အဝလွန်တယ်ဆိုတာ ဘယ်အရွယ်အတွက်မဆို ကောင်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကလေးဟာ တခြားကလေးတွေထက် ပိုဝနေပြီဆိုတာ သံသယရှိလာပြီဆိုရင် မိဘတွေအနေနဲ့ သူတို့ရဲ့ နေထိုင်စားသောက်ပုံတွေကို ပြန်ပြီးလေ့လာကြည့်ဖို့ လိုအပ်လာပါပြီ။
အဝလွန်ခြင်းနဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ
အသက်အရွယ်မရွေး အဝလွန်ြခင်းကြောင့် ကျန်းမာရေးမှာ ထိခိုက်လာနိုင်တာတွေ အများကြီးပါပဲ။ ဖြစ်နိုင်ခြေများတဲ့ ရောဂါတွေကတော့ နှလုံး၊ ဆီးချို၊ သွေးတိုးရောဂါတွေ ဖြစ်ပြီး ညဘက်ကောင်းစွာ မအိပ်စက်နိုင်တာ၊ ကိုလက်စ်ထရောများတာ၊ ပန်းနာရင်ကြပ်၊ ကျောက်ကပ်ရောဂါတွေ၊ သည်းခြေကျောက်တည်တာ အစရှိတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံလာနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ငယ်ရွယ်စဉ်ကတည်းက အဝမလွန်အောင် မိဘတွေအနေနဲ့ ဘယ်လိုကာကွယ်ပေးလို့ရမလဲဆိုတာ ပြောပြပေးမယ်နော်။
၁။ အစာအာဟာရမျှတအောင် ကျွေးပါ။
ကလေးတွေကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေဖို့အတွက် နေ့စဉ်လိုအပ်တဲ့ အစာအာဟာရကို သေချာချက်ပြုတ်ကျွေးမွေးဖို့ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာ ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေအပြင် အမျှင်ဓါတ်လည်းပါဝင်လို့ ကလေးတွေကို ရင်ပြည့်စေလို့ မကြာခဏ အစာစားချင်တဲ့ စိတ်ကို ထိန်းချုပ်ပေးရာရောက်ပါတယ်။ ကလေးတွေရဲ့ နေ့စဉ်အစာအာဟာရမှာ အသား၊ ငါး၊ အစေ့အဆန်များ၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းတွေလည်း ပါဝင်ပါတယ်။
၂။ အပြင်ထွက်ကစားခိုင်းပါ။
ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ ကလေးတွေဟာ အပြင်ထွက်ကစားတာထက် အိမ်ထဲမှာပဲ တီဗီကြည့်လိုက်၊ ဖုန်းသုံးလိုက်၊ အိမ်စာတွေလုပ်လိုက်နဲ့ အချိန်ကုန်နေတတ်ပါတယ်။ အထိုင်များပြီး လှုပ်ရှားမှုမရှိတဲ့အခါမှာ အဝလွန်ရောဂါ ဖြစ်လာနိုင်ခြေပိုများလာပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကလေးတွေကို စာလုပ်ချိန်တန် စာလုပ်၊ ဖုန်းသုံးချိန်တန် သုံး၊ ပြီးရင် အပြင်ထွက်ပြီး ကစားဖို့ မိဘတွေဘက်က တိုက်တွန်းပေးပါ။
၃။ လေ့ကျင့်ခန်းလုပ်ခိုင်းပါ။
မနက်ခင်းမှာ မိသားစုနဲ့အတူ အားကစားလုပ်တဲ့ ကလေးတွေဟာ အမြဲနိုးကြားတက်ကြွနေပြီး စာသင်ကြားရာမှာလည်း ပိုပြီး အာရုံစူးစိုက်လာနိုင်တာကို တွေ့ရပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့ ကလေးတွေမှာ သွေးလည်ပတ်မှုကို ကောင်းစေပြီး ကိုယ်ခန္ဓါနဲ့ အရိုးအဆစ်တွေကိုလည်း ကြီးထွားသန်စွမ်းစေပါတယ်။ လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တာ၊ စက်ဘီးစီးတာလိုမျိုး ရိုးရှင်းလွယ်ကူတဲ့ အားကစားနည်းတွေကို ကလေးတွေနဲ့အတူ လိုက်လုပ်ဖို့ အချိန်ပေးပါ။
၄။ အချိုဓါတ်များတဲ့ အစားအစာတွေ လျှော့စားခိုင်းပါ။
သကြားပါဝင်မှုများတဲ့ မုန့်တွေ၊ ဆိုဒါအအေးတွေဟာ ကလေးတွေကို အဝလွန်စေတဲ့ အဓိကတရားခံတွေထဲက တစ်ခုပါပဲ။ အချိုကြိုက်တာ ကလေးသဘာဝဆိုပေမဲ့လည်း အာဟာဖြစ်စေတဲ့ အစားအစာတွေကိုသာ အဓိကကျွေးပေးပါ။ အချိုတွေ အလွန်အကျွံစားတဲ့ ကလေးတွေမှာ အဝလွန်တာအပြင် သွားနဲ့ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။
၅။ ကလေးတွေကို အိပ်ရေးဝအောင် အိပ်ခိုင်းပါ။
အိပ်ရေးမဝတဲ့ကလေးတွေ၊ အိပ်ချိန်မမှန်တဲ့ ကလေးတွေမှာ စောစီးစွာ အဝလွန်နိုင်ခြေပိုများပါတယ်။ လူကြီးတွေမှာ တစ်နေ့ကို အိပ်ချိန် ၇နာရီကနေ ၈နာရီထိ ရှိရမှာဖြစ်ပြီး ကလေးတွေအတွက်တော့ အိပ်ချိန်များလေ အကောင်းဆုံးပါပဲ။ ကလေးတွေအရွယ်မှာ ညနောက်ကျတဲ့အထိ ရုပ်ရှင်ကြည့်တာ၊ ဖုန်းသုံးတာမျိုးတွေ မပြုလုပ်သင့်ပါဘူး။
မိခင်တွေအနေနဲ့ ဘာတွေ ဂရုစိုက်သင့်လဲ။
ကိုယ်ဝန်ဆောင်နေစဉ်မှာ ကိုယ်အလေးချိန်တက်မလာအောင် ဂရုစိုက်ပေးပါ။ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာတွေကို ရွေးချယ်စားသောက်ပေးပါ။ ကလေးမွေးပြီးတဲ့အခါမှာလည်း ၆လ ပြည့်တဲ့အထိ မိခင်နို့တစ်မျိုးတည်းကိုသာ မှန်မှန်တိုက်ကျွေးဖို့ အရေးကြီးပါတယ်။ ကလေးတွေရဲ့ နေထိုင်စားသောက်ပုံဟာ သူတို့ရဲ့ ကျန်းမာရေးကို သွားပြီး သက်ရောက်မှုရှိတာကြောင့် မိခင်တွေအနေနဲ့ သေချာဂရုစိုက်စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။