backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

တူးနေတာတွေ စားမိရင် ကင်ဆာဖြစ် တတ်သလား

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


03/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

တူးနေတာတွေ စားမိရင် ကင်ဆာဖြစ် တတ်သလား

အကင်စားတဲ့အခါကျရင် တူးနေတဲ့နားလေးက ကြွပ်ကြွပ်ရွရွလေးနဲ့မို့ တခြားနေရာထက်စာရင် သူ့ကို ပိုစားချင်ကြတယ်။ တူးလို့ထွက်လာတဲ့အနံ့ကတောင် မွှေးသလိုလို ထင်ကြတယ်ဟုတ်။ လူကြီးတွေကတော့ တူးနေတာတွေ မစားနဲ့။ တူးနေတာတွေ စားမိရင် ကင်ဆာဖြစ် တတ်တယ်လို့ ဆိုကြတယ်။ ဒါက တကယ်ပဲလား။

တူးတဲ့အခါ ဒီလိုဓာတုပစ္စည်းတွေ ထွက်လာပါတယ်

တူးတဲ့အခါ Acrylamide, HCAsနဲ့ PAHsဆိုတဲ့ ဓာတုပစ္စည်း ၃မျိုးထွက်လာပါတယ်။ တူးတာတွေ စားမိရင် ကင်ဆာဖြစ် တတ်တယ်ဆိုတဲ့ စကားကလည်း ဒီဓာတုပစ္စည်းတွေကြောင့် ဖြစ်လာတာပဲ ဖြစ်ပါတယ်။

Acrylamide ကတော့ သကြားဓာတ်ပါတဲ့ အစားအစာတွေ (ဥပမာ ဂလူးကို့စ်၊ ဖရက်စ်တို့) နဲ့ asparagine လို့ခေါ်တဲ့ အမိုင်နိုအက်စစ်တို့ ဓာတ်ပြုရာက ဖြစ်လာတာပါ။ လွယ်လွယ်ပြောရရင် ပေါင်မုန့်တို့၊ အာလူးတို့လို အစားအစာတွေကို အပူချိန်ပြင်းပြင်းနဲ့ အချိန်ကြာကြာ ချက်ပြုတ်တဲ့အခါ ထွက်လာတဲ့ ဓာတုပစ္စည်းပါ။

HCAsနဲ့ PAHs ကတော့ အသားတွေကို အပူပြင်းပြင်းနဲ့ ကင်တဲ့အခါ ထွက်လာတတ်ပါတယ်။ HCAsက တူးနေတဲ့ အစိတ်အပိုင်းတွေမှာ ကပ်နေတတ်ပါတယ်။ PAHsကတော့ အသားကအဆီတွေ အောက်မှာကင်နေတဲ့ မီးပေါ် ကျတဲ့အခါ ထွက်လာတဲ့ မီးခိုးငွေ့မှာ ပါတတ်ပါတယ်။ ဒီမိးခိုးက အသားကိုပြန်ဟပ်တဲ့အခါ အသားမှာပါ ကပ်ပါလာတတ်ပါတယ်။

တူးနေတာတွေ စားမိရင် ကင်ဆာဖြစ် တတ်သလား

တူးနေတာတွေ စားရင် ကင်ဆာဖြစ်တတ်တယ်လို့ မကြာခဏ ကြားဖူးပေမယ့် တကယ်လေ့လာကြည့်တဲ့အခါ ရေရေရာရာ မတွေ့ရပါဘူး။

Acrylamide နဲ့ ပတ်သက်လို့ ပြောရရင် လက်ရှိအချိန်ထိတော့ သူက ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိမရှိဆိုတာကို အတိအကျ မပြောနိုင်သေးပါဘူး။ တိရိစ္ဆာန်တွေနဲ့ ပြုလုပ်ထားတဲ့ လေ့လာချက်တချို့မှာတော့ Acrylamideက ကင်ဆာဖြစ်နိုင်ခြေကို များစေနိုင်တယ်ဆိုပေမယ့် လူမှာ ဖြစ်မဖြစ်ဆိုတာကိုတော့ မသိရသေသးပါဘူး။

နောက်တစ်ချက်က ဒီလေ့လာချက်တွေက 1980s, 1990sနှစ်တွေဆီက ဖြစ်တဲ့အတွက် တော်တော်ကြာနေပြီဖြစ်လို့ ခုခေတ်မှာ ပြန်လေ့လာရင် ဒီအဖြေအတိုင်း ဖြစ်ပါ့မလားဆိုတာ မပြောနိုင်ပါဘူး။

ပညာရှင်တွေက Acrylamideနဲ့ ပတ်သက်ပြီး ကင်ဆာဖြစ်နိုင်ခြေ ရှိမရှိဆိုတာကို အတိအကျ မပြောနိုင်ကြသေးပါဘူး။ Cancer Research UK ကတော့ Acrylamideက ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့အချက်ကို သဘောမတူပါဘူး။ American Cancer Societyကတော့ Acrylamideက ကင်ဆာကို တိုက်ရိုက်ဖြစ်စေတာမျိုး မဟုတ်ပေမယ့် နောင်တစ်ချိန်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းဖြစ်လာနိုင်မလားဆိုပြီး မျှော်လင့်ထားကြပါတယ်။

National Cancer Institute ကလည်း တိရိစ္ဆာန်တွေနဲ့ လေ့လာချက်မှာသာ Acrylamideက ကင်ဆာနဲ့ ဆက်စပ်မှုရှိပေမယ့် လူတွေနဲ့ ‌လေ့လာတဲ့အခါမှာ ဒီလိုမျိုး ဆက်စပ်မှု မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒါက Acrylamideနဲ့ ပတ်သက်တဲ့ လေ့လာချက်တွေပါ။

HCAs, PAHsနဲ့ ပတ်သက်လို့ American Cancer Societyက လူမှာ ကင်ဆာဖြစ်နိုင်စေသလားဆိုတာ အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒီတော့ အတိုချုပ်ပြောရရင် တူးနေတာတွေ စားရင် ကင်ဆာဖြစ် မယ်ဆိုတာနဲ့ ပတ်သက်ပြီး တိကျတဲ့ လေ့လာချက်မရှိပါ။ ဖြစ်ချင်မှ ဖြစ်မှာပါ။

ဒါဆို တူးနေတာတွေကို စိတ်ကြိုက်စားလို့ ရပြီလား

ဒီလိုလည်း မဟုတ်သေးပါဘူး။ ဘယ်လောက်ပဲ တူးနေတဲ့ အစားအစာတွေနဲ့ ကင်ဆာဖြစ်နိုင်ခြေက ဆက်စပ်မှု မရှိဘူးပဲဆိုဆို စိတ်လွတ်လက်လွတ် စားလို့တော့ မဖြစ်ပါဘူး။ ဘယ်အရာမဆို တန်ဆေး လွန်ဘေးမလား။ တိကျတဲ့ လေ့လာချက်တွေမထွက်ခင် သင့်တင့်တဲ့ ပမာဏလောက်ပဲ စားသင့်ပါတယ်။

သင့်တင့်တဲ့ ပမာဏဆိုတာကလည်း ဘယ်လောက်ပါဆိုပြီး တရားဝင်သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ကိုယ့်ဉာဏ်နဲ့ ချင့်ချိန်ပြီး စားရမှာပါ။ ဥပမာ တစ်ပတ်ကို ၁-၂ကြိမ်လောက်နဲ့ အလွန်အကျွံ မစားဘူးဆိုရင် အန္တရာယ်ကင်းပါတယ်။

တူးနေတဲ့ အစားအစာတွေကို စားမိရင် ကင်ဆာဖြစ်မှာလားဆိုတော့ မဖြစ်ပါဘူး။ ဒါပေမယ့် ကိုယ့်အသိနဲ့ ဆင်ခြင်ပြီး သင့်တင့်သလောက်ပဲ စားဖို့တော့ လိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Written by

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


03/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement