backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

လိမ္မော်ခွံကို စားလို့ရလား! ဘယ်လိုကောင်းကျိုးရမလဲ!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လိမ္မော်ခွံကို စားလို့ရလား! ဘယ်လိုကောင်းကျိုးရမလဲ!

လိမ္မော်သီး အမွှာလေးတွေက စားလို့ ကောင်းတယ်ဆိုတာကို သိပြီး ဖြစ်ပေမယ့် လိမ္မော်ခွံကိုတော့ မစားဘဲ ဖယ်ထုတ်ကြတာကြောင့် ဘယ်လို အရသာ ရှိသလဲဆိုတာကိုတော့ သိသူခပ်ရှားရှားပါ။ လိမ္မော်ခွံအရသာ မဆိုထားနဲ့၊ လိမ္မော်ခွံကို စားလို့ရတယ်ဆိုတာကိုတောင် သိသူက ခပ်ရှားရှား ဖြစ်မယ် ထင်ပါတယ်။ အခုတစ်ခေါက်မှာတော့ လိမ္မော်ခွံကို စားလို့ရလား! ဘာကောင်းသလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။

လိမ္မော်ခွံ ဆိုတာ

လိမ္မော်ခွံ ဆိုတာက လိမ္မော်သီးရဲ့ အပြင်ဆုံးက အခွံမာပါ။ အရောင်က နာမည်နဲ့ လိုက်အောင် လိမ္မော်ရောင်ရှိပြီး အဆီဂလင်း အပေါက်လေးတွေနဲ့ပါ။ အတွင်းဖက်မှာတော့ အဖြူရောင် အဖေးလေးတွေနဲ့ပါ။ အနဲ့လေးကတော့ မွှေးရှိန်းရှိန်းလေးရယ်ပါ။

လိမ္မော်ခွံမှာ ပါဝင်တဲ့ အာဟာရဓာတ်များ

လိမ္မော်ခွံကို ငယ်ငယ်က သကြားတွေ ဆားတွေနဲ့နယ် အခြောက်ခံပြီး လုပ်ထားတဲ့ အချဉ်ထုတ်လိုလေးတွေကို စားဖူးမယ်ဆိုရင်တော့ လိမ္မော်ခွံက စားလို့ရတယ်ဆိုတာကို ထွေထွေထူးထူး ပြောပြစရာ မလိုအောင် သိထားပြီး ဖြစ်မှာပါ။ 

လိမ္မော်ခွံကို အရသာရှိအောင် ပြုပြင်ပြီး စားလို့ရသလို အခြောက်ခံ အမှုန့်ကြိတ်ပြီး အစားအစာတွေထဲမှာ အနံ့အရသာ တိုးအောင် ထည့်သွင်းစားသုံးတာမျိုး လုပ်ပေးလို့လည်း ရပါတယ်။ 

လိမ္မော်ခွံမှာ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်နဲ့ အကျိုးပြု ဘက်တီးရီးယား အာဟာရတွေ ပါဝင်နေပါတယ်။ ဒါတွေတင် မကသေးပါဘူး။ လိမ္မော်ခွံမှာ ကယ်လ်လိုရီ၊ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် C၊ ဖောလိတ် နဲ့ ဗီတာမင် A လိုမျိုး ကျန်းမာရေး အကျိုးပြု အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ 

လိမ္မော်ခွံကို စားလို့ရလား! ဘာကောင်းသလဲ!

ပုံမှန်တော့ စားစရာ တစ်ခုလို့ မတွေးပေမယ့် လိမ္မော်ခွံကို စားပေးမယ်ဆိုရင်တော့ အခုလို အကျိုးကျေးဇူးလေးတွေကို ရရှိစေမှာပါ။ 

  • နှလုံး ကျန်းမာစေတယ် 
  • လေ့လာမှုတွေအရ လိမ္မော်ခွံက အစာခြေစနစ်ထဲက အကျိုးပြု ဘက်တီးရီးယားတွေကို ရှင်သန်စေဖို့ ကူညီပေးသလို သွေးကြောတွေထဲမှာ အဆီစုပုံမှုတွေ မဖြစ်အောင် ထောက်ကူပေးတာကြောင့် နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံး ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 

    • အူမကြီး ကျန်းမာစေတယ်

    အမျှင်ဓာတ် ကြွယ်ဝတဲ့ လိမ္မော်ခွံက အစာခြေစနစ်ကို ကျန်းမာစေသလို ဝမ်းမှန်စေဖို့ ထောက်ကူပေးတဲ့အပြင် အူမကြီးရဲ့ လှုပ်ရှားမှု ကောင်းမွန်စေပြီး အူမကြီး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အစာမကြေတာ၊ ရင်ပူတာတွေ၊ လေထိုးလေအောင့်တာတွေ သက်သာစေဖို့ လိမ္မော်ခွံကို စားပေးလို့ ရပါတယ်။ အကျိုးပြု ဘက်တီးရီးယား အာဟာရတွေ ပါဝင်နေတဲ့ လိမ္မော်ခွံက အစာအိမ်အူလမ်းကြောင်းနဲ့ အူမကြီး ကျန်းမာစေဖို့ လုပ်ဆောင်ပေးမှာပါ။ 

    • ကိုယ်အလေးချိန် ထိန်းပေးတယ် 

    အမျှင်ဓာတ် ကြွယ်ဝတဲ့ လိမ္မော်ခွံက အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးသလို ဗီတာမင် C ပါဝင်နေတာကလည်း အဆီတွေကို လောင်ကျွမ်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းချင်တယ်ဆိုရင် ရေနွေးပူပူထဲ လိမ္မော်ခွံ ထည့်လို့ စိမ်ထားတဲ့ လိမ္မော်ခွံ ရေနွေးကြမ်းကို ပုံမှန်လေး သောက်သုံး ပေးလို့ ရပါတယ်။ 

  • ကင်ဆာဖြစ်နိုင်ခြေ လျှော့ချပေးတယ်
  • လိမ္မော်ခွံမှာ ဖလေဗာနွိုက် ပါဝင်နေတာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှု ကင်းစေမှာပါ။ 

  • အသားအရေ ကျန်းမာစေတယ်
  • ဗီတာမင် C ကြွယ်ဝမှုက အသားအရေကို ကြည်လင်စေပြီး နေလောင်ကွက်နဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာက အရေးအကြောင်းတွေကို သက်သာစေပြီး အရွယ်တင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ 

    • သွားတွေ ဖြူဖွေးစေတယ်

    သွားပေါ်က အစွန်းအထင်းတွေကြောင့် စိတ်ညစ်နေတယ်ဆိုရင်တော့ လိမ္မော်ခွံရဲ့ အတွင်းဘက် အဖြူသားနဲ့ သွားတွေကို ပွတ်ပေးပြီး ၂ မိနစ် ၃ မိနစ်လောက် ထားလို့ ရေဆေးချလိုက်ပါ။ ပြီးရင်တော့ ပုံမှန် တိုက်နေကျ သွားတိုက်ဆေးနဲ့ တိုက်ပေးလိုက်ရုံပါ။ တစ်နေ့ကို ၂ ကြိမ် ပုံမှန် လုပ်ဆောင်မယ်ဆိုရင် ၂ ပတ်အကြာမှာ သိသာတဲ့ ရလဒ်ကို ရရှိစေမှာပါ။ 

    • သွေးတွင်းသကြားဓာတ် ထိန်းပေးတယ်

    အမျှင်ဓာတ် ကြွယ်ဝမှုကြောင့် ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။

    • ခံတွင်းအနံ့ဆိုး သက်သာစေတယ်

    လိမ္မော်ခွံကို ဝါးတာ၊ ရေနွေးနဲ့ စိမ်ပြီး သောက်တာမျိုးတွေက ခံတွင်းထဲက ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပြီး ခံတွင်းအနံ့ဆိုးကို သက်သာစေနိုင်ပါတယ်။ 

    သတိထားရမယ့်အချက်များ

    လိမ္မော်ခွံလေးက အခုလို ကောင်းကျိုးလေးတွေကို ရရှိစေနိုင်ပေမယ့် အလွန်အကျွံ စားမိမယ်ဆိုရင်တော့ ရင်ပူတာ အမျှင်ဓာတ်များပြီး ဝမ်းချုပ်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် အသင့်အတင့်ထက် ပိုမသုံးမိဖို့တော့ လိုပါမယ်။

    နောက်ပြီး ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေနဲ့၊ ရောဂါအခံတစ်ခုခု ရှိတဲ့သူတွေ၊ ကျန်းမာရေး အခြေအနေကြောင့် ဆေးသောက်နေရသူတွေ၊ ခွဲစိတ်ကုသမှု ခံယူဖို့ ရှိတဲ့ လူနာတွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုစေချင်ပါတယ်။ 

    လိမ္မော်ခွံက သဘာဝ ပစ္စည်းဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုတာကို သတိချပ်စေချင်ပါတယ်။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement