backup og meta

အများသုံးဘိုထိုင်အိမ်သာတွေကနေ လိင်ကတဆင့်ကူးစက်ရောဂါတွေ ကူးနိုင်သလား

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အများသုံးဘိုထိုင်အိမ်သာတွေကနေ လိင်ကတဆင့်ကူးစက်ရောဂါတွေ ကူးနိုင်သလား

    Shopping mallတို့၊ စားသောက်ဆိုင်တို့ သွားလို့ အိမ်သာတက်ကြရင် ဘယ်လိုများ တက်ကြလဲ။ တင်ပါးနဲ့ အိမ်သာနဲ့ မထိအောင် ကြွပြီး တက်ကြတယ်ဟုတ်။ မြန်မာထိုင်အိမ်သာဆိုရင် ပြဿနာ မရှိပေမယ့် ဘိုထိုင်ဆိုရင် မထိအောင် ကြိုးစားပြီး တက်ကြပါတယ်။ အကြောင်းကတော့ ရောဂါကူးမှာ ကြောက်လို့ပါတဲ့။ အထူးသဖြင့်တော့ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေပေါ့။ တကယ်ပဲ အများသုံးဘိုထိုင်အိမ်သာတွေကနေ လိင်ကတဆင့်ကူးစက်ရောဂါတွေ ကူးနိုင်သလား။

    လိင်ကတဆင့် ကူးစက်ရောဂါတွေက အိမ်သာမှာ ရှိနေနိုင်သလား

    လူအများစိုးရိမ်ကြတာကတော့ ကိုယ်ထိုင်မယ့် အိမ်သာခွက်မှာ ရောဂါပိုးတွေ ရှိနေမှာကိုပါပဲ။ ပိုးဆိုတာ မျက်စိနဲ့လည်း မမြင်ရဘူးလေ။ လိင်ကတဆင့်ကူးစက်ရောဂါတွေထဲမှာဆိုရင်

    • ဘက်တီးရီးယားတွေ ဖြစ်တဲ့ ဆစ်ဖလစ်တို့၊ ဂနို ဆီးပူညောင်းကျတို့၊ ကလိုင်မဲဒီးယားတို့ ရှိသလို
    • ဗိုင်းရပ်စ်တွေဖြစ်တဲ့ HIV၊ ဘီပိုး၊ လိင်အင်္ဂါကြွက်နို့ပိုး၊ ရေယုန်
    • ကပ်ပါးပိုးတွေဖြစ်တဲ့ Trichomoniasis စတာတွေ ရှိပါတယ်။

    ဒါတွေက အိမ်သာထဲမှာ ရှိနေနိုင်လားဆိုရင် ရှိနေနိုင်ပါတယ်။

    အများသုံးဘိုထိုင်အိမ်သာတွေကနေ လိင်ကတဆင့်ကူးစက်ရောဂါတွေ ကူးနိုင်သလား

    ပိုးတွေ ရှိနေနိုင်တယ်ဆိုတော့ ရောဂါရော ကူးနိုင်သလား။ သီအိုရီအရ ဖြစ်နိုင်ချေ ရှိပေမယ့် လက်တွေ့မှာတော့ မကူးပါဘူး။ ဘာကြောင့်လဲဆိုတော့

    • ပိုးတွေက ခန္ဓာကိုယ်ပြင်ပမှာ အကြာကြီး မနေနိုင်ပါဘူး။ ကပ်ပါးပိုးက ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ထက် နည်းနည်းပိုကြာကြာ ရှင်နိုင်တယ်ဆိုပေမယ့် ဒါကလည်း အကြာကြီး မဟုတ်ပါဘူး။

      ဒါကြောင့် အိမ်သာအိုးမှာ ပေခဲ့တယ်ဆိုရင်တောင် ခဏနေ သေသွားပါပြီ။

    အိမ်သာမှာ လူများနေလို့ ရှေ့လူထွက်တာနဲ့ တန်းဝင်လိုက်တာ၊ ရှေ့ကလူမှာ ပိုးရှိနေရင်ရော

    • အဲ့လိုဆိုရင်တောင် ရှေ့ကလူထိုင်သွားတဲ့ နေရာ (တိတိကျကျ ပြောရရင် သူ့ရဲ့ လိင်အင်္ဂါ ထိခဲ့တဲ့နေရာ)မှာ ကိုယ်က ကွက်တိထိုင်မိမှာပါ။ အိမ်သာမှာ ထိုင်တဲ့အခါ အများစုက တင်ပါးနဲ့ပဲ ထိုင်တတ်ပြီး လိင်အင်္ဂါက လွတ်နေတတ်ပါတယ်။
    • HIVလို သွေးကတဆင့် ကူးနိုင်တဲ့ ရောဂါတွေဆိုရင် ကိုယ့်တင်ပါးနဲ့ လိင်အင်္ဂါတစ်ဝိုက်မှာ ရောဂါပိုးကူးနိုင်လောက်အောင် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာဖြစ်ဖြစ် ရှိထားမှ ကူးမှာ ဖြစ်ပါတယ်။

    ဒါကြောင့် လက်တွေ့မှာ ကူးနိုင်ခြေက အင်မတန် နည်းပါတယ်။

    လိင်ကတဆင့်ကူးစက်ရောဂါတွေ မကူးဘူးဆိုတော့ ဘယ်လိုရောဂါတွေ ကူးနိုင်သလဲ

    လိင်ကတဆင့် ကူးစက်ရောဂါတွေ ကူးနိုင်ခြေနည်းတယ်ဆိုပြီး စိတ်ချထားလို့တော့ မရပါဘူး။ အိမ်သာဆိုတာ ပိုးပေါင်းစုံတဲ့ နေရာတစ်ခုမဟုတ်လား။ တခြားပိုးတွေ အများကြီး ကျန်ပါ‌သေးတယ်။

    အိမ်သာကနေ ရောဂါကူးတာက အိမ်သာထိုင်ခုံမှာ ထိုင်လို့ဆိုတာထက် အဓိက တရားခံက ‘လက်’ပါ။ လက်ကနေ ကူးတာ များပါတယ်။ လက်နဲ့ အိမ်သာတံခါးတွေ၊ ရေပိုက်တွေ၊ လက်ရန်းတွေ၊ ဘေစင်တွေကို ကိုင်မယ်ဆိုရင် ပိုးတွေ ကပ်ပါလာနိုင်ပါတယ်။

    ဒါကြောင့် အိမ်သာက ထွက်လာရင် လက်ဆေးဖို့ ပြောတာပါ။ လက်မဆေးရင် ဒီရောဂါပိုးတွေက ကိုယ်ထဲကို အလွယ်တကူ ဝင်လာနိုင်ပါတယ်။ အိမ်သာကနေ ပါလာတတ်တဲ့ ပိုးတွေကတော့

    • အထက်လန်အောက်လျှောဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေ
    • အူလမ်းကြောင်းမှာ ရှိတဲ့ ဘက်တီးရီးယားတွေ ဖြစ်တဲ့ အီးကိုလိုင်တို့၊ Samonella ဒါတွေလည်း ကူးနိုင်ပါတယ်။

    တုပ်ကွေးတို့၊ အအေးမိ ဗိုင်းရပ်စ်တို့ကတော့ အိမ်သာမှာ လူများတဲ့အခါ အချင်းချင်း နှာချေချောင်းဆိုးရာကနေ ကူးနိုင်ပါတယ်။

    အများသုံးဘိုထိုင်အိမ်သာ ကနေ ရောဂါမကူးစေဖို့

    လိင်ကတဆင့်ကူးစက်ရောဂါတွေ ကူးနိုင်ခြေက မရှိသလောက်ပဲဆိုတာ သိသွားပြီဆိုတော့ နောက်တစ်ခါ အိမ်သာဝင်ရင် စိတ်ချလက်ချ ထိုင်လို့ ရပါပြီ။ တင်ပါးမှာ ထိခိုက်ဒဏ်ရာတွေ ရှိနေရင်တော့ သတိထားပေါ့။

    သူများထိုင်ထားတာကြောင့် မသတီဘူး။ အညစ်အကြေးတွေ ပေနေမှာ စိုးရိမ်တယ်ဆိုရင်တော့

    • ကိုယ်ထိုင်မယ့်နေရာကို တစ်ရှူးနဲ့ သုတ်ပါ။ ဒါမှမဟုတ် ရေနဲ့ ဆေးပါ။ ဒါမှမဟုတ် တစ်ရှူးခင်းပြီးမှ  ထိုင်ပါ။
    • အိမ်သာရေဆွဲချမယ်ဆိုရင် အဖုံးအုပ်ပြီး ရေဆွဲချပါ။
    • အိမ်သာကအထွက်မှာ လက်ဆေးပါ။
    • အိမ်သာထဲမှာ အကြာကြီး မနေပါနဲ့။
    • အိမ်သာထဲမှာ ဖုန်းသုံးတာ၊ ဖုန်းကို ဟိုနားဒီနားချတာ မလုပ်ပါနဲ့။ ပိုးတွေ ဖုန်းမှာ ကပ်ပြီး ပါသွားနိုင်ပါတယ်။

    ဒီလောက်ဆိုရင် အိမ်သာကနေ ကူးမယ့်ရောဂါပိုးတွေကို ကာကွယ်နိုင်ပါပြီ။ နောက်တစ်ခါ အိမ်သာဝင်ရင်လည်း ကွတလေး ထိုင်စရာမလိုတော့ဘူးပေါ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement