အတွက် ကယ်လိုရီတွေ လောင်ကျွမ်းစေပြီး ဝိတ်ကျစေပါတယ်။

ဒီတော့ ရေအေးအေးလေးကို သတိထားပြီး ခဏခဏ သောက်ပေးရမယ်နော်။

(၃) နေ့စဉ်လှုပ်ရှားမှုလေးတွေကို လေ့ကျင့်ခန်းလို သဘောထားပါ။

လူတိုင်းလူတိုင်းဟာ ရုံးမှာဖြစ်ဖြစ်၊ ကျောင်းမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် လှုပ်ရှားမှုလေးတွေတော့ လုပ်နေကြရပါတယ်။ လမ်းလျှောက်တာ၊ ထတာ၊ ထိုင်တာ၊ မတ်တပ်ရပ်တာ၊ ပစ္စည်းလေးတွေ လှမ်းယူတာ … ဒါလေးတွေက အစ ကိုယ်လက်လှုပ်ရှားမှုတွေဖြစ်လို့ ကယ်လိုရီတွေကို လောင်ကျွမ်း စေတယ် ဆိုတာကို သိထားရင် ဒါလေးတွေလုပ်ခြင်းကလည်း ကိုယ်လက်လှုပ်ရှားအားကစား လုပ်နေရသလိုပါပဲလားဆိုတာကို သိပြီး စိတ်ကျေနပ်မှု ရနေမှာပါ။

ဒီထက်တစ်ဆင့်တိုးလို့ အိမ်သာထသွားရင်း ခြေဆန့်လက်ဆန့် လေ့ကျင့်ခန်းလေးလုပ်တာ၊ ထိုင်နေရင်းနဲ့ ခြေထောက်လွှဲ လေ့ကျင့်ခန်းလေးလုပ်တာ၊ အိပ်ပြီးဖုန်းသုံးနေရင်း ခြေမြှောက် လေ့ကျင့်ခန်း လေးတွေ လုပ်ပေးတာတွေဟာလည်း ဝိတ်ကျစေတဲ့အတွက် သတိထားပြီး လုပ်စေချင်ပါတယ်။

(၄) ဟင်းသီးဟင်းရွက်များများစားပါ

ထမင်းတစ်ဇွန်းကို ဟင်းသီးဟင်းရွက်နှစ်ဇွန်းနှုန်းနဲ့သာ စားမယ်ဆိုရင်ဝိတ်ကျတာအပြင် ဆီးချို၊ သွေးတိုးလိုရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တဲ့ အတွက် အကျိုးကျေးဇူးဟာ အံ့မခန်းပါပဲ။

ဟုတ်ပါတယ်။ ဟင်းသီးဟင်းရွက်မှာပါတဲ့ အမျှင်လေးတွေဟာ စားသုံးလိုက်တဲ့ ကဆီဓာတ် တွေကို အူနံရံတွေကနေ အမြောက်အများ မစုပ်ယူနိုင်အောင် ပိတ်ဆို့တဲ့အတွက် စားသလောက် မဝတော့ပါဘူး။

ဒါကလည်း သိပ်ခက်ခဲတဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မြန်မာ ထမင်းဝိုင်းမှာ မြင်နေတွေ့နေရတဲ့ အရွက်ကြော်၊ တို့စရာ၊ အရည်သောက်ဟင်းတွေဟာ စုံလင်လှတဲ့ ဟင်းသီးဟင်းရွက်တွေပါပဲ။

ဒီတော့ ဝိတ်ကျစေဖို့ကြိုးပမ်းရာမှာ ဟင်းသီးဟင်းရွက်လေးတွေကို သတိထားပြီး ပိုစားပေးခြင်းဟာ အပန်းမကြီးလှတဲ့ အားထုတ်မှုတစ်ခုပါပဲ။

အထက်ပါနည်းလမ်းလေးတွေဟာ စာရေးသူကိုယ်တိုင်ကျင့်သုံးခဲ့ပြီး အကျိုးရလဒ်ကို သိသိသာသာ ရခဲ့တာမို့ ဝိတ်ကျချင်သူတွေ အနေနဲ့ လိုက်လံကျင့်သုံးဖို့ တိုက်တွန်းလိုက်ပါရစေ။

ရေးသားသူ- ‌ဒေါက်တာမှူးခင်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 27/11/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။