backup og meta

ကွန်ဒုံးပေါက်မပေါက် ဘယ်လိုသိနိုင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကွန်ဒုံးပေါက်မပေါက် ဘယ်လိုသိနိုင်မလဲ

    စုံတွဲတွေ အတူနေပြီးတဲ့အချိန်တိုင်း ဖြစ်တတ်တဲ့ သံသယကတော့ ကွန်ဒုံးပေါက်သွားပြီလား မသိဘူးနော်ဆိုတာပါပဲ။ ကိုယ်ဝန်မလိုချင်သေးတဲ့ အတွဲတွေဆို ပိုဆိုးပါတယ်။ မလိုချင်လို့ ကွန်ဒုံးသုံးကာမှ ကွန်ဒုံးပေါက်သွားလို့ ကိုယ်ဝန်ရသွားခဲ့ရင်ဆိုတဲ့ စိတ်ကြီးက ဖိစီးနေမှာပါ။ ဒီတော့ ကွန်ဒုံးပေါက်မပေါက် ဘယ်လိုသိနိုင်မလဲ။ စမ်းကြည့်လို့ရော ရမလားဆိုတာကို ပြောပြပေးပါမယ်။

    ကွန်ဒုံးပေါက်နိုင်ခြေများတဲ့ အခြေအနေတွေက ဘာတွေလဲ

    ကွန်ဒုံးက မသုံးရသေးခင်မှာလည်း ပေါက်နိုင်သလို သုံးပြီးချိန်မှာလည်း ‌ပေါက်နိုင်ပါတယ်။ မသုံးရသေးခင်မှာ ပေါက်နိုင်တဲ့ အခြေအနေတွေကတော့

    • ရက်လွန်နေတဲ့ ကွန်ဒုံးကို သုံးတာ
    • ကွန်ဒုံးကို ပိုက်ဆံအိတ်လိုမျိုး ပြဲလွယ်တဲ့ နေရာတွေမှာ သိမ်းဆည်းတာ
    • နေရောင်တိုက်ရိုက်ကျတဲ့နေရာတွေ၊ ပူလွန်းတဲ့နေရာတွေမှာ သိမ်းဆည်းတာ
    • ကွန်ဒုံးကို ပါးစပ်နဲ့ ကိုက်ဖောက်တာ၊ ကပ်ကြေးနဲ့ ကိုက်ဖောက်တာတွေကြောင့် မသုံးရသေးခင်မှာ ပေါက်နေတတ်ပါတယ်။

    သုံးပြီးချိန်မှာ ပေါက်တာတွေကတော့ ကိုယ်သုံးတဲ့ ပုံစံ မမှန်လို့ပါ။ ဥပမာ

    • ကွန်ဒုံးကို ပြောင်းပြန်စွပ်တာ
    • နှစ်ထပ်စွပ်တာ
    • သုံးပြီးသားကို ပြန်စွပ်တာ
    • အဆီပါတဲ့ ချောဆီတွေ၊ Vaseline၊ အုန်းဆီ၊ ခေါင်းလိမ်းဆီ၊ လိုးရှင်း စသဖြင့် တခြားအဆီတွေ ကို သုံးတာ (ဒါတွေက ကွန်ဒုံးမှာ ပေါက်ရာသေးသေးလေးတွေ ဖြစ်တတ်ပါတယ်။
    • ကွန်ဒုံးထိပ်က လေကို မလျှော့မိတာ
    • ကိုယ်နဲ့ မတော်တဲ့ ဆိုဒ်ကို သုံးမိတာ စတာတွေကြောင့် ပေါက်တတ်ပါတယ်။

    ကွန်ဒုံးပေါက် သွားမှန်း ဘယ်လိုသိနိုင်မလဲ

    ကွန်ဒုံးပေါက်သွားမှန်းကို အရင်သိတာကတော့ ကွန်ဒုံးစွပ်ထားတဲ့သူပါ။ ကိုယ့်ရဲ့ ပါတနာကတော့ သိချင်မှ သိမှာပါ။ ကွန်ဒုံးပေါက်သွားတဲ့အခါ တစ်ခုခု ပြဲသွား ဒါမှမဟုတ် ပေါက်သွားတဲ့ ခံစားချက်မျိုး ရတတ်ပါတယ်။ ဒါမှမဟုတ် သုံးနေရင်းနဲ့ တစ်ခုခု ခံစားချက်ပြောင်းသွားတာကို သတိထားမိနိုင်ပါတယ်။

    တကယ်လို့ ဘယ်လိုခံစားချက်လဲမသိဘူးဆိုရင် ကွန်ဒုံးစွပ်ပြီး အာသာဖြေကြည့်ပါ။ ပြီးရင် ကွန်ဒုံးကို ဖောက် ဒါမှမဟုတ် ဖြဲပြီး ဆက်လုပ်ကြည့်ပါ။ ခံစားချက်ကွာတာကို သတိထားမိမှာပါ။

    ကွန်ဒုံးပေါက်မပေါက် ကြိုစစ်သင့်သလား

    ဒါဆိုရင် ကွန်ဒုံးပေါက်မပေါက် ကြိုစစ်သင့်သလား။ အတူမနေခင်ဖြစ်ဖြစ်၊ အတူနေပြီးချိန်ဖြစ်ဖြစ်ပေါ့။

    လက်တွေ့မှာတော့ နှစ်ခုလုံးကို လုပ်လေ့မရှိပါဘူး။ လုပ်လည်း မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတာ ပြောပြပါ့မယ်။

    အတူမနေခင်မှာ တချို့က ကွန်ဒုံးကို ရေထည့်ကြည့်တာ၊ လေနဲ့မှုတ်သွင်းကြည့်တာတွေ လုပ်တတ်ပါတယ်။ အဲ့လိုလုပ်တာက သူ့ဟာသူ ကောင်းနေတဲ့ ကွန်ဒုံးကို ပျက်စီးစေ၊ ပေါက်ပြဲစေပါလိမ့်မယ်။ အပေါက်အပြဲလေး သေးသေးလေး ဖြစ်သွားရင်တောင် ဒီကွန်ဒုံးက သုံးဖို့ မသင့်တော့ဘူးလေ။

    နောက်တစ်ခုက အတူနေပြီးချိန်မှာ စစ်တာ။ ဒါကလည်း အလားတူပါပဲ။ သုံးပြီးသား ကွန်ဒုံးကို လေနဲ့ မှုတ်ကြည့်တာက အခန့်မသင့်ရင် ကူးစက်ရောဂါတွေ ရနိုင်ပါတယ်။

    ရေနဲ့လည်း ထည့်ပြီး မစမ်းပါနဲ့။ ခုနကပြောသလို ပေါက်နိုင်တာကြောင့် ရေကြောင့် ပေါက်တာလား။ နဂိုတည်းက ပေါက်နေတာလားဆိုတာ ခွဲရခက်ပါတယ်။ တကယ်သာ ပေါက်တယ်ဆိုရင် မိန်းမကိုယ် သို့ စအိုထဲကနေ ကွန်ဒုံးကို ထုတ်လိုက်တည်းက သုက်ရည်တွေ ထွက်နေတာကို တွေ့ရမှာပါ။

    ကွန်ဒုံးတွေက ပေါက်နိုင်ခြေရှိတယ်လည်း ပြောသေး၊ ကွန်ဒုံး ပေါက်မပေါက် ကြိုမစစ်ရဘူးလည်းပြောသေးဆိုတော့ နည်းနည်းတော့ ကသိကအောက် ဖြစ်မှာပါ။ တကယ်တော့ ကွန်ဒုံး‌တွေက စျေးကွက်ထဲကို မရောက်ခင်မှာတည်းက အကြိမ်ကြိမ်အခါခါ စစ်ထားပြီးသားပါ။ ကိုယ့်ရဲ့ သုံးပုံသုံးနည်း၊ သိမ်းပုံသိမ်းနည်းသာ မှန်ရင် ပေါက်နိုင်ခြေ အင်မတန် နည်းပါတယ်။

    ကွန်ဒုံးမပေါက်‌အောင် ဘယ်လိုသုံးသင့်သလဲ

    ကွန်ဒုံးပေါက်တာက မတော်တဆ ဆိုတာထက် ကိုယ်အသုံးပြုတဲ့ပုံနဲ့လည်း ဆိုင်ပါတယ်။ ကွန်ဒုံးမပေါက်စေဖို့

  • မသုံးခင်မှာ ရက်လွန်နေလား စစ်ဆေးပါ။
  • ကွန်ဒုံးကို ပါးစပ်နဲ့ကိုက်ဖောက်တာ၊ ကပ်ကြေးနဲ့ ညှပ်တာတွေ မလုပ်ပါနဲ့။ ဘေးနားက အချွန်လေးတွေကနေပဲ ဖောက်ပါ။
  • ကွန်ဒုံးကို ပူလွန်း၊ အေးလွန်း၊ နေရောင်တိုက်ရိုက်ကျတဲ့နေရာတွေမှာ မသိမ်းဆည်းရပါ။
  • ကွန်ဒုံးသုံးတဲ့အခါမှာလည်း

    • ကိုယ်နဲ့ တော်တဲ့ဆိုဒ်ကို ဝယ်ပါ။
    • နှစ်ထပ်မစွပ်ပါနဲ့။ ပြောင်းပြန်မစွပ်ပါနဲ့။
    • ရေကို အခြေခံတဲ့ ချောဆီပဲ သုံးပါ။

    ဒါဆို ကွန်ဒုံးပေါက်နိုင်ခြေ နည်းသွားပါပြီ။

    မတော်တဆ ပေါက်သွားခဲ့ရင်

    တကယ်လို့များ အကြောင်းအမျိုးမျိုးကြောင့် ကွန်ဒုံးပေါက်သွားခဲ့ရင်လည်း မလန့်ပါနဲ့။ အရင်ဆုံး ပေါက်နေတဲ့ ကွန်ဒုံးကိုဖယ်ပြီး အသစ်သုံးပါ။ လိင်မှုကိစ္စပြီးသွားပြီဆိုရင်တော့ ကိုယ်ဝန်တားဖို့နဲ့ လိင်ကတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်ဖို့ လုပ်ရတော့မှာပါ။

    • ကိုယ်ဝန်တားဖို့

    ကိုယ်နေတဲ့ ရက်က သားဥကြွေတဲ့ ရက်နဲ့ဝေးတယ်။ ကိုယ်ဝန်မရနိုင်တဲ့ရက်ဖြစ်မယ်ဆိုရင်တော့ အရေးပေါ်တားဆေး သောက်စရာမလိုပါဘူး။ တကယ်လို့ ကိုယ်က ရာသီမမှန်ဘူး၊ သားဥကြွေတဲ့ရက်နား နီးနေရင်တော့ သောက်ဖို့ လိုပါတယ်။

    အတူနေပြီး ၇၂နာရီကနေ ၅ရက်အထိ သောက်လို့ရပါတယ်။ စောစောသောက်လေ အာနိသင်ကောင်းလေလေပါ။

    • ကူးစက်ရောဂါများအတွက်

    HIVအပါအဝင် လိင်မှတဆင့် ကူးစက်ရောဂါများအတွက်ကတော့ နီးစပ်ရာ ဆေးခန်း ဒါမှမဟုတ် HIVဆေးခန်းတွေမှာ ပြသပြီး ဆေးစစ်ဖို့ တိုင်ပင်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို HIVကူးသွားပြီလို့ သံသယရှိတယ်ဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းမှာ သွားရောက်တိုင်ပင်ပါ။ လိုအပ်ရင် Post exposure prophylaxisအတွက် ဆေးသောက်ရပါလိမ့်မယ်။

    ကွန်ဒုံးတွေက ပေါက်ခဲပါတယ်။ ကိုယ့်ရဲ့ အသုံးပြုပုံနဲ့ သိမ်းဆည်းပုံ မမှန်တာတွေကြောင့် ပေါက်တာ များပါတယ်။ တကယ်လို့ မတော်တဆပေါက်သွားခဲ့ရင်လည်း မလန့်ပါနဲ့။ တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ်လုပ်စရာရှိတာတွေကို ဆက်လုပ်သွားရင် ကိုယ်ဝန်နဲ့ ကူးစက်ရောဂါတွေကို တားဆီးနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement