backup og meta

လိင်ဆက်ဆံရင်း သေနိုင်တဲ့ အကြောင်းခြင်းရာ (၇)ချက်

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


05/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံရင်း သေနိုင်တဲ့ အကြောင်းခြင်းရာ (၇)ချက်

    လိင်ဆက်ဆံရင် သေနိုင်တယ်လားဆိုပြီး တွန့်မသွားပါနဲ့ဦး။ ခုပြောမှာက ဖြစ်တတ်တဲ့ အကြောင်းတရားတွေပါ။ အတူနေတဲ့အခါ ဒီအချက်တွေကို ဆင်ခြင်လိုက်ရင် လိင်ဆက်ဆံရင်း သေနိုင်တဲ့ အထိ ဖြစ်တော့မှာ မဟုတ်ပါဘူး။

    လိင်ဆက်ဆံရင်း သေနိုင်တဲ့ အကြောင်းခြင်းရာ (၇)ချက်

    ခုပြောမယ့် အကြောင်းရင်းတွေက လိင်ဆက်ဆံရင်း ကူးစက်ခံရတဲ့ HIVလို၊ အသည်းရောင်အသားဝါ ဘီပိုးတွေလို ဖြည်းဖြည်းချင်း သေဆုံးနိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ပါဘူး။ လိင်ဆက်ဆံရင်း တန်းလန်းနဲ့ကို ကုတင်ပေါ်မှာတင် သေဆုံးနိုင်တဲ့ အခြေအနေတွေပါ။

    ဒါဆို စကြည့်လိုက်ရအောင်။

    (၁) ရုတ်တရက် နှလုံးရပ်တာ

    ရှားပါးပေမယ့် ဖြစ်တတ်ပါတယ်။ UKမှာလုပ်တဲ့ လေ့လာချက်မှာဆိုရင် ငယ်ရွယ်တဲ့ ဆက်ဆံသူတွေနဲ့ အမျိုးသမီးတွေမှာပါ ဖြစ်နေတာကို တွေ့ရပါတယ်။ အဲ့စာတမ်းအရဆိုရင် အဖြစ်အများဆုံးအကြောင်းရင်းက sudden arrhythmic death syndromeလို့ ခေါ်တဲ့ နှလုံးခုန်မမှန်တဲ့ ရောဂါကြောင့်လို့ ဆိုပါတယ်။ ဒီရောဂါရှိတဲ့ လူနာတွေမှာက နှလုံးက အကောင်းအတိုင်းပဲ ရှိနေပြီး နှလုံးစည်းချက်မမှန်ရုံပဲ ဖြစ်ပါတယ်။

    သူ့နောက်မှာတော့ သွေးလွှတ်ကြောမကြီးပြဲတဲ့ ရောဂါရှိနေပြီး အဲ့ဒီနောက်မှာတော့ တခြားနှလုံးရောဂါတွေ ရှိနေပါတယ်။

    အသက်ကြီးရင်၊ နှလုံးရောဂါရှိရင် လိင်ဆက်ဆံတဲ့အခါ သတိထားရမယ်ဆိုတာကို လူတိုင်းသိကြပေမယ့် ခုဆိုရင် လူငယ်တွေမှာပါ သတိထားဖို့ လိုလာပါပြီ။ အထူးသဖြင့် ကိုယ့်မှာ ဒါမှမဟုတ် ကိုယ့်အဖော်မှာ နှလုံးရောဂါအခံရှိရင် အတူနေဖို့ သင့်မသင့်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒါက ဖြစ်ခဲပေမယ့် သတိထားတာ ကောင်းပါတယ်။

    (၂) Sexual asphyxiation

    ဒါကို erotic asphyxiationလို့လည်း ခေါ်ပြီး ထူးခြားတဲ့ လိင်ဆက်ဆံပုံတစ်မျိုးပါ။ ကိုယ့်အဖော် အသက်ရှူကျပ်နေတာကို ကြည့်ပြီး လိင်စိတ်သာယာမှုကို ခံစားကြတာ ဖြစ်ပါတယ်။ တချို့ကလည်း ကိုယ်ကိုယ်တိုင် အသက်ရှူကျပ်အောင်လုပ်ပြီး လိင်စိတ်သာယာမှုကို ခံစားကြတာပါ။

    အသက်ရှူကျပ်‌အောင်  လုပ်တာ ဖြစ်တဲ့အတွက် အခန့်မသင့်ရင် နေရာမှာတင် အသက်ရှူမရဘဲ သေဆုံးသွားနိုင်ပါတယ်။ တကယ်လို့ ကိုယ်နဲ့ ကိုယ့်အဖော်က ဒီလိုဆက်ဆံပုံကို ကြိုက်နှစ်သက်တယ်ဆိုရင် အစွန်းရောက်မသွားအောင်၊ အသက်အန္တရာယ်မဖြစ်အောင် သတိထားဖို့ လိုပါတယ်။ တစ်ဖက်ဖက်က အသက်ရှူကျပ်လာပြီ၊ မခံနိုင်တော့ဘူးလို့ အချက်ပြလိုက်တာနဲ့ ချက်ချင်းရပ်လိုက်ဖို့ လိုပါတယ်။

    (၃) ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုကို သာယာခြင်း (BDSM)

    ဒါကိုလည်း တော်တော်များများသိကြမှာပါ။ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံတာကို ပြုလုပ်ရတာ ဒါမှမဟုတ် ခံရတာကို နှစ်သက်ကြသူများပဲ ဖြစ်ပါတယ်။

    သူတို့တွေမှာ အချင်းချင်းရိုက်နှက်တာ၊ နည်းလမ်းတစ်ခုခုနဲ့ နာကျင်စေတာ၊ ဖယောင်းစက်ချတာ စသဖြင့် ကိုယ့်ဆန္ဒကို သာယာစေမယ့် နည်းလမ်းတွေကို အသုံးပြုကြတာ ဖြစ်ပါတယ်။

    ဒီနေရာမှာလည်း Sexual asphyxiation နည်းတူ အလွန်အကျွံဖြစ်သွားခဲ့ရင် အသက်အန္တရာယ်ရှိပါတယ်။ အချင်းချင်းကြားမှာ ကိုယ်ခံနိုင်တဲ့ပမာဏကို ကျော်လွန်လာပြီ၊ အန္တရာယ်ရှိလာပြီဆိုတာနဲ့ ရပ်တန့်ဖို့ ကြိုတင်သဘောတူညီချက် ယူထားသင့်ပါတယ်။

    (၄) လိင်တံထောင်မတ်ဆေးများ

    Sildenafil လို့ခေါ်တဲ့ ဗိုင်ရာဂယာကို အလွန်အကျွံသောက်သုံးတဲ့သူတွေမှာ တွေ့ရပါတယ်။ လိင်တံမထောင်မတ်တဲ့ ပြဿနာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး ပမာဏကို တွက်ချက်ပြီးသောက်ရင် ပြဿနာမဟုတ်ပေမယ့် ကိုယ့်သဘောနဲ့ကိုယ် ဝယ်သောက်ကြတဲ့အခါ အန္တရာယ်များပါတယ်။

    ဒီဆေးက ပမာဏများသွားရင် သွေးပေါင်ကျသွားတတ်သလို နှလုံးရောဂါအခံရှိသူတွေ သောက်မိရင် နှလုံးထိခိုက်ပြီး အသက်အန္တရာယ်ဖြစ်နိုင်ခြေ ရှိတာကို သတိထားသင့်ပါတယ်။

    ဒါကြောင့်  လိင်တံထောင်မတ်စေတဲ့ ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်ဖို့၊ ညွှန်ထားတာထက် ပိုမသောက်ဖို့ လိုပါတယ်။

    (၅) မူးယစ်ဆေး လွန်ကဲခြင်း

    လိင်ဆက်ဆံတဲ့အခါ တချို့က မူးယစ်ဆေးသုံးပြီး ဆက်ဆံတတ်ကြတဲ့ အလေ့အထ ရှိပါတယ်။ ဒါကို Chemsex လို့ခေါ်ပြီး လိင်တူဆက်ဆံတဲ့ အမျိုးသားတွေကြားထဲမှာပိုပြီး အတွေ့ရများပါတယ်။

    လိင်ဆက်ဆံမှု ပိုမိုလွတ်လပ်အောင်၊ ခံစားမှုပိုမိုကောင်းမွန်အောင် Methamphetamine, GHB စတာတွေကို သုံးကြတာ ဖြစ်ပါတယ်။ လိင်ခံစားချက်ပိုမိုကောင်းချင်တဲ့ ရည်ရွယ်ချက်နဲ့ သုံးကြတာ ဖြစ်ပေမယ့် တစ်ဖက်မှာလည်း ဆေးလွန်ပြီး (Overdose) အသက်အန္တရာယ်ဖြစ်သွားနိုင်ပါတယ်။

    (၆) လိင်ဆက်ဆံရင်း ထိခိုက်ဒဏ်ရာရခြင်း

    မိန်းမကိုယ်၊ စအိုထဲကို ခပ်ကြမ်းကြမ်း ဆက်ဆံတာ၊ sex toysတွေနဲ့ ဆက်ဆံရာကနေ မိန်းမကိုယ်၊ စအိုတွေ ကွဲထွက်တာပါ။ ဒဏ်ရာကြီးရင် သွေးထွက်လွန်ပြီး အန္တရာယ်ဖြစ်နိုင်ပါတယ်။

    (၇) Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်ခြင်း

    ဒါကတော့ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေပါ။ Latex ကွန်ဒုံးနဲ့ဖြစ်ဖြစ်၊ သုက်ပိုးသတ်ဆေးနဲ့ ဖြစ်ဖြစ် ဓာတ်မတည့်တဲ့အခါ တချို့သူတွေမှာ ယားယံတာ၊ အင်ပြင်ထွက်တာလောက်ပဲ ဖြစ်ပေမယ့် တချို့တွေမှာတော့ ရုတ်တရက် အသက်ရှူကျပ်ပြီး သွေးပေါင်ကျတာတွေ ဖြစ်တတ်ပါတယ်။ ဒါက အချိန်မီကုသမှု မခံယူရင် Shockဖြစ်ပြီး ဆုံးနိုင်ပါတယ်။ ဆေးဓာတ်မတည့်တာ၊ မြေပဲဓာတ်မတည့်တာနဲ့ အလားတူပါတယ်။

    ဒီလိုဆို ကွန်ဒုံးမသုံးရဘူးလား။ မဟုတ်ပါဘူး။ Latex  free ကွန်ဒုံးတွေ သုံးလို့ရပါတယ်။

    အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှုဖြစ်စေဖို့

    လိင်ဆက်ဆံတဲ့အခါ နှစ်ဦးနှစ်ဖက် သာယာစိတ်ဖြစ်ဖို့ အဓိကဆိုပေမယ့် တစ်ဖက်မှာလည်း ကိုယ်နဲ့ ကိုယ့်အဖော်ရဲ့ အသက်အန္တရာယ်ကို မထိခိုက်စေဖို့ လိုပါတယ်။ ဒီအချက်တွေကို သတိပြုလိုက်မယ်ဆိုရင် ပိုပြီး ပျော်ရွှင်စရာကောင်းပြီး အန္တရာယ်ကင်းတဲ့ လိင်မှုဘဝကို ရရှိမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    05/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement