backup og meta

မိန်းမကိုယ်ထဲမှာ လိင်တံညပ် နေခဲ့ရင်

မိန်းမကိုယ်ထဲမှာ လိင်တံညပ် နေခဲ့ရင်

ရုပ်ရှင်တွေထဲမှာ လိင်တံညပ်လို့ ကိစ္စတန်းလန်းကြီးနဲ့ ဆေးရုံရောက်လာတာ မြင်ဖူးမှာပေါ့။ တကယ်တော့ ဒါက ရှားပါး ကိစ္စပါ။ ရှားပေမဲ့ မဖြစ်ဘူးလို့ ပြောတာ မဟုတ်တာကြောင့် မတော်တဆများ ကိုယ့်အလှည့်ကျမှ တိုက်တိုက်ဆိုင်ဆိုင် မိန်းမကိုယ်ထဲမှာ လိင်တံညပ် နေခဲ့ရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကြိုတင် လေ့လာထားကြဦးနော်။

ဘယ်လိုကြောင့် မိန်းမကိုယ်ထဲမှာ လိင်တံညပ် ရတာလဲ။

လိင်စိတ်ကြွချိန်၊ လိင်ဆက်ဆံချိန်မှာ ထိုးသွင်းနိုင်ဖို့ လိင်တံထဲကို သွေးတွေ ဝင်လာပြီး ထောင်မတ်လာပါတယ်။ အမျိုးသမီးတွေကတော့ ထောင်မတ်တဲ့ လိင်တံကို လက်ခံနိုင်ဖို့ မိန်းမကိုယ်ကြွက်သားတွေ ပြေလျော့ပြီး ချောဆီတွေ ထွက်လာရပါတယ်။

လိင်ဆက်ဆံချိန်မှာတော့ မိန်းမကိုယ် ကြွက်သားတွေ တင်းလာပြီး လိင်တံကို သွားသွားညှစ်တတ်ပါတယ်။ ဒါက သဘာဝပါ။ နောက်ဆုံး မိန်းမကိုယ် ကြွက်သားတွေ အတင်းဆုံးဖြစ်ပြီး ပြီးမြောက်သွားပါတယ်။ ပြီးသွားရင်တော့ ကြွက်သားတွေလည်း ပြန်ပြေလျော့သွားသလို လိင်တံကလည်း ပြန်ပျော့သွားပါတယ်။

ဒါက သဘာဝဖြစ်စဉ်ပါ။

တချို့အမျိုးသမီးတွေမှာ ပြီးမြောက်သွားတာတောင် ကြွက်သားတွေက တင်းနေတတ်ပေမဲ့ ခဏလောက်နေရင် ပြန်လျော့သွားပါတယ်။

ရှားပါးဖြစ်စဉ်တွေမှာတော့ မိန်းမကိုယ်ကြွက်သားတွေက တင်းလွန်းတဲ့အတွက် လိင်တံကို ညှစ်ပြီး ပြီးမြောက်သွားတာတောင် ပြန်ထုတ်လို့မရတော့ပါဘူး။ ဒီတော့ မိန်းမကိုယ်မှာ လိင်တံညပ်နေတာပေါ့။ ဒီဖြစ်စဉ်ကို penis captivus လို့ခေါ်ပါတယ်။

ဒါက ရှားပါးလွန်းတဲ့အတွက် လေ့လာချက်တွေလည်း အတိအကျ မရှိပါဘူး။ ဘာကြောင့်ဖြစ်မှန်း သေချာ မပြောနိုင်ပေမဲ့ တချို့ကလည်း မိန်းမကိုယ်ကျပ်လွန်းတဲ့ ပြဿနာ Vaginismus နဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

မိန်းမကိုယ် ကျပ်တယ်ဆိုတာ

မိန်းမကိုယ် ကျပ်တယ်ဆိုတာ အလွယ်ပြောရရင် မိန်းမကိုယ်ထဲ ဝင်လာသမျှကို ကြွက်သားတွေက ဆွဲညှစ်ထားတာပါ။ ဥပမာ လိင်တံဝင်ရင် လိင်တံကို ညှစ်ထားမယ်။ Tamponဝင်ရင် Tamponကို ညှစ်ထားတာမျိုးပါ။

ဒီလိုဖြစ်ရတာက မိန်းမကိုယ်ထဲကို တစ်ခုခု ဝင်တဲ့အခါ နာတာကြောင့် ကြွက်သားတွေက အလိုအလျောက် ညှစ်လိုက်တာ ဖြစ်နိုင်သလို အရင်က အကောင်း၊ နောက်မှ သူ့အလိုလို ဖြစ်လာတာလည်း ဖြစ်နိုင်ပါတယ်။

ဘာကြောင့် ဖြစ်တာလဲဆိုတာကို အတိအကျ မပြောနိုင်ကြသေးပါဘူး။ တချို့ကလည်း လိင်ဆက်ဆံရမှာကို ကြောက်တာ၊ စိုးရိမ်တာကြောင့်လို့ ယူဆကြပါတယ်။

ပြောရမယ်ဆို ဒါက ထူးဆန်းတဲ့ ပြဿနာပါ။ တချို့အမျိုးသမီးတွေက မိန်းမကိုယ်ထဲကို ဘာဝင်ဝင် ညှစ်ထားတတ်ပါတယ်။ တချို့ကျတော့လည်း တစ်ယောက်နဲ့ အတူနေရင် ဘာမှမဖြစ်ဘဲ နောက်တစ်ယောက်နဲ့ နေမှ ဖြစ်တာမျိုး။ တချို့ကျတော့လည်း tamponထည့်ရင် အကောင်း လိင်ဆက်ဆံမှ ညှစ်မိတာမျိုး စသဖြင့် မျိုးစုံ ဖြစ်တတ်ပါတယ်။

မိန်းမကိုယ်ထဲမှာ လိင်တံညပ် ရင် ဘာဖြစ်တတ်သလဲ။

အဓိကကတော့ ထိခိုက်ဒဏ်ရာတွေ ရတာပါ။ ကြောက်ကြောက်လန့်လန့်နဲ့ အတင်းဆွဲထုတ်တဲ့အတွက် မိန်းမကိုယ်ပြဲတာ၊ လိင်တံပွန်းပဲ့တာတွေ ဖြစ်တတ်ပါတယ်။ လိင်တံနာကျင်တာလည်း ခံစားရတတ်ပါတယ်။

မိန်းမကိုယ်ထဲမှာ လိင်တံညပ် နေခဲ့ရင် ဘာလုပ်သင့်သလဲ။

ဒါက ရှားပါးတဲ့ အခြေအနေပါ။ ဒါပေမဲ့ မတော်တဆ ကြုံလာခဲ့မယ်ဆိုရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုပါ။

  • စိတ်အေးအေးထားပါ။ စိတ်လှုပ်ရှားရင် ကြွက်သားတွေ ပိုတောင့်သလို မိန်းမကိုယ် ကြွက်သားတွေလည်း ညှစ်ပါတယ်။
  • တတ်နိုင်သမျှ စိတ်ကို ငြိမ်ကျသွားအောင် အသက်ကို ရှူသွင်းရှူထုတ် လုပ်နေပါ။
  • အတင်းဆွဲမထုတ်ပါနဲ့။
  • အများစုက ခဏလောက်နေလို့ ကြွက်သားတွေ ပြေလျော့လာရင် ပြန်ဆွဲထုတ်လို့ ရသွားပါတယ်။
  • အချိန်ကြာတာတောင် ထုတ်လို့ မရဘူးဆိုရင်တော့ ဆေးရုံကားခေါ်ပါ။ ဆေးရုံမှာ ကြွက်သားပြေလျော့စေတဲ့ ဆေးပေးပြီး ထုတ်ရပါမယ်။
  • ပြီးရင်တော့ အမျိုးသမီးမှာ မိန်းမကိုယ် ကျပ်တဲ့ ပြဿနာ ရှိမရှိ စစ်ဆေးရနိုင်ပါတယ်။

အနှစ်ချုပ်

မိန်းမကိုယ်ထဲ လိင်တံညပ် တာက ရှားပါး ဖြစ်စဉ်ပါ။ မိန်းမကိုယ် ကျပ်တာနဲ့ ဆက်စပ်နေနိုင်ပါတယ်။ မတော်တဆ ဖြစ်လာခဲ့ရင် စိတ်အေးအေးထားပါ။ အတင်းဆွဲမထုတ်ပါနဲ့။ အများစုက ခဏနေရင် ထုတ်လို့ ရသွားပါတယ်။ မရရင်တော့ ဆေးရုံသွားပြီး ကုသရပါမယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Penis captivus–did it occur? https://www.ncbi.nlm.nih.gov/pmc/articles/PMC1596579/?page=1 Accessed date Aug 7, 2023

Vaginismus https://www.nhs.uk/conditions/vaginismus/ Accessed date Aug 7, 2023

How do the female sex organs work? https://www.ncbi.nlm.nih.gov/books/NBK525781/ Accessed date Aug 7, 2023

Erection https://my.clevelandclinic.org/health/articles/10036-erection Accessed date Aug 7, 2023

When Sex Is Painful https://www.acog.org/womens-health/faqs/when-sex-is-painful Accessed date Aug 7, 2023

ယခုပုံစံ

07/08/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လူကြားထဲရောက်မှ ရုတ်တရက် လိင်တံထောင်မတ် လာတာကို ဘယ်လိုဖြေရှင်းမလဲ

ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား ညှပ်မိသွားတဲ့အခါ ဘာလုပ်သင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement