home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဆီးချိုရောဂါရှင်များ သက်တမ်းစေ့နေထိုင်နိုင်မယ့် နောက်ဆုံးပေါ်ကုထုံးများ

ဆီးချိုရောဂါနဲ့ ပတ်သက်လို့ ကမ္ဘာတစ်လွှားမှာ အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း ‘မြန်မာနိုင်ငံဆီးချိုရောဂါအသင်း’ဆိုပြီး ရှိပါတယ်။ ဆိုလိုတာက ဆီးချိုရောဂါနဲ့ ပတ်သက်လို့ ပညာရှင်တွေက အမြဲတမ်း ပိုကောင်းတွေ နည်းလမ်းတွေကို ရှာဖွေနေကြပါတယ်။

ဆီးချိုရောဂါကို လုံးဝပျောက်ကင်းအောင် ကုလို့ မရသေးသည့်တိုင် ဆီးချိုကြောင့် နောက်ဆက်တွဲတွေကို တတ်နိုင်သမျှဖြစ်မလာအောင်၊ သက်တမ်းစေ့နေနိုင်အောင်၊ ဆီးချိုနဲ့အတူ တွဲဖြစ်နေတဲ့ သွေးတိုး၊ နှလုံး စတဲ့ ရောဂါတွေကို ကောာင်းကောင်းထိန်းချုပ်နိုင်အောင် နည်းလမ်းတွေကို ရှာဖွေနေကြပါတယ်။

ဒါကြောင့် ဆီးချိုနဲ့ ပတ်သက်ပြီး ကုထုံးတွေကို ပိုပိုကောင်းလာအောင် နှစ်စဉ်ပြုပြင်ပြောင်းလဲနေကြတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တစ်ကမ္ဘာလုံးက စံပြုထားတဲ့ အမေရိကန်ဆီးချိုအသင်းကြီးရဲ့ ၂၀၂၁အတွက် ကုထုံးလမ်းညွှန်ထွက်လာပါပြီ။ ဒီထဲက အပြောင်းအလဲလေးတချို့ကို ဝေမျှပေးချင်ပါတယ်။

အမေရိကန်ဆီးချိုအသင်းကြီးရဲ့ ၂၀၂၁ ကုထုံးလမ်းညွှန် (American Diabetes Association guidelines 2021)

အမျိုးအစား ၂ ဆီးချိုဆိုတာနဲ့ ထိပ်တန်းကုထုံးကတော့ မက်ဖော်မင်နဲ့ နေထိုင်မှု ပုံစံပြောင်းလဲတာပါပဲ။ ဆေးသောက်တာအပြင် ကိုယ်အလေးချိန်ချတာ၊ လှုပ်လှုပ်ရှားရှားနေတာ စတာတွေကလည်း တန်းတူ အရေးပါပါတယ်။ ဒါကတော့ပြောင်းလဲမှု မရှိပါဘူး။

ထူးခြားလာတာက နောက်ဆက်တွဲမဝင်သေးပေမယ့် ဝင်နိုင်တဲ့ အချက်တွေ (risk factors)တွေ ရှိနေရင် ဆေးတွေပေးပြီး ကြိုကာလာတာပါပဲ။ အရင်ကဆို HbA1cလို့ ခေါ်တဲ့ သုံးလစာ သွေးတွင်းသကြားဓာတ်ပေါ်မူတည်ပြီး ဆေးတွေကို အတိုးအလျော့ လုပ်ပါတယ်။ ခုကုထုံးသစ်မှာ HbA1cတင် မကဘဲ နောက်ဆက်တွဲရောဂါတွေကိုပါ ဦးစားပေး စဉ်းစားလာကြပါပြီ။

ဘာတွေပြောင်းလဲလာသလဲ။

မက်ဖော်မင်ပေးထားပြီးပေမယ့် HbA1cကို ထိန်းနိုင်သည် ဖြစ်စေ၊ မထိန်းနိုင်သည်ဖြစ်စေ နှလုံးသွေးကြောကျဉ်းနိုင်တဲ့ အနေအထားရှိနေရင်(အသက် ၅၅နှစ်အထက် လည်ပင်းသွေးကြော၊ နှလုံးသွေးကြော၊ ခြေထောက်သွေးကြောတွေက ၅၀ရာခိုင်နှုန်းနဲ့အထက် ကျဉ်းနေတာ ဒါမှမဟုတ် နှလုံးကြီးနေတာ) ဒါမှမဟုတ် နာတာရှည်ကျောက်ကပ်ရောဂါရှိနေရင် ဆေးတွေထပ်ထည့်ပါတယ်။

နောက်တစ်ခုက ဒီလိုအချက်တွေ မရှိပေမယ့် HbA1cကို ကောင်းကောင်းမထိန်းနိုင်ဘူးဆိုရင် ဆေးတွေ ထပ်ထည့်ရပါတယ်။ ဒီလိုထပ်ထည့်တဲ့အခါမှာ လူနာအခြေအနေကို အသေးစိတ်စဉ်းစားပြီး ဆေးတွေကို ရွေးချယ်လာကြပါတယ်။ ဥပမာ လူနာက ဆီးချိုကျတတ်သလား။ အဝလွန်နေသလား စသဖြင့်။

ဒီအချက်တွေပေါ်မူတည်ပြီး လူနာအတွက် အကောင်းဆုံးဖြစ်မယ့်ဆေးကို တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ဆေးတွေကို ချိန်ညှိပေးလာကြပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှင်တွေမှာ တစ်ယောက်နဲ့ တစ်ယောက် ပေးတဲ့ဆေးတွေ၊ ပမာဏတွေ ကွာခြားနေတာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် Glucagon like peptide 1 receptor agonists (GLP-1 RA) ဆိုတဲ့ ဆေးက ဆီးချိုကုသရေးမှာ ထိပ်ကို တက်လာပါပြီ။

ဘာကြောင့်အသုံးများလာတာလဲ။

အဓိကကတော့ သူက CVD benefitsလို့ ခေါ်တဲ့ နှလုံးအတွက် ကောင်းတာရယ်၊ ကျောက်ကပ်အတွက် ကောင်းတာရယ်ကြောင့်ပါ။ ဒါကြောင့် HbA1c ထိန်းနိုင်သည် ဖြစ်စေ၊ မထိန်းနိုင်သည်ဖြစ်စေ နှလုံးသွေးကြောကျဉ်းနိုင်တဲ့ ကျောက်ကပ်ထိနိုင်တဲ့ အခြေအနေတွေ ရှိနေရင် စောစော စပေးထားတာက လူနာအတွက် အများကြီး အကျိုးရှိပါတယ်။

ဒါ့ပြင် GLP-1 RA ကို ဆီးချိုကျတတ်တဲ့သူတွေ၊ အဝလွန်နေတဲ့ ဆီးချိုသမားတွေအတွက် ဦးစားပေးရွေးချယ်လာပါပြီ။ GLP-1 RAက အူကထွက်တဲ့ ဟော်မုန်းကို ပုံတူယူထားတာဖြစ်ပြီး

  • အူလမ်းကြောင်း လှုပ်ရှားမှုကို နှေးကွေးစေတာကြောင့်ခဏခဏ ဗိုက်မဆာပါဘူး။
  • အစာအိမ်အက်စစ် ထွက်တာကို နည်းစေတာကြောင့် အစာခြေတာ နှေးပြီး အဆာခံပါတယ်။
  • အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတယ်။ ဒီအချက်တွေကြောင့် အဝလွန်တာမျိုး မဖြစ်တော့ပါဘူး။ မဝစေတဲ့အပြင် အစားအသောက်ပါဆင်ခြင်မယ်ဆိုရင် ဝိတ်ပါကျစေတယ်လို့ ဆိုပါတယ်။
  • သွေးတွင်းသကြားဓာတ်ကို တက်စေတဲ့ ဂလူကာဂွန် (glucagon)လို့ ခေါ်တဲ့ ဟော်မုန်းမထွက်အောင် တားဆီးပေးတယ်။
  • အင်ဆူလင်ထွက်လာအောင် အားပေးတယ်။
  • အစာအိမ်ထဲကို အစာရောက်လာမှ ဟော်မုန်းက ထွက်လာတဲ့အတွက် သွေးတွင်းသကြားဓာတ်ကို အလွန်အမင်းကျဆင်းတာမျိုး မဖြစ်စေပါဘူး။

နောက်ထပ်တစ်ချက်က တကယ်လို့ HbA1cက ကျေနပ်လောက်တဲ့ အနေအထားမဟုတ်လို့ ထိုးဆေး စတော့မယ်ဆိုရင် လူနာအများစုမှာ အင်ဆူလင်မစခင် GLP-1 RAကို စပြီးထိုးဖို့ အကြံပြုထားပါတယ်။ ဒါနဲ့ မရမှ အင်ဆူလင်နောက်ကလိုက်ဖို့ အကြံပြုထားပါတယ်။

GLP-1 RA ဆေးဝါးများ

GLP-1ကို ပုံစံယူပြီး ထုတ်ထားတဲ့ ဆေးဝါးတွေကတော့ စားဆေး၊ ထိုးဆေး အစုံရှိပါတယ်။ ထိုးဆေးကတော့ ပိုပြီး ရွေးချယ်စရာ များပါတယ်။ အပ်ပါးပါးလေးနဲ့ ထိုးရတာ ဖြစ်ပြီး ဘောပင်ပုံစံဖြစ်လို့ ပမာဏချိန်ညှိရတာ အင်မတန်လွယ်ပါတယ်။

အမျိုးအစား ၂ဆီးချိုခံစားနေရတဲ့ လူနာတွေ သက်တမ်းစေ့နေနိုင်ဖို့ ပညာရှင်ကုထုံးတွေကို နှစ်စဉ် အဆင့်မြှင့်ပြီး လိုသလို ပြောင်းလဲလာကြပါတယ်။ ဒါ့ပြင် ခုလိုမျိုး နောက်ဆက်တွဲ နှလုံးသွေးကြောကျဉ်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကို ကာကွယ်နိုင်ပြီး လူနာအများစု စိုးရိမ်နေတဲ့ ဆီးချိုအလွန်အမင်းကျတာ၊ အဝလွန်တာကို ကာကွယ်ပေးနိုင်တဲ့ GLP-1 RAလို ဆေးမျိုးတွေ ရှိနေပြီဆိုတော့ လူနာများအတွက် ဝန်ထုပ်ဝန်ပိုးတွေ အများကြီး လျော့ကျသွားမှာ အမှန်ပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 5 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။