home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

Cyclothymia ခေါ် အပျော့စားစိတ်နှစ်ခွရောဂါ

Cyclothymia ခေါ် အပျော့စားစိတ်နှစ်ခွရောဂါ

စိတ်အတက်အကျမြန်ရောဂါတစ်ခုဖြစ်တဲ့ cyclothymia စိတ်ရောဂါကို bipolar ရောဂါမဖြစ်ခင်မှာခံစားရလေ့ ရှိပါတယ်။ Bipolar လိုစိတ်အတက်အကျအရမ်းဆိုးဆိုးရွားရွားမဖြစ်တာကြောင့် သူ့ကိုအပျော့စားစိတ်ရောဂါ တစ်မျိုးအနေနဲ့ သတ်မှတ်ထားပြီး လူတိုင်း သိထားသင့်တဲ့စိတ်ကျန်းမာရေးအခြေအနေတစ်ခုဖြစ်ပါတယ်။

ဘာရောဂါလက္ခဏာတွေပြတတ်လဲ

Cyclothymia စိတ်ရောဂါမှာ စိတ်အရမ်းတက်ကြွတဲ့လက္ခဏာတွေနဲ့ စိတ်ဓာတ်ကျနေတဲ့လက္ခဏာတွေဆိုပြီး ပုံစံ(၂)မျိုးပြသတတ်ပါတယ်။ အရမ်းတက်ကြွနေချိန်မှာဆိုရင်

– အကြောင်းရင်းမရှိဘဲအရမ်းတွေပျော်ရွှင်နေမယ်

– အရာရာကိုအရမ်းအကောင်းမြင်နေမယ်

– ကိုယ့်ကိုယ်ကိုယုံကြည်မှုလွန်ကဲနေမယ်

– စကားတွေအရမ်းပြောမိမယ်

ဂနာမငြိမ်ဖြစ်နေမယ်

– အလုပ်၊ လူမှုရေး၊ အချစ်ရေး ဘယ်လိုကိစ္စမှာမဆိုအာင်မြင်အောင်လုပ်နိုင်မယ်လို့ကိုယ့်ကိုယ်ကိုထင်နေမယ်

– အားအင်တွေအရမ်းပြည့်ဝနေပြီး အနားယူစရာတောင်မလိုဘူးလို့ယူဆမယ်

စိတ်ဓာတ်ကျနေချိန်မှာတော့

– ဘာမှမစားချင်မသောက်ချင်ဖြစ်နေမယ်

– အပေါ်နဲ့ပြောင်းပြန်ကိုယ့်ကိုယ်ကိုဘာမှသုံးစားမရသူလို့ထင်နေမယ်

– ညဖက်ကောင်းကောင်းအိပ်မရဖြစ်လာမယ်

– ဘာမှလည်းမည်မည်ရရမလုပ်ဘဲ ပင်ပန်းနွမ်းနယ်နေသလိုခံစားရမယ်

ကိုယ်အလေးချိန်လျော့ကျသွားမယ်

– တစ်ခါတစ်လေကိုယ့်ကိုယ်ကိုအဆုံးစီရင်မိဖို့အထိ စဉ်းစားမိနိုင်ပါတယ်

Cyclothymia ရောဂါကသိပ်မပြင်းထန်တဲ့အတွက် ဒီလက္ခဏာတွေခံစားရလည်းခဏပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီရောဂါရှိသူအများစုကကိုယ့်ကိုယ်ကိုရောဂါရှိနေမှန်းတောင် သိပ်သတိမထားမိတတ်တာတွေ့ရပါတယ်။ ဒါပေမဲ့ ရောဂါလက္ခဏာတွေမကြာခဏပေါ်လာတတ်ပြီး အနည်းဆုံး(၂)လကိုတစ်ကြိမ်ဒီလိုလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

Cyclothymia ရောဂါဘာ့ကြောင့်ဖြစ်ရသလဲ

စိတ်ရောဂါအများစုနည်းတူ Cyclothymia ဖြစ်ရတဲ့အကြောင်းရင်းကို အခုချိန်ထိ ရေရေရာရာမသိရှိရသေးပါဘူး။ သုတေသနတွေလည်း ပြုလုပ်ဆဲပါပဲ။ မိသားစုမျိုးရိုးထဲမှာစိတ်ရောဂါ ခံစားဖူးတဲ့သူ၊ ဦးနှောက်လုပ်ဆောင်ချက် သိပ်မမှန်တဲ့သူတွေနဲ့ စိတ်ဒဏ်ရာအကြီးအကျယ်ရဖူးသူတွေမှာ ပိုအဖြစ်များတာကိုတွေ့ရပါတယ်။

ရောဂါရဲ့နောက်ဆက်တွဲပြဿနာတွေကဘာတွေလဲ

စိတ်ရောဂါတစ်ခုဖြစ်တာကြောင့် မကုသဘဲထားလေ နောက်ပိုင်းမှာပိုဆိုးတဲ့ရောဂါတစ်ခုအဖြစ်ပြောင်းလဲသွား နိုင်လေပါပဲ။ Cyclothymia စိတ်ရောဂါအပျော့စားကိုမကုသခဲ့ရင် နောက်ပိုင်းမှာ စိတ်အတက်အကျမြန် Bipolar ရောဂါအဆင့်ထိရောက်သွားဖို့ရာခိုင်နှုန်းများပါတယ်။ နောက်ပြီးရောဂါလက္ခဏာတွေကြောင့် ပုံမှန်လူမှုဆက်ဆံ ရေးနဲ့အလုပ်ကိစ္စတွေမှာ ထိခိုက်မှုတွေအများကြီးဖြစ်ပေါ်လာနိုင်ပါတယ်။ ပိုဆိုးတာက လတ်တလောခံစားရတဲ့ ဝေဒနာတွေကို သက်သာချင်တဲ့စိတ်နဲ့ ဆေးလိပ်၊အရက်လို မူးယစ်ဆေးဝါးတွေကို သုံးစွဲမိပြီး စွဲသွားနိုင်တာ ပါပဲ။ ဒီလိုနဲ့နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်မိတဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။

ရောဂါကိုဘယ်လိုရှာဖွေအတည်ပြုသလဲ

Cyclothymia ရောဂါဟုတ်မဟုတ်ကို ဒီအချက် (၃) ချက်နဲ့ အတည်ပြုပါတယ်

၁ – စိတ်အတက်အကျဖြစ်တဲ့လက္ခဏာတွေကို (၂) နှစ်အတွင်းအနည်းဆုံးအချိန်တစ်ဝက်လောက်ခံစားရခြင်း

၂ – ရောဂါလက္ခဏာတွေပျောက်ကင်းချိန်က အချိန်(၂)လ ထက်မပိုခြင်း

၃ – စိတ်အတက်အကျလက္ခဏာတွေက မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောဂါဝေဒနာခံစားရမှု စတာတွေနဲ့ မသက်ဆိုင်ခြင်း

ဒီအချက် (၃) ချက်နဲ့ကိုက်ညီနေရင် အပျော့စားစိတ်အတက်အကျရောဂါခံစားနေရသူလို့ ယေဘုယျအနေနဲ့ သတ်မှတ်ပါတယ်။

ဘယ်လိုကုသနိုင်သလဲ

Cyclothymia စိတ်ရောဂါကိုကုသဖို့နည်းနည်းတော့ခက်ခဲပါတယ်။အဓိကအကြောင်းကတော့ လက္ခဏာ အရမ်းမပြင်းထန်တဲ့အတွက် ကိုယ့်ကိုယ်ကိုရောဂါရှိတယ်လို့မယူဆကြပါဘူး၊ ဒီအတွက်ကြောင့်ကုသမှုခံယူ ဖို့လည်း တွန့်ဆုတ်တတ်ကြပါတယ်။ နောက်ပြီးCyclothymia စိတ်ရောဂါကနာတာရှည်ရောဂါတစ်ခု ဖြစ်တဲ့အတွက် လုံးဝပျောက်ကင်းသွားအောင်ကုသဖို့မဖြစ်နိုင်သေးပါဘူး။ကုသမှုရဲ့အဓိကရည်ရွယ်ချက်က ဝေဒနာခံစားရမှု နည်းနိုင်သမျှနည်းသွားပြီး ပုံမှန်လူတစ်ယောက်လိုသွားလာပြောဆိုဆက်ဆံနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီလိုဖြစ်လာအောင် သောက်ဆေးတွေ၊ စိတ်ကျန်းမာရေးကုသမှုတွေဖြစ်တဲ့ အမူအကျင့်ကုထုံး၊လူမှုဆက်ဆံရေးကုထုံးတွေ သုံးပြီး ကုသပေးလျက်ရှိပါတယ်။

Dr. Htoo Tint

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 27/11/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။