အမျိုးသမီးတွေရဲ့ သမိုင်းပေးတာဝန်တွေထဲမှာ ကလေးမွေးဖွားတာနဲ့ ကလေးကိုပြုစုပျိုးထောင်ပေးရတာလည်းအပါအဝင်ပါပဲ။ ကလေးကိုပျိုးထောင်တဲ့နေရာမှာလည်း ကလေးတစ်ယောက်ကိုသေသေချာချာပျိုးထောင်ပေးဖို့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ၂ နှစ်တန်သည် ၃ နှစ်တန်သည်လောက်ခြားဖို့လိုအပ်တဲ့အတွက် သားဆက်ခြားဖို့မဖြစ်မနေဆောင်ရွက်သင့်ပါတယ်။ အခုတစ်ခေါက်တော့ ကလေးမွေးဖွားပြီးတဲ့ မိခင်အသစ်စက်စက်လေးတွေအတွက် ဘယ်သားဆက်ခြားနည်းက အသင့်တော် ဆုံးဖြစ်မလဲဆိုတာကိုပြောပြချင်ပါတယ်။ ကလေးမွေးထားပြီး ကလေးနို့တိုက်နေချိန်မှာလည်း ကလေးရနိုင်ချေရှိပါတယ်။ ဒါကြောင့်ကလေးမွေးဖွားပြီးတဲ့မိခင်တွေအနေနဲ့လည်း သင့်တော်တဲ့သားဆက်ခြားနည်းကိုသေသေချာချာရွေးချယ်ဖို့လိုပါမယ်။
ကလေးမွေးပြီးပြီးချင်း သားဆက်ခြားနည်းသုံးဖို့လိုမလား
ဒါကကလေးကို ဘယ်လိုနို့တိုက်လဲဆိုတဲ့အပေါ်မှာမူတည်နေပါတယ်။ တကယ်လို့ သင့်အနေနဲ့ ကလေးကို နို့မှုန့်တိုက်တာ၊ မိခင်နို့နဲ့ အာဟာရမှုန့်ကိုတွဲဖက်ကျွေးမွေးမယ်ဆိုရင်ကလေးမွေးဖွားပြီး သီတင်းပတ် ၆ ပတ်ကနေ ၁၃ ပတ်အတွင်းမှာ ရာသီသွေးပြန်ပေါ်လာပါလိမ့်မယ်။
ရာသီသွေးမဆင်းခင် သီတင်းပတ် နှစ်ပတ်မတိုင်ခင်ကတည်းက သန္ဓေအောင်နိုင်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ ကလေးမွေးဖွားပြီးနောက်ပိုင်း ၃ ပတ်ကနေ ၄ပတ်အတွင်းမှာ သားဆက်ခြားနည်းတစ်ခုခုကိုစတင် အသုံးပြုရမှာဖြစ်ပါတယ်။
သင့်အနေနဲ့ ကလေးကိုမိခင်နို့ပဲ အမြဲတိုက်ကျွေးနေရင်ဖြစ်ဖြစ် ကလေးကိုဖြည့်စွက်စာတစ်ခုခုတွဲဖက်ကျွေးနေတာမျိုးမရှိဘူးဆိုရင် သန္ဓေတားနည်းအသုံးမပြုဘဲနေလို့ရပါသေးတယ်။ မိခင်နို့တိုက်ကျွေးနေဆဲဆိုရင် ကလေးအသက် ၆ လအထိပဲ သားဆက်ခြားနည်းမလိုဘဲ နေလို့ရတာဖြစ်ပါတယ်။ ကလေးကို အပြည့်အဝနို့တိုက်နေသေးတယ်ဆိုရင်ရာသီစက်ဝန်းကပြန်မစလောက်သေးပါဘူး။ ဒါပေမယ့် အသေချာဆုံးနဲ့စိတ်အချရဆုံးက သားဆက်ခြားနည်းကိုအသုံးပြုတာပါပဲ။
ကလေးနို့တိုက်နေချိန်မှာ ဘယ်သန္ဓေတားနည်းကို အသုံးပြုနိုင်မလဲ
ကလေးနို့တိုက်နေချိန်မှာ ဒီသားဆက်ခြားနည်းတွေကို အသုံးပြုလို့ရပါတယ်။
- အမျိုးသားသုံးကွန်ဒုံး (သို့မဟုတ်) အမျိုးသမီးသုံးကွန်ဒုံး
- သန္ဓေတားသောက်ဆေး (mini-pill)
- သန္ဓေတားထိုးဆေး
- လက်မောင်းတွင်းထည့်ပစ္စည်း
- သားအိမ်တွင်းထည့်ပစ္စည်း (IUD)
- သားကြောဖြတ်ခြင်း
(၁) ကွန်ဒုံး
အသုံးပြုရအလွယ်ကူဆုံး သားဆက်ခြားနည်းပါ။ နို့တိုက်နေချိန်မှာလည်း အသုံးပြုနိုင်ပါတယ်။ ကလေးအပေါ်သက်ရောက်မှုရှိမှာမဟုတ်ပါဘူး။ အမျိုးသားသုံးကွန်ဒုံးပဲဖြစ်ဖြစ် အမျိုးသမီးသုံးကွန်ဒုံးကိုပဲဖြစ်ဖြစ်အသုံးပြုပေးလို့ရပါတယ်။ ဒါပေမယ့် အမျိုးသားသုံးကွန်ဒုံးကတော့ ဝယ်ရပိုလွယ်ပါတယ်။
(၂) mini-pillသောက်မယ်
သင့်အနေနဲ့ ကလေးမွေးထားပြီးရင်progestogen-only pill (POP) လို့ခေါ်တဲ့ သန္ဓေတားဆေးတစ်မျိုးဖြစ်တဲ့ mini – pill ကိုသောက်ပေးလို့ရပါတယ်။ ဒီဆေးက နို့ထွက်တာကိုထိခိုက်စေမှာမဟုတ်ပါဘူး။ ဒီသောက်ဆေးထဲမှာprogestogenဟော်မုန်းပါဝင်ပါတယ်။ ဒီဟော်မုန်းက မိခင်နို့ကနေတဆင့် ကလေးဆီကိုရောက်ရှိနိုင်တယ်ဆိုပေမယ့် ကလေးမှာထိခိုက်တာမျိုးတော့ရှိမှာမဟုတ်ပါဘူး။ ဒီဆေးကို ကလေးမွေးပြီးဘယ်ချိန်မှာမဆို သောက်သုံးပေးလို့ရပါတယ်။နေ့စဉ်မှန်မှန်သောက်ပေးဖို့တော့လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် ကလေးတစ်ဖက်နဲ့ အလုပ်များတဲ့ မိခင်တွေအနေနဲ့တော့ အခုလိုဆေးသောက်တာက နည်းနည်းတော့ ကသီပါလိမ့်မယ်။ တစ်ခုရှိတာက မိခင်နို့တိုက်ကျွေးနေဆဲဖြစ်ရင် ကလေးအသက် ၆ ပတ်အထိစောင့်ပြီးမှ POPဆေးကို သောက်သုံးသင့်ပါတယ်။
(၃) သန္ဓေတားထိုးဆေး
သန္ဓေတားထိုးဆေးကလည်း ရက်သတ္တပတ်အတော်ကြာတဲ့အထိ စိတ်ချရပါတယ်။ ထိရောက်မှုလည်းရှိပါတယ်။ ၃လခံ ၂လခံစသဖြင့်ရှိပါတယ်။ ထိုးဆေးမှာprogestogenဟော်မုန်းပါဝင်နေပြီး နို့ကနေတဆင့် ကလေးဆီကို အနည်းငယ်ရောက်ရှိနိုင်ပါတယ်။ ကလေးကိုထိခိုက်စေတာမျိုးမရှိပါဘူး။ သတိထားရမှာတစ်ခုက သင့်အနေနဲ့ကလေးမွေးပြီးစ သီတင်းပတ်အနည်းငယ်အတွင်းမှာ သန္ဓေတားဆေးထိုးလိုက်တာမျိုးဖြစ်မယ်ဆိုရင်သွေးအများကြီးဆင်းတာ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့သွေးဆင်းတာမျိုးတွေခံစားရနိုင်ပါတယ်။
(၄) သားအိမ်တွင်းထည့်ပစ္စည်း (IUD)
ကလေးမွေးပြီးတဲ့မိခင်တွေအနေနဲ့ရွေးချယ်သင့်တဲ့နောက်ထပ် သန္ဓေတားနည်းတစ်ခုက သားအိမ်တွင်းထည့်ပစ္စည်း (IUD) ပါ။ IUD ထည့်တဲ့အခါမှာလည်း ထည့်တဲ့ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ၅ နှစ်ကနေ ၁၀ နှစ်လောက်အထိကိုခံပါတယ်။ ခွဲမွေးတဲ့မိခင်ပဲဖြစ်ဖြစ် ရိုးရိုးမွေးတဲ့မိခင်ပဲဖြစ်ဖြစ် IUD ကို အသုံးပြုလို့ရပါတယ်။ သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ထားတယ်ဆိုရင် ကလေးမွေးဖွားပြီးတာနဲ့ ၄၈ နာရီအတွင်း ထည့်ရင်ထည့်၊ မထည့်ရင် မွေးပြီး ၄ပတ်နေရင် ထည့်လို့ရပါပြီ။ ကလေးမွေးပြီးစ မိခင်တွေအတွက် သက်တောင့်သက်သာအရှိဆုံးနဲ့ဘေးအကင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။
(၅) လက်မောင်းတွင်းထည့်ပစ္စည်း
ဒါကတော့ လက်မောင်းထဲမှာ မီးခြစ်ဆံခေါင်းအရွယ်လောက် ပစ္စည်းလေးထည့်တာပဲဖြစ်ပါတယ်။ ဒီသန္ဓေတားဆေးကလည်းprogestogenဟော်မုန်းပမာဏအနည်းငယ်တော့ထွက်ရှိစေနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါထည့်ထားပြီးရင် ၃ နှစ်ကနေ ၅နှစ် လောက်အထိ ခံပါတယ်။ ဒီပစ္စည်းလေးက ဖယ်ထုတ်လိုက်တာနဲ့လည်း ချက်ချင်းကိုယ်ဝန်ရရှိစေနိုင်မှာဖြစ်ပါတယ်။ ကလေးကို မိခင်နို့တစ်မျိုးတည်းတိုက်တာမဟုတ်ဘူးဆိုရင်တော့ ကလေးမီးဖွားပြီး သီတင်းပတ် ၃ ပတ်အကြာမှာစတင်အသုံးပြုလို့ရပြီဖြစ်ပြီး ကလေးနို့တိုက်နေတယ်ဆိုရင်တော့ ကလေးမွေးပြီး ၄ ပတ်လောက်အကြာမှာ စတင်အသုံးပြုလို့ရပြီဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးနေဆဲမဟုတ်ရင် ချက်ချင်းထည့်၊ဟုတ်ရင် ၆ ပတ်စောင့်ပေးရပါတယ်။
(၆) သားကြောဖြတ်ခြင်း
ဒါကတော့ခွဲစိတ်မှုပါတဲ့ သားဆက်ခြားနည်းတစ်မျိုးပါ။ အမျိုးသမီးတွေမှာရှိတဲ့ သားဥပြွန်ကိုဖြတ်လိုက်တာဖြစ်တာကြောင့် သားဥတွေနဲ့ သုက်ပိုးတွေ မထိတွေ့မိတော့ပါဘူး။ ခွဲမွေးတဲ့သူတွေဆိုရင် ကလေးမွေးတဲ့အချိန်မှာ တစ်ခါတည်း ဒီခွဲစိတ်မှုကိုလုပ်လို့ရပါတယ်။ ရိုးရိုးမွေးတဲ့သူတွေဆိုရင်တော့ ကလေးမွေးဖွားပြီး ၄၈ နာရီအတွင်း သားကြောဖြတ်တာကိုပြုလုပ်လို့ရပါတယ်။ သားကြောဖြတ်တာကတော့ ရာသက်ပန် သားဆက်ခြားနည်းလို့ပြောရပါမယ်။ သားကြောဖြတ်ထားတဲ့သူတွေက ကလေးလုံးဝမရနိုင်တော့ပါဘူး။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။