backup og meta

မှိုတက်တို့ဖူး စားလို့ရမရ

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မှိုတက်တို့ဖူး စားလို့ရမရ

    ဆိုရှယ်မီဒီယာမှာ အမွေးလေးတွေ ထွက်နေတဲ့ တို့ဖူးတွေကို စားနေကြတာ တွေ့ဖူးကြမှာပါ။ မြန်မာမှာဆို ရှမ်းပြည်ဘက်က လူတွေ စားကြပါတယ်။ တကယ်တော့ အဲ့တာလေးတွေက မှိုတက်တို့ဖူး တွေပါ။ မှိုတက်နေတာကြီးက စားလို့ရလို့လား။ ကျန်းမာရေးတွေ ဘာတွေ ထိခိုက်နိုင်မလားဆိုပြီး မေးကြတာလည်း ရှိလို့ ဒီဆောင်းပါးလေးမှာ ရှင်းပြပေးပါတယ်။

    မှိုတက်တို့ဖူး ဆိုတာ

    မှိုတက်တို့ဖူးလို့ အလွယ်ပြောပေမယ့် တကယ်က အစားအသောက်တွေ မကောင်းလို့ မှိုတက်နေတာမျိုးတော့ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် သူက မှိုတက်အောင် အချဉ်ဖောက်ထားတာ ဖြစ်ပါတယ်။ သူရဲ့ ဌာနေကတော့ တို့ဖူးကို နှစ်ခြိုက်စွာစားသုံးကြတဲ့ တရုတ်နိုင်ငံ၊ အန်းဟွေ့ပြည်နယ်ကပဲ ဖြစ်ပါတယ်။

    သူ့ရဲ့ ပုံစံက မှိုတက်နေတယ်လို့ ထင်ရပေမယ့် အနီးစပ်ဆုံး သူနဲ့တူတဲ့ အစားအစာတွေကတော့ ချိစ်တွေ၊ ဒိန်ချဉ်တွေပါ။ ဒါတွေကလည်း အချဉ်ဖောက်ထားပြီး စားလို့ရတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

    မှိုတက်တို့ဖူး ကို ဘယ်လိုလုပ်ကြသလဲ

    လုပ်တဲ့နည်းကတော့ လောလောဆယ် နှစ်နည်းရှိပါတယ်။ သဘာဝအတိုင်း အချဉ်ဖောက်တဲ့ နည်းနဲ့ ရယ်ဒီမိတ်မှိုကို သုံးပြီး အချဉ်ဖောက်တဲ့ နည်းဖြစ်ပါတယ်။

    သဘာဝအတိုင်း လုပ်တဲ့နည်းမှာဆိုရင်

  • တို့ဖူးကို ခြောက်သွေ့သန့်ရှင်းပြီး ပိုးသတ်ထားတဲ့ ပေါက်စီပေါင်းတဲ့ သစ်သားဘူးလိုမျိုးထဲမှာ ကောက်ရိုးခင်းပြီး ထည့်လိုက်ပါတယ်။
  • ပြီးရင်တော့ အပူချိန် ၆၀-၇၅ ဒီဂရီမှာ သိမ်းထားရပါမယ်။
  • ရာသီဥတုပေါ် မူတည်ပြီး အချဉ်ပေါက်ဖို့က ၃ရက်ကနေ ၆ရက်လောက်ကြာတတ်ပါတယ်။
  • ပြီးရင်တော့ တို့ဖူးပေါ်မှာ အမျှင်ဖြူဖြူလေးတွေနဲ့ မှိုတက်တို့ဖူးလေး ရပါပြီ။
  • နောက်တစ်မျိုးကတော့ ရယ်ဒီမိတ်မှိုကို အသုံးပြုပြီး ဖောက်တာပါ။ ရယ်ဒီမိတ် မှိုကတော့ Mucor ဆိုတဲ့ မှိုအမျိုးအစားကို သုံးတာပါ။ တစေးကိုသုံးပြီး အချဉ်ဖောက်သလိုပေါ့။

    • အပေါ်ကနည်းအတိုင်းပဲ သစ်သားဘူးသန့်သန့်မှာ တို့ဖူးတွေကို ထည့်ပါ။
    • ပြီးရင် မှိုအမှုန့်ကို ရေဖျော်ပြီး တို့ဖူးမှာ သုတ်ပေးပါ။
    • ပြီးရင်တော့ အလင်းရောင်မရတဲ့နေရာမှာ အပူချိန် ၂၅ဒီဂရီအထက်မှာ ၂-၃ရက်၊ အပူချိန် ၂၅ ဒီဂရီအောက်မှာ ၄ရက်ကနေ တစ်ပတ်ထိ ထားရပါတယ်။
    • အဲ့တာဆိုရင် အပေါ်ကလိုပဲ မှိုတက်တို့ဖူး ရပါပြီ။

    မှိုတက်နေတဲ့ တို့ဖူးတွေက အဆိပ်မဖြစ်ဘူးလား

    မှိုတက်နေတဲ့ တို့ဖူးတွေနဲ့ အချဉ်ဖောက်ထားတဲ့ တို့ဖူးတွေက မတူပါဘူး။ မှိုတက်တဲ့ တို့ဖူးတွေက မကောင်းတဲ့ ဘက်တီးရီးယားတွေ၊ မှိုတွေ ပေါက်ဖွားပြီး အရောင်ရော၊ အနံ့ရောက သိသာပါတယ်။ စားမိရင် အစာအဆိပ်သင့်တာ၊ ဝမ်းလျှောတာတွေ ဖြစ်နိုင်ပါတယ်။

    အခုလိုမျိုး အချဉ်ဖောက်ထားတဲ့ တို့ဖူးကတော့ ကျန်းမာရေးအတွက် ဆိုးကျိုးမရှိဘဲ စားလို့ရတဲ့ မှိုပဲပေါက်အောင် စပြီးအချဉ်ဖောက်တည်းက ပိုးသတ်ပြီး ဖောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် စားလို့ရပါတယ်။

    တကယ်လို့ အချဉ်ဖောက်တဲ့ အဆင့်မှာ သန့်ရှင်းမှုမရှိလို့ တခြားဘက်တီးရီးယားတွေ၊ မှိုတွေ ပေါက်လာခဲ့ရင်တော့ ဖြူဖြူအမွေးလေးတွေ မဟုတ်တော့ဘဲ တခြားအရောင်တွေ ရောနေတာ၊ အနံ့မကောင်းတာ၊ ပျစ်ချွဲချွဲဖြစ်နေတဲ့ တို့ဖူးတွေ ဖြစ်လာမှာပါ။

    ဒါကြောင့် မှိုတက်တဲ့ တို့ဖူးတိုင်း စားလို့မရပါဘူး။ သေသေချာချာ ပိုးသတ်ပြီး အချဉ်ဖောက်ထားတဲ့ တို့ဖူးကိုပဲ စားလို့ရပါတယ်။

    မှိုတက်တို့ဖူး ကို ဘယ်လိုစားကြသလဲ

    ကိုယ်တိုင်တော့ ဒီမှိုတက်တို့ဖူးကို မစားဖူးပေမယ့် စားဖူးတဲ့သူတွေရဲ့ အဆိုအရတော့ အရသာက ထင်သလောက်ကြီး ဆိုးမနေဘူး။ သာမန်တို့ဖူးလိုပဲလို့ ပြောကြပါတယ်။

    ဒီတို့ဖူးကို ကြော်စားကြတာလည်း ရှိသလို ကြက်ဥအနှစ်နဲ့ ရောပြီး နှစ်သက်သလို ချက်ပြုတ်စားသောက်ကြတာလည်း ရှိပါတယ်။

    မှိုတက်တို့ဖူးမှာ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိသလဲ

    မှိုတက်တို့ဖူး ကလည်း တို့ဖူးပဲ ဖြစ်တာကြောင့် ကယ်လိုရီနည်းပြီး ပရိုတင်းများပါတယ်။ သံဓာတ်၊ ကယ်ဆီယမ်နဲ့ တခြားသော ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။

    အချဉ်ဖောက်ထားတာကြောင့် တို့ဖူးက ပိုပြီး အစာကြေလွယ်သလို အကျိုးပြုဘက်တီးရီးယားတွေကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင်လည်း ရှိပါတယ်။

    ဘာတွေ သတိထားသင့်သလဲ

    အချဉ်ဖောက်ထားတဲ့ တို့ဖူးတိုင်းက စိတ်ချရတာတော့ မဟုတ်ပါဘူး။ အချဉ်ဖောက်နေစဉ်၊ တို့ဖူးကို ကိုင်တွယ်ချိန်မှာ သန့်ရှင်းမှုမရှိဘူး။ ရယ်ဒီမိတ် မှိုတွေက စိတ်မချရဘူးဆိုရင် ဒါက မှိုတက်ပြီး ပျက်စီးနေတဲ့ တို့ဖူးပဲဖြစ်သွားမှာပါ။

    နောက်ပြီး ပဲပိစပ်နဲ့ မတည့်တဲ့သူတွေက ဘယ်လိုတို့ဖူးကိုပဲဖြစ်ဖြစ် မစားသင့်ပါဘူး။

    ရုတ်တရက် ကြည့်လိုက်ရင် မှိုတက်နေသလို ထင်ရတဲ့ ဒီတို့ဖူးတွေက စားလို့ရပါတယ်။ ဒါပေမဲ့ သေသေချာချာ အချဉ်ဖောက်ထားတဲ့ တို့ဖူးဖြစ်ဖို့တော့ လိုပါတယ်။ မဟုတ်ရင်တော့ အစာအဆိပ်သင့်တာ ဖြစ်တတ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement