home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဆေးဖက်ဝင်တဲ့ မာလကာသီးအူနီ ဘာတွေစွမ်းသလဲ

ဆေးဖက်ဝင်တဲ့ မာလကာသီးအူနီ ဘာတွေစွမ်းသလဲ
မာလကာသီးလေး အချိုတည်းရင် ကြွပ်နေမှ ၊ ချိုအေးနေမှ အမောပြေတာနော်။ ဒီအရသာလေးကို နှစ်သက်လို့စားကြပေမယ့် သူ့ကိုစားလို့ ကျန်းမာရေးမှာ အကျိုးရှိစေနိုင်တာတွေလည်းရှိတာကို သိနေလို့လည်းစားကြတာပါ။ မာလကာသီးထဲမှာကို အတွင်းသား ပန်းရောင်သမ်းနေတဲ့ အူနီလေးတွေက ပိုဆေးဖက်ဝင်တယ်လို့ရှေးလူကြီးတွေပြောလေ့ရှိပါတယ်။အပေါ်ယံအမြင်နဲ့ကြည့်ရင်လည်း ပန်းရောင်အူနီသီးတွေက အသားပိုမွမွလေးဖြစ်တယ်၊ စားလို့ကောင်းတယ်၊ နူးညံ့တယ်လေ။ သူ့ရဲ့ဆေးဖက်ဝင်အာနိသင်ကိုလေ့လာပြန်တော့လည်း ဒီအတိုင်းလေးတွေတွေ့ရပါတယ်။
(၁) သွေးတွင်းသကြားဓါတ်ကျစေတယ်

မာလကာသီးဟာ သွေးတွင်းသကြားဓါတ်ထိန်းညှိနိုင်စွမ်းပိုကောင်းစေတဲ့အာနိသင်ရှိတယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။ ဆီးချိုရှိတဲ့ဖေဖေမေမေတို့အတွက်လည်း မကြာမကြာ စားသင့်တဲ့သီးနှံတစ်မျိုးပါပဲ။ ဆီးချိုမရှိသူတွေမှာလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။

(၂) နှလုံးကျန်းမာစေတယ်

မာလကာသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ဗီတာမင်တွေကြောင့် နှလုံးကိုfree radicalsတွေရန်က ကာကွယ်ပေးနိုင်ပါတယ်။ ပိုတက်စီယမ်နဲ့ အမျှင်ဓါတ်တွေလည်းပါဝင်မှုများလို့ နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

မာလကာသီးက သွေးတိုးကိုကျစေ၊ မကောင်းတဲ့ကိုလက်စထရောတွေကိုလျော့ကျစေပြီး အကျိုးပြုကိုလက်စထရောတွေကိုမြင့်တက်စေတဲ့အတွက် နှလုံးကျန်းမာရေးကိုစောင့်ရှောက်ပေးနိုင်တာပါ။

(၃) ရာသီလာချိန် ကိုက်ခဲမှုတွေကို သက်သာစေတယ်

လူကြီးတွေပြောလေ့ရှိတာက ရာသီလာချိန် ချုပ်စာတွေမစားရဘူးဆိုပြီးရှောင်ခိုင်းတဲ့အထဲမှာ မာလကာသီးလည်းပါပါတယ်။ ရာသီလာချိန် ကိုက်ခဲတာကprostaglandins လို့ခေါ်တဲ့ သားအိမ်နံရံမှာရှိတဲ့ဟော်မုန်းလိုဓါတ်ပစ္စည်းတွေကြောင့်ဖြစ်ရတာမို့ ဒီလိုအစားအသောက်နဲ့မဆိုင်ပါဘူး။ ပိုမဆိုးအောင်၊ သက်သာအောင်တော့ အပူအစပ်တွေ၊ပြုပြင်ထားတဲ့အစားအစာတွေရှောင်သင့်တာပဲရှိတယ်။ သက်သာစေမယ့်အစားအသောက်တွေလည်းရှိတယ်။ အခုက မာလကာသီးဟာ ရာသီလာချိန်ဖြစ်တတ်တဲ့ကိုက်ခဲမှုတွေကိုတောင် သက်သာစေနိုင်တယ်လို့ လေ့လာမှုအထောက်အထားတွေကဆိုပါတယ်။ ဒီအချိန်မျိုးဆို သူက အကိုက်အခဲပျောက်ဆေးထက် ပိုစွမ်းနေနိုင်ပါတယ်။

(၄) အစာခြေစနစ်အတွက်ကောင်းတယ်

မာလကာသီးဟာ အမျှင်ဓါတ်တွေကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်တဲ့အတွက် အူတွင်းလှုပ်ရှားမှုကို ပိုကျန်းမာစေပြီး ဝမ်းမချုပ်အောင် ကာကွယ်နိုင်တယ်။ မာလကာသီးတစ်လုံးမှာဆို တစ်နေ့တာစားသင့်တဲ့ အမျှင်ဓါတ်ပမာဏရဲ့၁၂ ရာခိုင်နှုန်းပါဝင်ပါတယ်။ မာလကာရွက်ဆိုရင်တောင် ဝမ်းပျက်ဝမ်းလျှောခြင်းသက်သာစေတယ်၊ ပိုးသတ်အာနိသင်ကြောင့် အူလမ်းကြောင်းကိုဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေကိုသေစေနိုင်ပါတယ်။ အရွက်ကျတော့ ဒီအတိုင်းစား၊ပြုတ်သောက်တာဆိုဘေးရှိနိုင်လို့ဆေးအဖြစ် extract ထုတ်ထားတာတွေလောက်မှ သုံးလို့ ဖြစ်မှာပါ။

(၅) အဆီချတဲ့အချိန် စားသင့်တယ်

အမျှင်ဓါတ်များတဲ့ မာလကာသီးဟာ အဆီချတဲ့အခါ စားသင့်တဲ့အသီးထဲပါဝင်ပါတယ်။ အစား diet လုပ်တဲ့အခါ ပန်းသီး၊ မာလကာသီးတို့ကိုစားရင် အဆာခံတယ်၊ ကယ်လိုရီနည်းတယ်၊ အချိုနည်းတယ်။ သူ့မှာ ကယ်လိုရီနည်းတဲ့အပြင် ဗီတာမင်နဲ့သတ္တုဓါတ်တွေလည်းပါဝင်တာကြောင့် dietလုပ်တဲ့အခါ အာဟာရမလျော့တော့ဘူးပေါ့။

(၆) ကိုယ်ခံအားမြှင့်တင်ပေးတယ်

ဗီတာမင် စီအားနည်းရင်ရောဂါဝင်လွယ်တယ်၊ ကိုယ်ခံအားနည်းတယ်ဆိုတာ သိကြပါတယ်။ မာလကာသီးက မချဉ်ပေမယ့် ဗီတာမင်စီ ကြွယ်ဝပါတယ်။ မာလကာသီးတစ်လုံးဆိုရင် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီပမာဏရဲ့ နှစ်ဆလောက်ပါဝင်နိုင်ပါတယ်။ လိမ္မော်သီးတစလုံးစာထက် ပိုများနေတာပေါ့။ ဒီတော့ ကိုယ်ခံအားကို ပိုကောင်းစေပြီးရောဂါပိုးတွေခုခံနိုင်စွမ်းပိုကောင်းစေပါတယ်။

(၇) အသားအရေအတွက်ကောင်းတယ်

ဗီတာမင်နဲ့ သတ္တုဓါတ်တွေအများကြီးပါလို့ အသားအရေအတွက် အတော်အကျိုးပြုပါတယ်။ မာလကာသီး အူနီမှာ ပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားထိခိုက်မှုကိုကာကွယ်ပေးပြီး အိုမင်းရင့်ရော်မှုတွေကိုနှေးကွေးစေနိုင်ပါတယ်။နောက်တစ်ချက်က မာလကာရွက်ကိုချေပြီး တို့ပေးရင် ဝက်ခြံသက်သာစေနိုင်ပါတယ်။လေ့လာမှုအရ မာလကာရွက်extract က ဝက်ခြံဖြစ်စေတဲ့ဘက်တီးရီးယားကိုသေစေနိုင်တယ်လို့ သိရပါတယ်။

အရသာလည်းရှိဆေးဖက်လည်းဝင်တဲ့မာလကာသီးကို စားမယ်ဆို ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရနိုင်ပေမယ့် အစေ့ကိုတေ့ မစားမိဖို့၊ မျိုမချမိဖို့ ဂရုစိုက်ပါ။ အူအတက်ပေါက်နိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။