backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အမျိုးသမီးများ အိပ်နေစဉ် ပြီးမြောက်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အမျိုးသမီးများ အိပ်နေစဉ် ပြီးမြောက်ခြင်း

အမျိုးသားတွေမှာ အိပ်ရာက နိုးလာရင် လိင်တံထောင်မတ်နေတာ၊ သုက်လွှတ်ထားတာကို ကြုံဖူးမှာပါ။ ဒီလိုကိစ္စက အမျိုးသမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ အမျိုးသမီးများ အိပ်နေစဉ် ပြီးမြောက်ခြင်း ကို အမျိုးသားတွေလိုပဲ Wet dreams လို့ ခေါ်ပါတယ်။ သူတို့မှာတော့ အမျိုးသားတွေလို မသိသာပေမယ့် မိန်းမကိုယ်က စိုနေတာကို သတိထားမိတတ်ပါတယ်။

ဘယ်လိုအမျိုးသမီးတွေမှာ ဖြစ်တတ်လဲ

ပျိုဖော်ဝင်စနဲ့ လူလတ်ပိုင်း အမျိုးသမီးတွေမှာ ပိုဖြစ်တာကို ပိုတွေ့ရပါတယ်။ ဒီအရွယ်မှာ ဟော်မုန်းအပြောင်းအလဲတွေ များတာကြောင့်လည်း ပါပါတယ်။ အသက် ၄၀ကျော်လာရင်တော့ ဟော်မုန်းပမာဏ ငြိမ်လာတာကြောင့် သိပ်မဖြစ်တတ်တော့ပါဘူး။

ဒါက ဘယ်အမျိုးသမီးမှာမဆို ဖြစ်နိုင်ပါတယ်။ လိင်စိတ်လွန်ကဲတဲ့ အမျိုးသမီးမို့လို့ ဖြစ်တယ်လို့ ပြောလို့မရပါဘူး။ သာမန်ကျန်းမာတဲ့ အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။

ဘာကြောင့် အမျိုးသမီးများ အိပ်နေစဉ် ပြီးမြောက်ခြင်း ဖြစ်ရတာလဲ

Wet dreamsတွေက REM sleepလို့ခေါ်တဲ့ အိပ်ချိန်စက်ဝန်းမှာ ဖြစ်တာ များပါတယ်။ အဲ့အချိန်မှာ အသက်ရှူနှုန်းတွေ၊ နှလုံးခုန်နှုန်းတွေ မြန်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သွေးလည်ပတ်မှုကလည်း ကောင်းနေပါတယ်။

မိန်းမကိုယ်နဲ့ မျိုးပွားအင်္ဂါတွေအထိပါ သွေးလည်ပတ်မှု ကောင်းနေတဲ့အတွက် အမျိုးသမီးအင်္ဂါကို လှုံ့ဆော်သလို ဖြစ်နေပါတယ်။ ဒါကြောင့် ပြီးမြောက်သွားတာပါ။

တချို့အမျိုးသမီးတွေက ပြီးမြောက်သွားချိန်မှာ နိုးလာတတ်ပေမယ့် အများစုက မသိကြပါဘူး။ အိပ်ရာက နိုးလာလို့ မိန်းမကိုယ် စိုနေမှပဲ သိကြတာ ဖြစ်ပါတယ်။

လိင်ဆက်ဆံတဲ့ အိပ်မက်တွေ မက်လို့ ဒီလိုဖြစ်တာလား

Wet dreamsလို့ ခေါ်ကြတာကြောင့် တချို့တွေကလည်း လိင်ဆက်ဆံတဲ့ အိပ်မက်မက်လို့ ဒီလိုဖြစ်တာလားလို့ မေးကြပါတယ်။ နာမည်ကသာ wet dreamsလို့ ခေါ်ပေမယ့် အိပ်နေတုန်း ပြီးမြောက်တိုင်း လိင်ဆက်ဆံတဲ့ အိပ်မက်တွေကြောင့်လို့ ပြောလို့မရပါဘူး။

ဘာမှမမက်ဘဲ wet dreams ရတဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုပဲ လိင်ဆက်ဆံတဲ့ အိပ်မက်မက်ပြီး အပြင်မှာ တကယ် မပြီးမြောက်တာမျိုးလည်း ရှိပါတယ်။

တချို့လေ့လာချက်တွေမှာတော့ မအိပ်ခင်မှာ လိင်ပိုင်းဆိုင်ရာ နှိုးဆွမှုရှိတာ ဥပမာ အိပ်ခါနီး အပြာကားကြည့်တာ၊ တစ်ကိုယ်ရည် အာသာဖြေတာ စတာတွေလုပ်ထားရင် အိပ်နေစဉ် ပြီးမြောက်ခြင်း ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

 အမျိုးသမီးများ အိပ်နေစဉ် ပြီးမြောက်ခြင်း က ရောဂါတစ်ခုလား

များသောအားဖြင့်တော့ မဟုတ်ပါဘူး။ ကျန်းမာတဲ့ အမျိုးသမီးတွေမှာလည်း အိပ်နေစဉ် ပြီးမြောက်ခြင်း က ဖြစ်တတ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဖြစ်တဲ့အတွက် ထူးထွေပြီး စိတ်ပူစရာတော့ မလိုပါဘူး။ လိင်စိတ်လွန်ကဲလို့ ဖြစ်တယ်ဆိုပြီးလည်း ကိုယ့်ကိုယ်ကို အပြစ်တင်စရာ မလိုပါဘူး။

ဒါက ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။

အိပ်နေစဉ် ပြီးမြောက်ခြင်း ကို ကုသဖို့ လိုသလား

များသောအားဖြင့်တော့ မလိုပါ။ ရံဖန်ရံခါ wet dreams ရတာက ပြဿနာလည်း မဟုတ်ပါ။

ဒါပေမဲ့ နေ့တိုင်းနီးပါးရနေတယ်။ ဒီကိစ္စကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ရောဂါတစ်ခုခု ဖြစ်မှာ စိုးရိမ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ဆွေးနွေးကြည့်ပါ။

ဟော်မုန်းအပြောင်းအလဲနဲ့ ပတ်သက်နေတာကြောင့် ဟော်မုန်းမမျှတတဲ့ ပြဿနာတစ်ခုခု ရှိမရှိဆိုတာ စစ်ဆေးဖို့ လိုနိုင်ပါတယ်။

Wet dreams တွေ မဖြစ်အောင် ကာကွယ်လို့ ရမလား

များသောအားဖြင့်တော့ မရပါ။ တချို့တွေက အိပ်မက်မက်ပုံတွေကို ပြောင်းလဲပြီး ထိန်းချုပ်ဖို့ ကြိုးစားကြပေမဲ့ ဒီလောက်ကြီး အလုပ်ဖြစ်လှတယ်ရယ်လည်း မဟုတ်ပါဘူး။ ဒါကြောင့် အတင်းထိန်းချုပ်ဖို့ မကြိုးစားပါနဲ့။

အနှစ်ချုပ်

အမျိုးသားတွေလိုပဲ အမျိုးသမီးတွေလည်း အိပ်နေစဉ် ပြီးမြောက်တတ်ပါတယ်။ ဒါက သဘာဝပဲ ဖြစ်ပြီး များသောအားဖြင့် စိုးရိမ်စရာ မလိုပါဘူး။ ခဏခဏ ဖြစ်နေရင်၊ ဒီကိစ္စကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရရင်တော့ ဆရာဝန်နဲ့ ပြသဆွေးနွေးကြည့်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement